အင်တာဗျူး

ညိုကို – မွန်းကျပ်နေတဲ့ ရန်ကုန်

မြန်မာနိုင်ငံ ဗိသုကာအသင်းက အလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်လှစုမြတ်

ညိုကို – မွန်းကျပ်နေတဲ့ ရန်ကုန်
ပြည်သူ့အရေးဂျာနယ်၊အတွဲ – ၁၊ အမှတ် – ၃၇ ဆရာညိုကိုဆောင်းပါး
(မိုးမခ) ဇွန် ၁၁၊ ၂၀၁၅

စင်ကာပူမှာ လုပ်တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ ၇ ဇွန် ၂၀၁၅ နေ့ ဖိလစ်ပိုင်နဲ့ မြန်မာနဲ့ ကစားရတဲ့ ဘောလုံးပွဲမှာ မြန်မာက ငါးဂိုး တစ်ဂိုးနဲ့ အနိုင်ရလိုက်တော့ မြန်မာက တစ်ဂိုးသွင်းလိုက်တော့ ဟေးခနဲ ဂိုးခနဲ အသံတွေဟာ ရန်ကုန်တစ်မြို့လုံး ခြိမ်းခြိမ်းညံသွားပါတယ်။ ဒါနဲ့ အိမ်ပြင်ထွက်ပြီး မြို့ထဲက သူငယ်ချင်းအိမ် သွားပြီး ဘောလုံးပွဲ မီသလောက် ကြည့်ရင်း စကားစမြည်ပြောဖို့ ထွက်လိုက်တယ်။ ပွဲက စတာ မကြာသေးဘူး ဆိုတော့ မြေနီကုန်းကနေ မြို့ထဲ ၃၄ လမ်းဆို နာရီဝက် လောက်ဆိုရောက်၊ ပထမပိုင်းအပြီး နားချိန်နဲ့ အတော်ပဲ ဖြစ်မယ်။ ဒုတိယပိုင်းတော့ ကြည့်ရမယ်ဆိုပြီး ထွက်လာလိုက်တာ ပွဲလုံးလုံးပြီးတော့မှပဲ ရောက်တော့တယ်။ မြေနီကုန်းကနေ မြို့လယ်ကောင်ကို အငှားကားစီးပြီးလာတာ တစ်နာရီခွဲနီးပါး ကြာပါတယ်။ ရန်ကုန်မြို့ထဲ ဟိုဟိုဒီဒီ သွားလာဖို့ဟာ မစဉ်းစားရဲလောက်အောင် ဖြစ်နေပါပြီ။ ကားကျပ်တယ်ဆိုတာ ထင်တာထက်၊ ပြောနေကြတာထက် အများကြီး ပိုစိတ်ပျက်ဖို့ ကောင်းတယ်လို့ ဆိုရပါမယ်။

ဒါနဲ့ပဲ “ရန်ကုန်ကို ကယ်တင်ကြစို့” နောက်တစ်ခါ “ရွှေတိဂုံစေတီတော် အဓွန့်ရှည် တည်တံ့ရေး” စတဲ့ ဆွေးနွေးပွဲတွေ ခေါင်းဆောင် ကျင်းပတဲ့ မြန်မာနိုင်ငံ ဗိသုကာအသင်းက အလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်လှစုမြတ်ကို ဆက်သွယ်ပြီး စကားပြောဆို မေးမြန်း ကြည့်မိတာလေး တင်ပြချင်ပါတယ်။

မေး – မြန်မာနိုင်ငံ ဗိသုကာ အသင်းကSave Yangon နဲ့ Save Shwedagon ဖိုရမ် နှစ်ခုလုပ်တယ်၊ အဲဒီမှာ ဒုတိယဥက္ကဋ္ဌကနေပြီး သမ္မတဆီကို စာတစ်စောင် ပို့တယ်၊ နောက်တစ်ခါ ဥက္ကဋ္ဌကနေပြီးတော့ သမ္မတဆီကို အကြံပေး စာတစ်စောင် ပို့တယ် အဲဒါနဲ့ ပတ်သက်ပြီး ဘာတွေ တုံ့ပြန်လာတာရှိလဲ။

ဖြေ – အခုထိကတော့ ကျွန်မတို့ဆီကို သမ္မတရုံးဘက်ကနေပဲဖြစ်ဖြစ် သက်ဆိုင်ရာ တာဝန်ရှိသူတွေကပဲဖြစ်ဖြစ် တိုက်ရိုက် ဆက်သွယ်လာခြင်းတော့ မရှိသေးပါဘူး။

မေး – အဲဒီတော့ မြန်မာနိုင်ငံ ဗိသုကာအသင်း အနေနဲ့ ဘာတွေ ရှေ့ဆက်လုပ်ဖို့ ပြင်ဆင်ထားလဲ။ အခု ရန်ကုန်မှာ အဆောက်အအုံတွေ ကျပ်ညပ်၊ ကားတွေ ကျပ်ညပ်တာတွေက ပိုပို ဆိုးလာနေတယ် မဟုတ်လား။

ဖြေ – ဟုတ်ပါတယ်၊ ရန်ကုန်မြို့ဟာ ခုလိုပဲ စနစ်တကျ Plan မလုပ်ဘဲ အဆောက်အအုံတွေ တိုးချင်သလို တိုးနေရင် ဒီလိုပဲ ပိုပြီး ဆိုးသထက် ဆိုးလာနေမှာပဲ။ Yangon မှာ ကျွန်မတို့ လက်ရှိ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေမှာ ရန်ကုန်ရဲ့ ရှေ့ရေးလို့ ပြောရရင် ဘယ်လိုမှ ပြင်လို့ မရနိုင်တဲ့ အမှားမျိုးတွေကို ဦးတည်နေတာ တွေ့ရပါတယ်။ အဲဒါတွေကို ပြည်သူတွေ သိဖို့ တာဝန်ရှိတဲ့ သူတွေ နားလည် သဘောပေါက်လာဖို့ ကြိုးစားနေတာပါ။

မေး – Save Shwedagonကရော။

ဖြေ – ဟုတ်ကဲ့ Save Shwedagon နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ ပွဲမလုပ်ခင်ကရော ပွဲလုပ်ပြီးမှာပါ ကျွန်မတို့ ဗိသုကာအသင်း ဗဟို အလုပ်အမှုဆောင်တွေရော ဗဟို ကော်မတီဝင်တွေ အကုန်လုံး ၀ိုင်းဝန်း ဆွေးနွေးကြပြီး အားလုံးရဲ့ ခံယူချက်ကတော့ ဒီ ရွှေတိဂုံစေတီကြီးနဲ့ ပတ်ဝန်းကျင်ကို ဆက်လက် ထိန်းသိမ်းဖို့ပါပဲ။ အဲဒါကို ဖိုရမ်ကြီးတစ်ခု လုပ်ပြီးတော့ အစိုးရကိုရော၊ ပြည်သူလူထုကိုရော ကျွန်မတို့ မြန်မာနိုင်ငံ ဗိသုကာအသင်း အမှုဆောင် အားလုံးရဲ့ ရပ်တည်ချက်ကို တင်ပြပြီး ဖြစ်ပါတယ်။ ကျွန်မတို့နဲ့အတူ မိတ်ဖက် ပညာရှင်တွေရဲ့ အမြင် သဘောထားနဲ့ ဘယ်လို ဖြစ်သင့်သလဲဆိုတာကို တင်ပြတာပါ။

ကျွန်မတို့ နားလည်တာက ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်နဲ့ ပတ်သက်ရင် ကျွန်မတို့ အသင်းတင် မဟုတ်ပါဘူး ပြည်သူတွေ အကုန်လုံးက ဒီနေရာကို စိမ်းလန်းတဲ့မြေ အဖြစ်ပဲ ဖြစ်စေချင်ကြတယ်လို့ ထင်ပါတယ်။ အများပြည်သူ အသုံးပြုရာနေရာ Public Space အနေနဲ့ ထားချင်တာပါပဲ။ အဲဒီမှာ ဒီရွှေတိဂုံ ပတ်ဝန်းကျင် ရေရှည် အဓွန့်ရှည်ရေး ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုပြီးတော့ တင်ပြခဲ့ပါတယ်။ အဲဒီ ရွှေတိဂုံစေတီတော်ကြီးနဲ့ သူ့ရဲ့ ပတ်ဝန်းကျင် မြေနေရာတွေဟာ အများပြည်သူသုံးတဲ့ မြေနေရာ Public Space တွေ အဖြစ်နဲ့ပဲ အသုံးချသင့်တယ် ဆိုပြီး ဆွေးနွေးပွဲမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒါအပြီးမှာ သတင်းဂျာနယ်ထဲမှာ ပါတာတွေရော ဖေ့စ်ဘွတ်ပေ့ခ်ျတွေမှာ ဖတ်ရတာရော၊ ကျွန်မတို့ဆီကို ဆက်သွယ် ပြောဆိုတာတွေ အရရောဆိုရင်တော့ ရွှေတိဂုံဘုရားကြီးအတွက် အများ ပြည်သူတွေ ဘယ်လောက် စိုးရိမ်နေတယ်၊ ဘယ်လောက် စိတ်သောက ရောက်နေတယ်ဆိုတာ အားလုံး ထင်ရှားနေပါ တယ်။ ဒါဟာ မြန်မာပြည်မှာ ရှိနေတဲ့ ပြည်သူတွေတင် မကပါဘူး။ နိုင်ငံခြားမှာနေတဲ့ မြန်မာပြည်သူတွေကအစ သူတို့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ အကြံဉဏ်တွေလည်း ၀ိုင်းပြီးတော့ ပေးရင်း ရေးရင်း ထောက်ခံရေးသားကြပါတယ်။ ဆိုတော့၊ ဒါဟာ ကျွန်မတို့ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စကြီးဆိုတာ သိသာ ထင်ရှားလာပါတယ်။

ပြောရဦးမယ်ဆိုရင် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ကလည်း ကျွန်မကို ဖိတ်တယ်။ သူတို့ စိတ်ဝင်စားတဲ့ ရွှေတိဂုံ အဓွန့်ရှည်ရေးနဲ့ ပတ်သက်ပြီးတော့ အကြံပြုချက်တွေကို သွားရောက် တင်ပြခဲ့ပါတယ်။ သူတို့ကလည်း ရွှေတိဂုံ စေတီတော်ကြီးနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတာကို အလွန် စိတ်ဝင်စား ကြပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ရွှေတိဂုံစေတီတော်နဲ့ ပတ်သက်ရင် သူတို့ဟာ အရေးကြီးဆုံး သူတွေလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတာ ဖြစ်တော့ ရွှေတိဂုံ စေတီတော် ထိန်းသိမ်းရေးကို သူတို့လည်း စိတ်ဝင်စားကြတာ မဆန်းပါဘူး။ ခုလည်း ကျွန်မတို့ ပညာရှင်တွေ တင်ပြတဲ့ ရွှေတိဂုံ စေတီတော်နဲ့ ပတ်သက်ပြီး စနစ်ကျနတဲ့ သုတေသနတွေ လေ့လာဆန်းစစ်မှုတွေ လုပ်သင့်တယ် ဆိုတာကို သဘောကျကြပါတယ်။

မေး – ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဆောက်လုပ်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ရင် အဓိကကျတဲ့ ပြသနာတွေက ဘာပါလဲ။

ဖြေ – ကျွန်မတို့ မြန်မာနိုင်ငံ ဗိသုကာ အသင်းအနေနဲ့ Save Yangon လို့ ပြောရတဲ့ အကြောင်းတွေ ကတော့ အများကြီး ရှိပါတယ်။ အဓိက ကတော့ ကျွန်မတို့ Planning Control သေချာ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်မှု မရှိဘဲနဲ့ အဆောက်အအုံတွေကို ခွင့်ပြုနေတဲ့ ကိစ္စပါ။ နောက်တစ်ခုကတော့ ကျွန်မတို့ရဲ့ Heritage နဲ့ ဆိုင်ပါတယ်။ ကျွန်မတို့ ယဉ်ကျေးမှုအရ အမြတ်တနိုးထားတဲ့ နေရာတွေ အဆောက်အအုံတွေကိုလည်း ထိန်းသိမ်းနိုင်တဲ့ Rules and Regulation တွေ မရှိဘဲနဲ့ လွယ်လင့်တကူ ခွင့်ပြုနေတာတွေ ရှိပါတယ်။ ကျွန်မ အနေနဲ့တော့ အခု ခွင့်ပြုနေတာတွေဟာ သေသေချာချာ ဆန်းစစ်တာမျိုး မလုပ်ဘဲ လွယ်လင့်တကူလို့ပဲ မြင်ပါတယ်။

Urban Planning Control မရှိဘူး ဆိုတာမှာ ဥပမာ တစ်ခုလောက် ပြောချင်ပါတယ်။ ဘာလဲဆိုတော့ အထပ်မြင့် အဆောက် အအုံတွေ အခုဆိုရင် ခွင့်ပြုနေတာတွေ ရှိတယ်။ အထပ်မြင့် အဆောက်အအုံတွေဟာ လူဦးရေ ထူထပ်သိပ်သည်းမှုကို ပိုမို ကျပ်ညပ်သထက် ကျပ်ညပ်စေတာ မဟုတ်လား။ ဒါကြောင့် လူတွေအတွက် အကျိုးသက်ရောက်မှုတွေ အများအပြား ဖြစ်စေနိုင်တယ် မဟုတ်လား။ ဆိုပါတော့၊ ဒီအဆောက်အအုံကြီးမှာ မီးလောင်ရင် ဒီမီးက အခြား ကိုလည်း အလွယ်တကူ ကူးနိုင်သလို သူ့ဘေးမှာ ကပ်လျက် အခြား အဆောက်အအုံ မီးလောင်ရင်လည်း သူ့ကို အလွယ်တကူ မီးပျံ့နိုင်ပါတယ်။ ဒါက ကျွန်မ မီးရှုထောင့် တစ်ခုတည်းနဲ့ ပြောတာပါ။

အဲဒီတော့ နိုင်ငံတကာမှာ ဒါတွေကို ဘယ်လို ခွင့်ပြုလဲဆိုတော့ အဆောက်အအုံရဲ့ ဘေးဘက် ပြတင်းတွေ ဖောက်တဲ့အပေါ် မူတည်ပြီးတော့မှ မြေ ဘယ်လောက် ချန်ရတယ် ဆိုတာကို သတ်မှတ် ကန့်သတ်တာပါ။ အမြင့်ပေါ်မှာ မူတည်ပြီးတော့မှ ဒါတွေကို ကန့်သတ် သတ်မှတ်ရတာပါ။

နောက်တစ်ခါ အသုံးပြုမယ့် အမျိုးအစားပေါ် မူတည်ပြီးတော့မှ သတ်မှတ်ရပါတယ်။ ကျွန်မတို့ဆီမှာက ဘယ်အဆောက်အအုံပဲလာလာ ပြတင်းပေါက် ဘယ်လောက်ပဲ ဖွင့်ထား ဖွင့်ထား ဘေးကနေ သုံးပေ ဆိုရင် အထပ် ၄၀ လည်း ဆောက်လို့ရတယ် ၅၀ လည်း ဆောက်လို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်တွေ ဖြစ်နေပါတယ်။ ဒါဟာ လက်ရှိ စည်ပင်သာယာ ဥပဒေမှာ အထပ်မြင့်တွေအတွက် အားနည်းချက် ဖြစ်နေတာပါ။ နောက်တစ်ခုက လက်ရှိ စည်ပင်သာယာရေး ဥပဒေတွေဟာ အထပ် ၃ ထပ် ၄ ထပ် လောက်အတွက်သာ ဆောက်ဖို့ သင့်တော်တဲ့ ဥပဒေ တွေဖြစ်ပါတယ်။ ဆိုတော့ အဲဒီဟာရဲ့ အကျိုးဆက်ကို ခံစား နေရပါတယ်။

နောက်တစ်ချက် ကျွန်မ ပြောချင်တာက ကျွန်မ တို့ ဒီမှာက မြေကျန်ကို စနစ်တကျ သတ်မှတ်ထားခြင်းမရှိ သေးဘူး။ မြေဈေးကလည်း ကြီးတဲ့အတွက်ကြောင့် ဆောက် တဲ့သူတွေက မြေကွက်မှာ တတ်နိုင်သမျှ အပြည့်အ၀ဆောက်တယ် ပြီးတော့ မြင့်နိုင်သမျှ ပိုမြင့်အောင် ဆောက်တယ်။ အဲဒီအတွက်ကြောင့် ထွက်လာတဲ့ နောက်ထပ် အကျိုးဆက်တွေ ရှိပါတယ်။ အဲဒါဟာ ဘာလဲ ဆိုတော့ အရင်တုန်းက လွယ်လွယ် စဉ်းစားမယ်ဆိုရင် ဥပမာအားဖြင့် လမ်တစ်လမ်း ပေါ်မှာ မြေကွက်တစ်ကွက် ရှိမယ်ဆိုရင် ကျွန်မတို့ အိမ် တစ်အိမ်ပဲ ရှိမယ်။ မိသားစု တစ်စုပဲ ရှိမယ်။ ကားတစ်စီးပဲ ထွက်မယ်။ အဲဒီနေရာမှာ အခု ကျွန်မတို့က အိမ်ခြေ တစ်ရာ၊ တစ်ရာ့ငါးဆယ်၊ နှစ်ရာ။ တချို့ နေရာတွေမှာဆိုရင် သုံးရာ လေးရာကနေ ထောင်ချီတဲ့အထိကို တချို့ နေရာတွေမှာ ဖြစ်လာပါပြီ။ အဲဒါမျိုးတွေ ဆိုလို့ရှိရင် ထွက်လာမယ့် ကား အစီးရေက လက်ရှိမှာတောင် အများသုံး သွားလာရေးစနစ် ဖြစ်တဲ့ ဘတ်စကားတွေ မီးရထားတွေကလည်း ပြေလည်တဲ့ အခြေအနေ မရှိ။

ဒီတော့ ဒီနေ့ ကားတွေ ကျပ်ညပ်ပြည့် သိပ်နေတာရဲ့ ဒဏ်ကို ကျွန်မတို့ အလူးအလဲ ခံနေရပါတယ်။ အဲဒီ အခြေအနေမျိုးမှာ စဉ်းစားကြည့်ပါ။ နဂိုက ကားတစ်စီး နှစ်စီးထွက်တဲ့ နေရာက အစီး ရာချီ ထွက်လာမယ်ဆိုရင် ကျွန်မတို့ ဘယ်လောက် ဆိုးရွားမလဲဆိုတာ ရှိပါတယ်။ နောက်တစ်ချက်ကကျတော့ အထပ်မြင့်တင် မဟုတ်ပါဘူး၊ အထပ်နိမ့်ကိစ္စတွေမှာပါ ကားနှစ်စီးရှောင်လို့ မရတဲ့လမ်းတွေမှာ လူဦးရေ သိပ်သည်းလွန်းလှတဲ့ မြင့်မားတဲ့ အဆောက်အအုံတွေကို ဆောက်ခွင့်ပြုနေပါတယ်။

နောက်တစ်ခါ မြေအပြည့် ဆောက်ခွင့်ပြုတဲ့ ကိစ္စက ဘာပြဿနာရှိလဲ ဆိုတော့ တစ်တိုက်နဲ့ တစ်တိုက် အတင်း ကပ်ဆောက်တယ်။ အထပ် ၂၀ ကလည်း ၃ ပေ ချန်ဆောက် တယ်၊ ၅ ပေ ချန် ဆောက်တယ် ထားပါတော့။ နောက်ဘက် ကလည်း ၃ပေ ချန်ဆောက်မယ်၊ ၅ ပေ ချန် ဆောက်မယ်ဆိုရင် ဒီအထပ် ၂၀ လောက်မြင့်တဲ့ တိုက်ကြီး ၂ တိုက်က ၁၀ ပေ လောက်ပဲ ကွာပြီးတော့လည်း ရှိနေနိုင်ပါတယ်၊ ၆ ပေအထိ တောင်ရှိနေနိုင်တယ် သဘောတရားအားဖြင့်ပေါ့။ အဲဒါဆိုရင် အခန်းထဲနေတဲ့ လူတွေအတွက် သဘာဝ အလင်းရောင်မရတာ၊ လေ၀င်လေထွက် မကောင်းတာ စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အနေအထားကို ရောက်သွားမှာပါ။ လက်ရှိမှာကို အဲဒီလို ကျန်းမာရေးနဲ့ မညီတာတွေက အများကြီး ရှိနေပြီ မဟုတ်လား။ အဲဒါကို လက်ရှိ ဥပဒေတွေကို ပြင်ဆင်မှဖြစ်မှာပါ။

မေး – ဒါတွေ အတွက် ဥပဒေတွေ ပြင်ဆင် ရေးဆွဲဖို့ ပြဋ္ဌာန်းဖို့ ဆိုတာမျိုး မလှစုတို့ အကြံပေးထားတာ မရှိဘူးလား။

ဖြေ – ကျွန်မအနေနဲ့တော့ တစ်နှစ်လောက်ရှိပါပြီ။ သူတို့ရဲ့ ဌာနဆိုင်ရာ တစ်ခုချင်းမှာလည်း သွားပြီးတော့ Seminar လေးတွေ လုပ်ပြီးတော့ သွားပြောပါတယ်။ နောက်ပြီးတော့ ဗိသုကာ အသင်းမှာလည်း ကျွန်မတို့ ပြောပါတယ်။ နောက် တစ်ခါ အသင်းအနေနဲ့ကိုပဲ Save Yangon ဆိုပြီးတော့ သမ္မတဆီအထိကို စာတင်ပြီးတော့ ပြောထားပြီး ဖြစ်ပါတယ်။

ညိုကို

(ဆက်လက်ဖော်ပြပါမည်)

၈၊ ဇွန်၊၂၀၁၅၊ ပြည်သူ့အရေးဂျာနယ်ကနေ ကူးယူဖော်ပြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts