ရသဆောင်းပါးစုံ

စုချစ် – ပျင်းလို့ ဖတ်တဲ့စာ ပျော်ဖို့ ဖတ်တဲ့စာ (သို့မဟုတ်) ဘာအတွက်များ ဖတ်မလဲ စာ…

စုချစ် – ပျင်းလို့ ဖတ်တဲ့စာ ပျော်ဖို့ ဖတ်တဲ့စာ (သို့မဟုတ်) ဘာအတွက်များ ဖတ်မလဲ စာ…
(မိုးမခ) ဇွန် ၀၉၊ ၂၀၁၅
၁)
ဗျာ… ဟုတ်ကဲ့၊ ကျွန်တော် ဒီရပ်ကွက်မှာ စာအုပ်ဆိုင်ဖွင့်နေတာ ၃ နှစ်လောက်တော့ရှိပြီ။ ဒီအနီးအနားတဝိုက်မှာတော့ ကျွန် တော့်ဆိုင်နဲ့ပါဆိုရင် စာအုပ်ငှားဆိုင် နှစ်ဆိုင်ပဲရှိတယ်။ ကျွန်တော့် စာအုပ်ဆိုင်ကတော့ တနိုင်တပိုင် အသေးစားလို့ပဲ ပြောရမယ်၊ ရှင်းရှင်းပြောရရင်တော့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲက အပျင်းပြေ အပျော်ဖတ်စာအုပ်အငှားဆိုင်ပေါ့ မကြီး ရာ…။ ဒီတော့ ထွက်တဲ့စာအုပ်တိုင်း မတင်နိုင်ဘူး၊ မြီးကောင်ပေါက်တွေ အကြိုက်များတဲ့ ဒါမှမဟုတ် တကယ်အငှားလိုက်တဲ့ စာအုပ်လောက်ပဲ တင်ဖို့တတ်နိုင်တယ်၊ ဒါမှလည်း ကျွန်တော့်အတွက် ကျန်မှာ ကိုက်မှာကိုး။
ကျွန်တော့်ဆိုင်မှာ တင်ထားတာတွေက ကလေးကာတွန်းတွေ၊ လူငယ်လူကြီးကြိုက်ကာတွန်းတွေရှိတယ်။ ပြီးတော့ မဂ္ဂဇင်း ပိုင်းမှာဆိုရင် ကွာလတီရယ် ရိုးရိုးရယ်ရှိတယ်၊ ဝတ္ထုပိုင်းမှာတော့ အချစ် ဖန်စီ မော်ဒန် ဟာသရယ် လျို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုမှာဆိုရင် ဂမ္ဘီရ သရဲ စုန်းတစ္ဆေ စုံထောက်ဆိုပြီး သူ့ပရိတ်သတ်နဲ့သူမို့ ကဏ္ဍစုံတော့ တင်ထားရတယ်။ စာရေးဆရာရွေးတာကတော့ဗျာ လူဖတ်များ အငှားများတဲ့သူပဲ ပေါ်ပင်လိုက်ပြီးတင်ရတာပေါ့။ လူဖတ်များတယ်ဆိုတာ အသစ်တင်လိုက်တာနဲ့ ၁၀ ရက် ၁၅ ရက်လောက် ဆက်တိုက်အငှားလိုက်တဲ့စာအုပ်မျိုးကိုသာ ရည်ရွယ်ပြီးပြောတာပါ၊ ၁၀ ရက်လောက်တောင် ဆက်ပြီးငှားမယ့်သူမရှိတဲ့ စာအုပ်မျိုးတော့ ဘယ်လောက်ကောင်းကောင်း ရွှေထွက်နေပါစေ ကျွန် တော်လည်း မတင်နိုင်ဘူး။
ဗျာ…Quality Magazine – ကွာလတီမဂ္ဂဇင်းဆိုတာဘာလဲ၊ ကွာလတီမဂ္ဂဇင်းဆိုတာ စာကောင်းပေမွန်တွေ ပါလို့ ခေါ်တာ လား… ဘယ်ကသာ မကြီးရာ… ပေါက်ပေါက်ရှာရှာ…. ဟောဒီမှာ မကြီး… စာအုပ်ကိုကိုင်ကြည့်… ကြွေစာရွက်နဲ့ အချော ထုတ်ထားတာမို့ ရောင်စုံရုပ်ပုံတွေနဲ့ မင်းသား မင်းသမီးတွေ ဖက်ရှက်ဒီဇိုင်းအဆန်းတွေနဲ့ စာအုပ်သား ကွာလတီကောင်းလို့ ကွာလတီလို့ ခေါ်တာပါဗျား…။ Image ၊ People နဲ့ Idea ၊ Yati စသဖြင့်ပေါ့ဗျာ… ကွာလတီမဂ္ဂဇင်းတွေ ရှိကြတယ်ပေါ့။ ဒါပေမယ့် ကျွန်တော့်ဆိုင်မှာ အဲ့ဒီကွာလတီတွေ လတိုင်းတင်နိုင်တာ မဟုတ်ဘူး၊ ကျွန်တော်ပြောမယ်နော်… ဆိုင်မှာ အငှား ရဆုံးကွာလတီတွေက Image Magazine နဲ့ People Magazine တွေပဲ၊ အဲ့ဒီ ၂ မျိုးတော့ လတိုင်းတင်တယ်၊ ငှားတဲ့ သူတွေကတော့ဗျာ… ဆယ်ကျော်သက်ကအစ လူလတ်ပိုင်းတွေအထိ ငှားကြပါတယ်။ Idea နဲ့  Yati magazine လိုမျိုးက စုံအောင်လို့သာ တင်ထားရတယ်… တကယ်တော့ ဟို၂ခုထက် လူငှားနည်းတယ်၊ ဘာလို့လဲ ဟုတ်လား၊  Idea နဲ့ Yati စာအုပ်တွေက ဆောင်းပါးနဲ့ ဝတ္ထုလိုမျိုးတွေ ပါတယ် မကြီးရ… အဲဒီလိုစာမျိုးတွေပါရင် လူဖတ်နည်းသွားရော…။ အထူးသဖြင့် ၁၉နှစ်အောက်ကလေးတွေက ဆောင်းပါးလို စာရှည်ရှည်တွေ တွေ့ရင် ပျင်းလို့တဲ့ဗျာ… မဖတ်ချင်ကြဘူး ခင်ဗျ။ ဥပမာဗျာ… အရင်ကတင်တဲ့ ရွှေအမြုတေ၊ ရုပ်ရှင်အမြုတေ၊ ရုပ်ရှင်တေးကဗျာ၊ မြင်ကွင်း မဂ္ဂဇင်းတွေဆို ကျွန်တော့်ဆိုင်မှာ တင်ကို မတင်တော့ဘူး၊ လူတွေက စာဖတ်ချင်ကြတာမှုတ်ဘူး မကြီးရ… ပုံတွေ ကြော်ငြာတွေပဲ ပိုကြည့်ချင်နေကြတာလား မသိ ပါဘူး… လူသိပ်မဖတ်ကြတော့ ဝယ်ရတဲ့ ဈေးနဲ့ မတင်နိုင်ပါဘူး မကြီးရာ။

ဈေးတွေက ဘယ်ဈေးဝယ်ရလဲ ဟုတ်လား… မကြီး၊ ဈေးကြီးတယ်ဗျာ… ဈေးကြီးတယ်… ဒီ Image Magazine တစ်အုပ်ဆို ၃၈၀၀ကျပ် ပေးရတယ်၊ ဘယ်… သူ့စာအုပ်မှာ ဈေးရေးထားတာ ၂၅၀၀ ကျပ်ပါ ဘယ်လိုဖြစ်တာလဲ ဟုတ်လား၊ ဒီလိုပဲ ပိုပေး ပြီး ဝယ်ရတာပဲ။ ဒီတော့ ကျွန်တော့မှာ လဝက်လောက် ဆက်တိုက်ငှားတဲ့သူရှိမှ အရင်းပြန်ရတာဗျ။ ဒီကြားထဲ ရက်ကျော် ငှားသွားရင် လဝက်ကျော်တာတောင် အရင်းက ပြန်မရချင်ဘူး၊ ရက်ကျော်ကျတော့ ကျွန်တော်တို့က ရက်အတိအကျဖိုး တွက်ယူလို့ မကောင်းဘူးလေ။ ပြီးတော့ ကျွန်တော့်ဆိုင်က သာမန်လက်လုပ်လက်စားနဲ့ ဝန်ထမ်းတွေ ကျောင်းသားလူငယ် တွေ အများစု ငှားဖတ်တဲ့ဆိုင်ဗျ၊ ငှားခကို တအားတင်လို့မရဘူး၊ ဥပမာဗျာ… ကျွန်တော်က ဒီစာအုပ်ကို ၃၈၀၀ ကျပ်နဲ့ဝယ် ထားတာ၊ တချို့ဆိုင်တွေက စာအုပ်အသစ်ငှားခကို စာအုပ်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းလို့ ဈေးနှုန်းထားပြီး တစ်ရက်ငှားခ ၃၈၀ ကျပ်လို့ သတ်မှတ်ကြတာဗျ။ ကျွန်တော်ကျတော့ အဲသလို လုပ်လို့ မရဘူး၊ ကွာလတီ မဂ္ဂဇင်းတွေကို ကျွန်တော် ၂၅၀ ကျပ် နဲ့ပဲ ငှားတာဗျ၊ ဒါတောင် ၂၀၀ ကျပ်ကနေဈေးတက်လိုက်တာ မကြာသေးဘူးရယ်။ ဟော… တလပြည့်သွားရင် အဲ့မဂ္ဂဇင်း တွေက အဟောင်းဈေးနဲ့ ငှားရပြန်ရော… ၂၅၀ ကျပ်ကနေ … ၁၀၀ ကျပ်၊ ပြီးတော့ ၅၀ ကျပ် အဲ့ဈေးတွေလောက်ပဲ ရတော့တယ်။ ဒါကြောင့် တအားဟော့ဖြစ်တဲ့လတွေပဲ ကွာလတီကို စုံအောင်တင်တယ်။

ကွာလတီ ကြွေစက္ကူ မဟုတ်ပဲ ရိုးရိုးစက္ကူအသားနဲ့ ကာလာမပါ မဂ္ဂဇင်းစာအုပ်တွေထဲ ကျွန်တော့်ဆိုင်မှာ အငှားရဆုံးက ဂမ္ဘီရလိုင်း မဂ္ဂဇင်းတွေပဲ။ ဂမ္ဘီရထဲမှာတော့ လပြည့်ဝန်း၊ သူရဇ္ဇ၊ နက္ခတ္တ၊ ဂမ္ဘီရ စသဖြင့် တော်တော်များများ တင်ဖြစ်တယ်။ အဲ့ထဲမယ် သူရဇ္ဇက ၂၈၀၀ကျပ် လောက်ပေးဝယ်ရတယ်၊ ကျန်တာတွေကတော့ ၂၀၀၀ကျပ် ပတ်ဝန်းကျင်လောက်ပေးရတယ်။ ငှားခကတော့ ကျွန်တော်က ၁၅၀ကျပ်ပဲ ယူတယ်။ ဂမ္ဘီရမဂ္ဂဇင်းတွေအားလုံးကို ကျွန်တော်က ဆိုင်မှာမသိမ်းဘူးခင်ဗျ၊ တစ်လပြည့်တာနဲ့ ဝယ်သိမ်းချင်တဲ့သူတွေကို တစ်ဝက်ဈေးနဲ့ ပြန်ရောင်းပလိုက်တာပဲ၊ ဆိုင်လဲ ရှင်းတယ်လေ။

မဂ္ဂဇင်းတွေထဲ ကလေးမဂ္ဂဇင်းတွေလည်း ရှိတယ် မကြီး…၊ ဒီမှာလေ..Happy Time တဲ့… ဒါ ကလေး မဂ္ဂဇင်းပေါ့၊ ဝယ်ဈေး ၂၂၀၀ကျပ် ဗျာ၊ စာအုပ်မှာ ရေးထားတာနဲ့ ဝယ်ဈေး အတူတူပါပဲ၊ ငှားခကတော့ ၁၀၀ကျပ်ပဲ ယူသဗျ။

မကြီးတို့ ခေတ်တုန်းကတော့ ဘယ်ကာတွန်းတွေ ကြိုက်ခဲ့လဲ ကျွန်တော်မသိဘူး၊ သေချာတာကတော့ မကြီးတို့ခေတ်က ကာတွန်းဆရာတွေတော့ ခုခေတ် ဈေးကွက်မှာ မရှိတော့ပါဘူး။ အခု ကလေးတွေကြား ခေတ်အစားဆုံးက ပေါ်လွင်ကျော်၏ စင်သီယာ ဆိုတာ… ဟောဒီမှာပါဗျာ။ ပြီးတော့ ဒီမှာ ကာတွန်းမင်းအောင်ရဲ့ ဘိုဘို ရယ်ရွှင်မြူး၊ တကယ့်ကာတွန်းပေါင်းစုံတို့၊ ကာတွန်းမိမန်းလေး(တောင်ငူ) ကကျတော့ မိန်းကလေး အဖတ်များတယ်ဗျ၊ သူက ကျေးလက် အချစ်ဇာတ်လမ်းလေးတွေမို့ အပျိုပေါက်လေးတွေ အဖတ်များတယ်ပေါ့ဗျာ၊ ပလုတ်တုတ်၊ ပူတူတူး၊ ပလာတူး၊ ဂျောက်ဂျက် စာအုပ်တွေကတော့ တိုက်ကျစောင့်ပြီး စုံအောင်သာ တင်ပေးထားတာ၊ သိပ်အဖတ်များတယ်ရယ်လို့လည်း မဟုတ်ဘူး။ ကာတွန်းတွေက ၇နှစ်အရွယ်လောက်ကလေးကစလို့ ၁၄-၁၅နှစ်အရွယ် အပျို လူပျိုပေါက်လေးတွေထိ ဖတ်ကြပါတယ်။ ငှားခကတော့ ၁၀၀ ကျပ်၊ ၅၀ ကျပ် ကြည့်ကျက်ပြီး ငှားရတာပေါ့ဗျာ။

အချစ် နဲ့ ဟာသ အရော ရုပ်ပြကာတွန်းထဲမှာတော့ ခုခေတ်က ဝိဇ္ဇာရှိတယ် မကြီးရာ၊ ညီသက်ပိုင်၊ သက်ပိုင်ရဲ၊ ဗျူး စသဖြင့်ပေါ့။ မကြီးတို့ခေတ်က ခေတ်စားခဲ့တဲ့ စံရွှေမြင့်တို့ ထွန်းမင်းလတ်တို့ ချစ်စမ်းမောင်တို့လို ရုပ်ပြကာတွန်း ပုံစံတွေပေါ့ဗျာ။ အဲ… မကြီး ကြိုက်တဲ့ တွတ်ပီလည်း ရှိနေတုန်းပါပဲဗျား… ကာတွန်းဆွေမင်း မရှိတော့ပေမဲ့ သူ့မိန်းမ မို့မို့ဆန်းနဲ့ သူ့တပည့်တွေက ဆက်ထုတ်ကြတာပေါ့၊ ခုနောက်ပိုင်း တွတ်ပီစာအုပ်တွေက အရင်လို တောတောင်အကြောင်း သက်သက် မဟုတ်တော့ပဲ ဇာတ်လမ်းတွေက ပိုတောင်စုံလင်လာသေးတယ်။ ကာတွန်းတွေကတော့ မကြီးရယ် စာအုပ်သစ်တွေထွက်လာတိုင်း ဝယ်တင်နိုင်တာတော့ မဟုတ်ဘူး၊ ဇာတ်လမ်းဖတ်ကြည့်တယ်၊ ဇာတ်လမ်းကောင်းတယ်၊ ဟော့ဖြစ်နိုင်တဲ့စာအုပ်မျိုးလို့ ထင်မိရင် ချက်ချင်းဝယ်တင်၊ မဟုတ်ရင်တော့ တိုက်ကျစောင့်ပေါ့၊ ဒါပဲ ရှိတယ်။

တိုက်ကျဆိုတာကတော့ဗျာ… စာအုပ်ထွက်ထွက်ချင်း မဝယ်ပဲ ခဏစောင့်လိုက်တာကို ပြောတာဗျ။ တချို့ စာအုပ်အငှား ဆိုင်ကြီးတွေက ပိုက်ဆံတတ်နိုင်တော့ စာအုပ်အသစ်ထွက်ရင် တခါတည်း ၂အုပ် ၃အုပ်လောက် သူတို့ဆိုင်မှာ တင်ဖို့ဆိုပြီး ဝယ်ကြတယ်၊ အချိန် တစ်ခုရောက်ရင် ကျွန်တော်တို့လို စောင့်နေတဲ့သူမျိုးကို တစ်ဝက်ဈေးလောက်နဲ့ ပြန်ရောင်းတယ်၊ ဒါမှမဟုတ် စာအုပ်တိုက်တွေကပဲ စာအုပ်ထွက်ပြီး နှစ်လ သုံးလလောက် ကြာရင် တစ်ဝက်ဈေးချပြီး ပြန်ရောင်းတယ်၊ ကျွန်တော်က အဲဒါမျိုးကို စောင့်ပြီးဝယ်လိုက်တယ်၊ ဥပမာ… မကြီးရယ်… ၂၀၀၀ကျပ်ပေးရမှာ ၁၀၀၀ကျပ်နဲ့ ရတယ်ပေါ့။ ဗျာ… ကိုရွှေထူး စာအုပ်တွေ မတင်ဘူးလား၊ မကြီးက ကိုရွှေထူး ကြိုက်သလား၊ ဟုတ်တာပေါ့… မကြီးရဲ့… အသက်၂၅နှစ် အရွယ်နဲ့ အထက်တွေလောက်ပဲ ကိုရွှေထူးကြိုက်ကြတာဗျ… ကလေးတွေက မကြိုက်ကြဘူး၊ ကျွန်တော့်ဆိုင်ကလည်း အသက် ၂၅နှစ် အထက် အားကိုးလို့ ရတဲ့ ဆိုင်မဟုတ်လေတော့ ကိုရွှေထူးရဲ့တချို့စာအုပ်တွေပဲ တိုက်ကျလောက် ဝယ်တင်ထားပါတယ်။ တိုက်ကျဈေးနဲ့ ဝယ်ထားတာ ဆိုတော့ဗျာ…. ၅၀ကျပ်လောက် နဲ့ ငှားလဲ အဆင်ပြေတာပေါ့။

ကာတွန်းဆရာတွေလည်း အဆင်ပြေကြပုံ မပေါ်ပါဘူးမကြီးရယ်… ဟောသမှာ… ကြည့်… ဒီကာတွန်း… မကြီးလဲ ပန်းချီ တတ်တာပဲ… ခန့်မှန်းနိုင်တာပဲ… ဆွဲပုံသားပုံ နေရာကျသားမဟုတ်လား… ဒါပေမယ့် တစ်အုပ်ဆွဲခက ဘယ်လောက်မှ ရကြတာ မဟုတ်ဘူးခင်ဗျ၊ စာအုပ်ဆိုတာ ကိုယ်တိုင် မထုတ်နိုင်ရင် သူတို့အတွက် ထုတ်ဝေသူက ဘယ်လောက်ပေးနိုင်တာလိုက်လို့ဗျာ… ကျွန်တော်က ဘာလို့ သိလဲဟုတ်လား၊ သိဆို… ဒီကာတွန်းဆရာက ရပ်ကွက်ထဲကပဲလေ… ဟိုဘက် လမ်းတင် နေတာကိုးခင်ဗျ၊ မကြီး အင်တာဗျူးချင်ရင် နောက်မှ ကျွန်တော်လိုက်ပို့ပေးမယ်။

ဒီမှာ… ထုတ်ဝေသူထဲက မကြီး စိတ်ဝင်စားမယ့် ထုတ်ဝေသူ တစ်ယောက်အကြောင်း ပြောပြလိုက်အုံးမယ်၊ မကြီးက စာအုပ်တွေ စိတ်ဝင်စားသူဆိုတော့ သတိထားမိမှာပေါ့… ဗျူးဆိုတာလေ… နေရာတိုင်းမှာ တွေ့နေရတယ် မဟုတ်လား၊ သူ့မှာ ကလောင်ခွဲတွေလို့ ခေါ်ရမလား၊ သူ့နာမည်နဲ့ ရေးတဲ့သူတွေက အများကြီးရယ်… ရုပ်ပြကာတွန်း အချစ် ဟာသ တစ္ဆေ သရဲ ဝတ္ထု စသဖြင့် နေရာတကာမှာ သူ့နာမည်တွေနဲ့ တွေ့ပါလိမ့်မယ်။ သူက ဗျူးစာပေတိုက် နာမည်ခံပြီး ထုတ်တာ လေ၊ ဘာစာပေဖြစ်ဖြစ် ရေးချင်တာရေး ဆွဲချင်တာဆွဲ သူ့နာမည်အောက်ကနေ ရေးရတယ်၊ ပထမတစ်အုပ် ဖတ်ကြည့်လို့ ကြိုက်တယ်ဆို ၅အုပ် စာချုပ် ချုပ်ပြီး သူ့နာမည်အောက်ကနေ ဆက်တိုက် ထုတ်ပေးတယ်။ ၅အုပ်ဆက်တိုက်ထုတ်လို့ အောင်မြင်ရင် ဆက်လုပ်၊ မအောင်မြင်ရင်တော့ ရပ်သွားတာပေါ့ မကြီးရာ၊ ဒီမှာတွေ့လား… ဗျူး ၏ တာရာပွကြီး ဆိုတာ …ဒါက ရုပ်ပြကာတွန်းပေါ့၊ ဒါတွေက တစ္ဆေ သရဲ၊ ဒါတွေက ဟာသ၊ ဒါတွေက အချစ်…။

ကဲ… မကြီးရေ… ဓါတ်ပုံရိုက်ချင်တာ ကြိုက်သလောက်သာ ရိုက်ယူသွား၊ အမောပြေ ရေနွေးကြမ်းလေးလည်း သောက်လိုက် ပါအုံး၊ ပြီးရင် ခုခေတ် လူငယ်တွေ အဖတ်များတဲ့ ဝတ္ထုစာအုပ်တွေ အကြောင်း မကြီး သိချင်သမျှ ဆက်ပြောကြတာပေါ့ …။
+++++

၂)
စာအုပ်ဆိုင်က မိုးတွင်းတော့ အငှားရထိုင်းတယ် မကြီးရ၊ ဒါပေမယ့် တစ်နေ့ လူ လေး ငါးဆယ်လောက်တော့ အနည်းဆုံး ငှားရတတ်ပါတယ်၊ နွေရာသီ ကလေးတွေ ကျောင်းပိတ်ချိန်ဆိုရင်တော့ ငှားအကောင်းဆုံးပေါ့ မကြီးရာ။ ဟော… ပြောရင်း ဆိုရင်း စာအုပ်အပ်မယ့်သူ လာနေပြီ၊ ကျွန်တော့်ဆိုင်လာတဲ့သူတွေ ဘယ်လိုစာမျိုးတွေ ကြိုက်တယ် ဖတ်ချင်ကြတယ်ဆိုတာ… မကြီးသိချင်တာ ရှိရင် မေးကြည့်ပါလား…။

ရှင်… ဟုတ် … အစ်မ…၊ သမီးကိုပြောတာလား… ဟုတ်… စာဖတ်ဝါသနာ ပါ ပါတယ်၊ သမီးက ဈေးရောင်းတာလေ၊ အခု မိုးတွင်းဆို ဈေးအရောင်းထိုင်းတော့ နေ့လည် နေ့ခင်းဆို ပျင်းပျင်းနဲ့ စာအုပ်ငှားဖတ်တယ်၊ အင်း… သမီး ဖတ်နေကြ စာအုပ်ကတော့ ပေါ့ပေါ့ပါးပါး အချစ်ဝတ္ထုမျိုးတွေပဲ၊ မြပုလဲခင်တို့ မြပုလဲသွယ်တို့ အကြိုက်ဆုံးကတော့ လရောင်ကျူးရင့် စာအုပ်တွေပါ အစ်မ…။ ရှင်… သမီး အသက် ၂၈ နှစ်ပါ… အဲ… အတန်းကတော့ ၁၀ တန်းထိ သင်ဖူးတယ်၊ တခြားစာ အုပ် တွေတော့ သမီးလည်း မဖတ်ဖြစ်ဘူး၊ ရှင်… ရှေးက စာရေးဆရာ စာအုပ်တွေလား… ဟီး… မြင်တောင် မမြင်ဖူးဘူး၊ ပျင်းစရာ ကောင်းရင်လည်း သမီး မဖတ်ချင်ဘူး။

ဟော… ဟော.. မကြီး … ဟိုမယ် နောက်တစ်ယောက် … သိချင် မေးကြည့်ပါအုံး…။

လူနေ စာအုပ်အသစ် သမီး မှာထားတာ ရပြီလား ဦး၊ ရှင်… အန်တီ… သမီးကို မေးနေတာလား၊ သမီးက ဂျီတီစီ ဒုတိယနှစ် ကျောင်းသူပါ၊ ကျောင်းအဆင်း စာအုပ်ဝင်ငှားတာလေ… ဟဲ။ သမီး ကြိုက်တဲ့စာအုပ်တွေက လူနေတို့ ညေးတို့ ခူးခူးတို့ အဲ့စာအုပ်တွေပဲ ကြိုက်တယ် ဖတ်တယ်။ ဒါပေမယ့် အိမ်က ညီမလေး ၈တန်းကျောင်းသူက စုန်း တစ္ဆေ သရဲ စာအုပ်တွေမှ ဖတ်တယ်၊ ဟိ… သူဖတ်တဲ့ စာအုပ်တွေက ဖွားလောက်ကြီးတို့ ဘာတို့… သမီးကတော့ လက်နဲ့တောင် တို့မကြည့်ဘူး၊ ရှင်… နေဝင်းမြင့်… ဟင့်အင်း … ကြားဖူးပါဘူး၊ သူက ဖန်စီပဲ ရေးသလား၊ သြော်… ခင်ခင်ထူးတော့ သမီးသိတယ်၊ သူ့စာအုပ် တွေတော့ တွေ့မိရင် ဖတ်တယ်၊ အငှားဆိုင်တွေက အဲ့သလိုစာအုပ်တွေ မတင်တော့ ရှိတာ တွေ့တာပဲ ငှားရတာ အန်တီရ… ပြီးတော့ သမီးတို့က ကျောင်းစာတွေနဲ့ စာမေးပွဲတွေကြားက နပန်းလုံးရင်း ရတဲ့အချိန်လေး ဖတ်ရတာဆိုတော့ ဉာဏ်စမ်း လေးတွေပါတာ မော်ဒန်နည်းနည်းဖြစ်တာ ဖန်စီ ဟာသလေးတွေနဲ့ ရယ်နေရရင် ပြီးတာပဲ၊ စိတ်ပေါ့ပါးဖို့ အရေးကြီး တယ်။ ပြီးတော့ ယူတတ်ရင် ပညာရစရာတွေလည်း ရှိပါတယ် အန်တီရဲ့…။

တွေ့ပြီလား မကြီး၊ ဒါ ခုခေတ် လူငယ် စတိုင်ပဲ၊ သူတို့က များသောအားဖြင့် အချစ် ဟာသ ဉာဏ်စမ်း ပေါင်းစပ် ထားတဲ့ ဖန်စီ မော်ဒန်စတိုင် အရေးအသားလေးတွေကို ကြိုက်ကြတယ်၊ တချို့စာအုပ်တွေ အရေးအသားက ဆရာတာရာမင်းဝေစတိုင်ကို တုကြတာပေါ့ဗျာ၊ ဒါပေမယ့် တာရာမင်းဝေကို မမီကြတာ များတယ် ထင်တာပဲ။ လူငယ် ယောက်ျားလေးတွေကလည်း ဒီလိုစာအုပ်မျိုးတွေပဲ အဖတ်များကြတယ်။ အထူးသဖြင့် သိုးဆောင်းနဲ့ လူနေကတော့ အငှားအများဆုံးပဲ မကြီးရ။ ကျွန်တော့်ဆိုင်မှာ ရှိတဲ့ ဖန်စီစတိုင် စာရေးဆရာတွေက ညေး၊ ခူးခူး၊ သူဝေး၊ သည်ခေတ်နေ၊ ရာဇဝင်ကို၊ ဝိဇ္ဇာ… အဲ… ကာတွန်းရေးတဲ့ ဝိဇ္ဇာကလဲ စာရေးတယ်၊ သူရေးတာကတော့ ဟာသပေါ့။ ပြီးတော့ ကိုကိုး၊ ချစ်မျှားရှင်၊ ဟော့လိုင်း၊ လင်းညို့သွေး။

တချို့ခေတ်ပေါ်စာရေးဆရာတွေထဲမလဲ တခြားစာရေးဆရာတစ်ယောက် ဘာသာပြန် စာအုပ်ထုတ်ပြီးသား စာတွေထဲက ကူးချလို့ဆိုပြီး ပြဿနာ ရှင်းကြရတယ်ဆိုလား၊ ကျွန်တော်လည်း ဖေ့ဘုတ်ထဲ ဟိုသည်ဖတ်ရင်း တွေ့တာရယ်၊ ဒါပေမယ့် မကြီးရဲ့… ဒီနေ့ခေတ်ပေါ်စာအုပ်တော်တော်များများက ကျွန်တော့်ဆိုင်မှာ အငှားရ သိပ်မတွင်ကျယ်တောင်မှ သူတို့ဇာတ်လမ်းတွေက ရုပ်ရှင်တွေ ရိုက်နေရတာပဲ။ ပြီးတော့ နတ်ရွာမိုး၊ မိုးစက်ဝိုင်၊ တန်ခူးလေပြေ၊ နီကိုရဲ စာအုပ်တွေ၊ အကြည်တော် စာအုပ်တွေလည်း ရှိတယ်၊ အကြည်တော်ကတော့ အရင်ကလို လူကြိုက်မများတော့ပြန်ဘူး၊ ကလေးတွေ ပြောတာကတော့ ဇာတ်လမ်းတွေက ပို ပေါ့ရွှတ်ရွှတ်ဖြစ်လာပြီး ဆရာကြီးစတိုင် ရေးလွန်းတယ် ပြောတာပဲ။ ဒီစာအုပ်တွေက တော့ဗျာ… ငှားခက ၁၀၀ကျပ်ပဲ ရတာပါ။

သည်းထိတ်ရင်ဖို စုန်း သရဲ တစ္ဆေ စာအုပ်တွေထဲမတော့ နာမည်အကြီးဆုံးက ဒေဝတာ စာအုပ်တွေပဲ။ သူ့စာအုပ်တွေအပြင် မအိုစာ၊ ဂန္ဓာရီဝိဇ္ဇာ၊ သူယောင်မယ်၊ မှော်ဧကရီ၊ ဖွားလောက်ကြီး စာအုပ်တွေလဲ ကျွန်တော့်ဆီမှာ တင်တယ်။ ဒီစာအုပ်မျိုးတွေက ခုနက ကောင်မလေးပြောသလို မိန်းကလေး မြီးကောင်ပေါက်တွေ အကြိုက်များတယ်။

လျို့ဝှက်ဆန်းကြယ် ဂမ္ဘီရမှာတော့ မောင်ညိုမှိုင်း (သန်လျင်) က အပေါက်ဆုံးလို့ထင်တယ်။ လူဖတ်များတာတွေ ပြောရရင် တော့ တစ်ယောက်ထဲကနေ ကလောင်ခွဲတွေနဲ့ ရေးနေတယ်လို့ ထင်ရတဲ့ တြိစက္ခ၊ တြိစက္က၊ တြိသင်္ခ၊ မင်းစိတြ၊ မင်းစက္က၊ စိတြအဂ္ဂ၊ ကိတ္တိမ ဆိုတာ ရှိတယ်၊ ကလောင်ခွဲနဲ့ ရေးတယ်ဆိုပါတော့ဗျာ… တစ်လထဲ ၂အုပ် ၃အုပ်ထုတ်ဝေလည်း စာရေးသူ နာမည်မတူတော့ ဖတ်တဲ့လူက ဖတ်ရမှာ မညည်းငွေ့တော့ဘူးပေါ့..။ ပြီးတော့ မင်းမြတ်သူရ ဆိုတာ ရှိတယ်။ လျို့ဝှက်ဆန်းကြယ်တွေကြတော့ ယောက်ျားလေး အသက်၂၀ကျော်နဲ့အထက် အရွယ်တွေ အဖတ်များကြတယ် မကြီးရဲ့။ အချစ်နဲ့ စုံထောက် စာအုပ်တွေလဲ ရှိတယ်၊ ရွှေဘဝင်၊ နေစိုးသော်၊ တက္ကသိုလ်တင်မြင့် အထိုက်အလျောက်တော့ ငှားရပါတယ်။ ကျွန်တော်လည်း အသစ်နဲ့ တိုက်ကျ အလျဉ်းသင့်သလို တွဲတင်ရတာပါပဲ။

ကဲ… ဒီမှာ အချစ်ဝတ္ထုတွေ လာပါပြီဗျာ၊ အငှားရဆုံးကတော့ ရှင်မ၊ လရောင်ကျူးရင့်၊ ဗျူး၊ မမသဒ္ဒါမောင်…။ ဟဲ… မကြီး မျက်စိလည်သွားအောင် နာမည်လှလှလေးတွေ ရွတ်ပြလိုက်အုံးမယ်၊ မယ်ခိုင်၊ ရွှန်းရမီမိုး၊ မဒီခင်လေး၊ မယ်မင်းဘုံ၊ သီရိကြယ်စင်၊ လုံမ၊ ရှိတ်၊ နတ်သမီး၊ ကြည်နူးခေတ်၊ လေဒီဇော်၊ မိန်းကလေး၊ သမီးပျို၊ ရွှေရောင်မမ၊ မူပိုင်နှင်းဆီ၊ အသင်၊ မိုးစက်ပွင့်၊ လွန်းတမှီ… မော်ဒယ်နာမည်တွေ မှုတ်ဘူးနော်… အဲဒါ ကျွန်တော့်ဆိုင်မယ် တင်တဲ့ အချစ်ဝတ္ထုရေးတဲ့စာရေးဆရာမ နာမည်လေးတွေ… ကဲ… ဘယ်လောက် လှလဲ… ကျွန်တော့်မှာ သမီး ထပ်မွေးရင် ဒီထဲက နာမည်တစ်ခု ရွေးလိုက်ရုံပဲ။ မြပုလဲသွယ် မြပုလဲခင် လွန်းထားထား ပုညခင် ရှင်မြတ်နိုးတို့ကတော့ သိပ် အငှားရဆုံးထဲမယ် မပါဘူး၊ မြို့ထဲစာအုပ်ထွက်ဝယ်ရင်း သူတို့စာအုပ်တွေ ကြုံတော့လဲကောက်ဆွဲပြီး တင်ထားလိုက်တာပဲ… စာအုပ်ဈေးကတော့ ၁၅၀၀ကျပ် ပတ်ဝန်းကျင်လောက်ရှိတယ်။ ငှားခကတော့ ထုံးစံ ၁၀၀ကျပ်ပဲပေါ့။ ဟောင်းသွားရင်တော့ ၅၀ကျပ်ပေါ့။ ကျွန်တော်ပြောပြတာတွေက ကျွန်တော့်စာအုပ်ဆိုင် ပေါ်မူတည်ပြီးပဲ ပြောပြတာနော်၊ တခြား ဆိုင်ကြီးတွေကတော့ အခြေအနေ တမျိုးဖြစ်ချင်လဲ ဖြစ်လိမ့်မယ်။

မကြီးရ… ကျွန်တော့်မှာလည်း အအားနေရတာ မဟုတ်ဘူး၊ စာအုပ်အသစ်ထွက်ပြီဆို စာအုပ်ကို ကိုယ်က အရင် ကောက်ဖတ်ထားလိုက်ရတာ၊ လာငှားတဲ့ သူတွေက ဇာတ်လမ်းအကျဉ်းကို သိချင်ကြတာဗျ၊ ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်စာပေမျိုးကြိုက်လဲဆိုတာ သတိတောင်မထားနိုင်တော့ဘူး၊ အလုပ်သဘောအရ ပေါ်ပင်စာအုပ်တွေ အကုန်ကောက်ဖတ်နေရတာ၊ ကိုယ့်ဖောက်သည်ထဲမှာလည်း ဘယ်သူက ဘယ်လိုစာမျိုးကြိုက်တယ် ဘယ်လို အသက်အရွယ်တွေက ဘာခရေစီဖြစ်တတ်တယ်ဆိုတာ နားလည်ထားရတယ်၊ ကိုယ်ကလည်း စာအုပ်တွေဖတ်ထားပြီး ဘာစာအုပ် ညွှန်းရမလဲဆိုတာ သိရတယ်၊ ဖတ်တာကြာလာတော့ စာအုပ်အသစ်ထွက်ပြီဆို ဘယ်စာအုပ်မျိုးက ကိုယ့်ဆိုင်မှာ အငှား သွက်နိုင်မယ်ဆိုတာလဲ ကိုယ်က သဘောပေါက်လာတယ်လေ…။

စာပေအဆင့်အတန်း ဘာညာ ကျွန်တော် ဘာမှ မသိချင်ပါဘူးဗျာ၊ ဒီစာအုပ်မျိုးတွေက ခုဖတ်ခုမေ့ ဖြစ်ချင်လဲ ဖြစ်ပေါ့… စုန်း တစ္ဆေ စာအုပ်တွေက အပျင်းပြေဖတ်ရုံသက်သက် ဖြစ်ချင်လဲဖြစ်မှာပေါ့။ ဒါပေမယ့် ဖတ်တဲ့အချိန် စိတ်ဝင်စားစရာကောင်းနေရင် ပြီးတာပဲ မဟုတ်လား၊ ထားပါတော့ … မကြီး ညွှန်းချင်တဲ့ ဒီဆိုင်မှာ မတင်နိုင်တဲ့ တခြား စာအုပ်ကောင်းတွေဆိုတာ လူငယ် လူရွယ်တွေအတွက် တကယ်ကို အကျိုးရှိချင်လဲ ရှိနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အများစုက ဖတ်ချင်ကြမှာ မဟုတ်ဘူးခင်ဗျ၊ သူတို့မှ ငှားမဖတ်ရင် ရှင်းရှင်းပဲ ပြောမယ်… ကျွန်တော့် စာအုပ်ဆိုင် ပြုတ်သွားမှာပေါ့၊ ပြီးတော့ ပေါ်ပင်မဟုတ်တဲ့ စာအုပ်ကောင်းတွေကလဲ ဈေးကောင်းကြတယ် ခင်ဗျ၊ လေးထောင်နဲ့အထက် စာအုပ်တွေဆို မြည်းလဲ မမြည်းဘူး၊ လှည့်ကို မကြည့်ရဲဘူးခင်ဗျ။

ကျွန်တော့်ဆိုင်မှာတင်တဲ့ စာရေးဆရာနာမည်တော်တော်များများကို မကြီး က မသိဘူး မဖတ်ဖူးဘူးလို့ပြောတယ်၊ မကြီး ပြောပြတဲ့ ဖတ်သင့်တယ်ဆိုတဲ့ စာရေးဆရာနာမည်တွေလည်း ဖတ်ဖူးဖို့ဝေးစွ ကျွန်တော် ကိုယ်တိုင် ရေးတေးတေးပဲ။ မကြီး… ကျွန်တော် အစကတဲက ပြောပြီးပါပကော… ကျွန်တော့်ဆိုင်က အပျင်းပြေ အပျော်ဖတ်သက်သက်ပါလို့၊ ကျွန်တော်က စာအုပ်ကောင်းတွေ မတင်လို့ စာဖတ်သူတွေ စာအုပ်ကောင်း မဖတ်တာလား၊ သူတို့ စာအုပ်ကောင်း မဖတ်ကြလို့ပဲ ကျွန်တော်က မတင်တာလား သူ့အရပ်နဲ့ သူ့ဇာတ်၊ ဂျာအေး သူ့ အမေရိုက်သလိုပေါ့ဗျာ… ကျွန်တော်လည်း မပြောတတ်တော့ဘူး၊ မတတ်နိုင်ဘူး မကြီးရေ… သူတို့လူငယ်တွေ အကျိုးမျှော်ကိုးဖို့ထက် ကျွန်တော့်အိမ်က မိသားစုတွေ အစာအိမ်အကျိုး မျှော်ကိုးဖို့က ရှိသေးတယ်၊ ဒီတော့ မကြီး ဖတ်စေချင်တယ်ဆိုတဲ့ လူငယ်တွေအတွက် အကျိုးများများ ရှိမယ့် စာအုပ်တွေ မကြီး မြန်မာနိုင်ငံ အပြီးပြန်လာမှပဲ စာကြည့်တိုက်ကြီးဖွင့်ပြီး အလကားသာ ငှားဖတ်ပစေတော့။ ဟုတ်ပြီလား။
+++

စာအုပ်အငှားဆိုင် မှာ ရန်ကုန်မြို့ လူစည်ကားရာ ဆင်ခြေဖုံးရပ်ကွက် လမ်းမတန်းမှာ ဖွင့်ထားခြင်းဖြစ်ပြီး ပိုင်ရှင်မှာ သိပ္ပံဘွဲ့ရ အသက် ၃၅နှစ်ခန့် လူရွယ်တစ်ဦးဖြစ်ပါသည်။

စုချစ်
၁၈ ဇူလိုင် ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts