ရသဆောင်းပါးစုံ

ဓမ္မဘေရီဆရာတော် – လေဘေး လက်ဟောင်းဒုက္ခသည်များ

ဓမ္မဘေရီဆရာတော် – လေဘေး လက်ဟောင်းဒုက္ခသည်များ
(မိုးမခ) ဇွန် ၀၉၊ ၂၀၁၅

လူအတော်များများပဲ “အသက်တွေ ကြီးကုန်ကြပြီ” ဆိုတဲ့စကားကို အမှတ်တမဲ့ပြောနေကြတယ်။

ဘယ်အသက်တွေ ကြီးကုန်တာလဲ။ ကုန်ခဲ့တာတွေလား၊ လက်ကျန်တွေလား။

ရေခဲတုန်းကို ကြည့်ပြီးပြောရမယ်ဆိုရင်တော့ အချိန်နဲအမျှ ကုန်ကုန်လာခဲ့တာ “အသက်တွေ တဖြည်းဖြည်းငယ်ကုန်ကြပြီ” လို့ ပြောရမယ်။ လက်ကျန်အတော်နည်းလာပြီ။

“လူငယ်တွေ လက်ဘက်ရည်ဆိုင်မှာလေကန်ပြီး အချိန်ဖြုန်းနေကြတယ်၊ အပျော်အပါးတွေနဲ့ လေလွင့်နေကြတယ်” ဆိုတာ လည်း ရှိတယ်။

“အချိန်ဖြုန်း” ဆိုတဲ့စကားကိုလည်း သတိရှိရှိ စဉ်းစားသင့်တယ်။ ကံရယ်၊ အသက်ရယ်၊ အချိန်ရယ်ဆိုတာ သုံးပွင့်တခိုင် ချက်ကြိုးတွဲတွေ။

“လူ့ပြည်မှာ အသက်ရှင်နေထိုင်ခွင့်” ဆိုတာ ကံနဲ့ပေးဝယ်ပြီး အချိန်နဲ့မှတ်တမ်းတင်ထားတာ။

အချိန်တွေနဲ့အတူ၊ ပေးထားရတဲ့ ကံတွေ၊ နေခွင့်ရတဲ့အသက်တွေလည်း အတွဲလိုက်ကုန်နေ၊ သေနေကြတာ။

ကောသလမင်းအိပ်မက် (၁၆) ချက်ထဲမှာ “တစ်သိန်းတန်ရွှေခွက်၊ ရက်တက် (၀ိုင်အရက်) နဲ့ လဲသောက်” ဆိုတာ အဖိုးတန် အထက်တန်းစားရတနာတွေကို အောက်တန်းစားပစ္စည်းတွေနဲ့လဲပြီး ပြုန်းတီးနေတဲ့ကာလ။ အဲဒါ .. ဆုပ်ကပ်ကာလပဲလို့ ဆိုတယ်။

တန်ဖိုးဖြတ်လို့မရတဲ့ “မနုဿတ္တ ဒုလ္လဘရတနာ” တွေကို အချည်းနှီးဖြုန်းတီးပစ်နေကြတာကို ဘယ်လိုကာလလို့ ဆိုကြမလဲ။

ဒီနေ့လူငယ်တွေ၊ အချိန်နဲ့အသက် (ကိုယ်စွမ်းဉာဏ်စွမ်း) တွေကို အချည်းနှီး ဖြုန်းတီးနေကြခြင်းရဲ့ အကြောင်းရင်းဇစ်မြစ်ကို စဉ်းစားကြည့်လိုက်တိုင်း –

ဆရာမြို့မငြိမ်းရဲ့ “လူချွန်လူကောင်း” သီချင်းကို ကြားယောင်နေမိတယ်။

ကြာတော့ ကြာခဲ့ပြီ၊ ဟို (၁၉၅၂-၅၃) ဆီလောက်က ဖြစ်မယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက “ပြည်တော်သာ စီမံကိန်း” ဆို တာ ကြွေးကြော်ပြီး လှုံ့ဆော်ရေး သီချင်းပြိုင်ပွဲလုပ်စဉ်က ဆရာငြိမ်းရေးခဲ့တာ။

ဆရာငြိမ်းက ပြည်သူတွေအပေါ် ဆရာမလုပ်ဘူး။ ဒီကိစ္စမှာ အစိုးရကသာအခရာကျတယ်ဆိုပြီး စီမံအုပ်ချုပ်သူ လူကြီးမင်း များကိုပဲ အကြံပြုခဲ့တာ။

“နံနက်ခင်း … စိတ်ရွှင် … လန်းကြစေဆွဲငယ် … ဥသြသံတွဲ့ … နာပျော်ဖွယ် ကြည်ကြည်လင် …. လုပ်ငန်းကိုစီဝင်း … စက်ရုံ ကြီးငယ် အရပ်ရပ်တွင် ..”တဲ့။

ပြည်တော်သာချင်ရင် နိုင်ငံသားကောင်းတွေရဲ့ လုပ်အားတွေနဲ့ တည်ဆောက်ရမှာ။ လူငယ်တွေရဲ့ ခွန်အားတွေ၊ ကိုယ်စွမ်း ဉာဏ်စွမ်းတွေ၊ အချိန်နဲ့အမျှ တန်ဖိုးတက်နေစေဖို့၊ အစွမ်းတွေကို အစထုတ်ပေးမယ့် စက်ရုံကြီးငယ်တွေ တည်ထောင်ရမယ်လို့ တိုက်တွန်းတာ။

ဒါ … မြန်မာနိုင်ငံရဲ့ ဒုတိယ အင်အားအကြီးမားဆုံး အလုပ်သမား လူတန်းစားအတွက်။

အခြေခံအကျဆုံးနဲ့ အများဆုံး လယ်သမား လူတန်းစားများအတွက်က “`ရှုမဆုံးတော့သည် … စိမ်းလဲ့လဲ့ နှစ်စဉ် …လယ် ကွင်းတွေက (ပ) စပါးအနှံတွေနဲ့ အသီးတွေ အောင်အောင်မြင်မြင်” တဲ့။ လယ်ကွင်းပြင်တွေ၊ စိမ်းချိန်မှာ စိမ်း၊ ၀င်းချိန်မှာဝင်း နေနိုင်အောင်။ ကောက်ပဲသီးနှံတွေ အောင်မြင်အောင် ဆည်မြောင်းတွေတည်ဆောက်ဖို့ ပထမဆုံးတိုက်တွန်းခဲ့ပြီးမှ ဒီဒုတိ ယပိုဒ်ကို ပြောတာ။

ခုတော့ ကိုယ့်နိုင်ငံမှာ အသုံးချစရာဘာလုပ်ငန်းခွင်မှ မရှိလေတော့၊ တချို့ ငတ်အသေမခံနိုင်သူလူငယ်တွေက ထိုင်း၊ မ လေး၊ စင်္ကာပူတို့ဆီသွားပြီး ကျွန်ခံကြတယ်။ မြန်မာကမွေး အိမ်နီးနားချင်းတွေသုံး၊ သုံးမရတော့ မြန်မာပြည် ပြန်ရောက်နဲ့။ စက်ရုံတွေ မရှိတဲ့အတွက် လူအိုရုံတွေပဲ ဆောက်လို့မနိုင် ဖြစ်ရမည့်ကိန်းဆိုက်နေပြီ “အိုပယ် ဒုက္ခသည်စခန်း”။ ဆရာငြိမ်းက ထောင့်စုံ တိုက်တွန်းနှိုးဆော်ခဲ့တာ –

“သစ်ပင်တွေ .. မြေတွင်းဓာတ်တွေ .. ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်”တဲ့။ ခုတော့ မတတ်ကျွမ်းတဲ့အတွက် (တတ်ကျွမ်း သူများကို ဘေးဖယ်ထားတဲ့အတွက်) ကိုယ်ကျိုးရှာခွင့်ရသူတွေ “ရောင်းယူနိုင်စွမ်း တတ်ကျွမ်းကျင်” လုပ်နေကြတာ။ လုံးပါး မဟုတ်ဘူး။ ချိုင့်ပါး၊ ပဲ့ပါး၊ ပြိုပါး၊ ပြုန်းပါး၊ ပါးလို့မဆုံး၊ လက်ညှိုးနဲ့ထိုးလို့ ပေါက်နေပြီ။

ဆရာငြိမ်းအကြံပေးတာကို နားလည်ပြီး စီမံဆောင်ရွက်ခဲ့မယ်ဆိုရင် အချိန်ရယ်၊ လုပ်အားရယ်၊ လုပ်ငန်းခွင်ရယ်ကို စနစ် တကျ ပေါင်းစည်းပေးနိုင်ပြီး “ဒီနိုင်ငံ ပြည်တော်မသာ ခံနိုင်ရိုးလား”ပေါ့။

ခုတော့ အဲဒီတုန်းက ၀န်ကြီးချုပ်ရော၊ နောက်နောက် အုပ်ချုပ်သူမှန်သမျှရော ဆရာငြိမ်းအဆင့်လောက်မှ နိုင်ငံ့အရေး နားမလည်ကြတော့ ဘာမှ မလုပ်တတ်ဘဲ၊ သူများ သံယောင်လိုက်ပြီး ကြွေးကြော်လေကန်။

လေကတော့ လေပြေလေညှင်းလေးလိုလိုပါပဲ။ “မိဘပြည်သူများခင်ဗျား” ဆိုတာမျိုး။ ဒါပေမယ့် နောက်ကွယ်က အာဏာ အရှိန်ပြင်းတော့ တပြည်လုံး လေဘေးနဲ့ သေဘေး ကြုံကုန်ကြတာ၊ သက်ရှိရော၊ သက်မဲ့ရော၊ သေမဆုံး၊ ကုန်မဆုံး။ နိုင်ငံ တော်အာဏာကို ကိုယ်ကျိုး စီးပွားရှာ လုပ်ငန်းတရပ်အဖြစ်သဘောထား လုပ်ကိုင်ကြသူတွေလက်အောက်မှာ မရှုမလှ ပြုန်း ပြီးရင်း ပြုန်း။

(အင်း .. အချိန်ရရင်တော့ ရှင်ဂင်္ဂါတို့နဲ့ စုပေါင်းပြီး “ငြိမ်းနှင့် လူချွန်လူကောင်း ဋီကာ” ကျမ်းတစောင်တောင် ပြုလိုက်ချင်လှ)
ဆရာငြိမ်းရေ ခုတော့ ဆရာ့မျက်နှာ မကြည့်ဝံ့လောက်အောင် ရှက်နိုးအားနာ ဖြစ်နေရတာကိုခွင့်လွှတ်ပါ။

(မှတ်ချက် – လက်ဟောင်းဖြစ်ပြီး မကောင်းဆုံးကတော့ လေဘေးလက်ဟောင်းကြီးတွေပဲ)

စဉ်းစားကြပါလူကြီးမင်း … အဲ .. လူငယ်မင်းတို့ရေ ……။

ဓမ္မဘေရီဆရာတော်
၇.၆.၂၀၁၅

ဓာတ်ပုံ / အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts