ကိုသန်းလွင် – မြန်မာနိုင်ငံ ပြုပြင်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပြီလော

ကိုသန်းလွင် – မြန်မာနိုင်ငံ ပြုပြင်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပြီလော
(မိုးမခ) ဇွန် ၇၊ ၂၀၁၅

(၁)
သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင်ရေးလုပ်ငန်းများမှာ ကနဦးက များစွာထင်ရှားပေါ်လွင်ခဲ့ပါသည်၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြောက်များစွာသော အဖွဲ့အစည်းများက သတိပြုမိခဲ့ကြပါသည်၊ ကမ္ဘာက အသိအမှတ်ပြုခြင်း လက္ခဏာတရပ်အနေဖြင့် သမ္မတအိုဘားမားက မြန်မာသမ္မတကြီးကို အိမ်ဖြူတော်သို့ဖိတ်ခေါ်ပြီး ဧည့်ခံ စကားပြောခဲ့ပါသည်၊ နိုင်ငံရေးအကျဉ်းသား အမြောက်အများကို လွှတ်ပေးခြင်း၊ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေးခြင်း၊ သတင်းစာ၊ စာနယ်ဇင်းထုတ်ဝေခွင့်၊ လွတ်လပ်စွာ စာရေးသားခွင့်များ ရရှိလာခြင်းတို့မှာ ထင်ရှားသောဆောင်ရွက်ချက် များဖြစ်ပါသည်။

Reform ခေါ် နိုင်ငံတော်ပြုပြင်ရေးလုပ်ငန်းများမှာ စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုအောက်၌ အနှစ် ၅၀ ကျော် နေလာခဲ့ရ သော မြန်မာနိုင်ငံအတွက် လွန်စွာလိုအပ်လှပါသည်။

သို့ပါသော်လည်း နိုင်ငံတော်တွင် ပြည်သူတို့၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါ၊ ခြစားမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ ရှိနေဆဲပင်ဖြစ်ပါသည်၊ လွတ်လပ်သော တရားစီရင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်း များတွင် ပြည်သူပြည်သားများက လွတ်လွတ်လပ်လပ် စီမံခန့်ခွဲ ပိုင်ခွင့်များ လိုအပ်နေဆဲ ဖြစ်ပါ သည်။

၂၀၁၅ ခုနှစ်ထဲတွင် ကျင်းပရန်ရှိသော ရွေးကောက်ပွဲအတွက် ခေါင်းဆောင်ကြီးများ အလုပ်ရှုပ်နေကြသည် မှန်သော်လည်း ကာလကြာရှည် အရိုးးစွဲနေပြီဖြစ်သည့် လုပ်နည်းလုပ်ဟန် အမှားနှင့် အယူအဆများကို ပြုပြင်ရန်လိုအပ်နေပါသည်၊ စံနစ်ဆိုး ၏ ပြဿနာများနှင့် လိုအပ်ချက်များကြောင့် ပြည်သူလူထုမှာ ဆင်းရဲဒုက္ခကို ခံစားနေကြရဆဲ ဖြစ်ပါသည်။ သမ္မတကြီး အ နေဖြင့် မိမိ၏လုပ်လက်စ ပြုပြင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသည်။

အစိုးရ၏ လိုက်လျောနိုင်စွမ်းသည် ကုန်ခမ်းသွားပြီလော၊ သို့မဟုတ်ယခုထက်ပို၍  အလျော့ပေးရလျှင် နိုင်ငံတော်၏ အချုပ် အခြာ အာဏာကိုထိခိုက်လိမ့်မည်ဟု စိုးရိမ်နေရပါသလော၊ ဝေဖန်ရန်ခက်ခဲလှပါသည်။ သို့ပါသော်လည်း တိုင်းပြည်၏ အခြေအနေမှာ လျှပ်စစ်လိုအပ်မှု၊ ရေလိုအပ်မှု၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းပစ္စယ လိုအပ်မှုတို့ဖြင့် ပြည်သူအများစုမှာ ဆင်း ရဲမှုဒဏ်ကို ခံနေကြရဆဲဖြစ်ပါသည်၊ ကုန်စည်ကူးသန်း ရောင်းဝယ်ရေး အကောက်အခွန်ကောက်ခံခြင်း စံနစ်တို့၌ တိုးတက်မှု အများကြီးလိုနေဆဲဖြစ်ပါသည်၊ ငွေပေးမှ အလုပ်လုပ်ပေးမည်ဟူသော အမြင်ကလည်း ပြည်သူများအကြား ရေပန်းစားနေ ဆဲဖြစ်ပါသည်။

မြန်မာပြည် ပြုပြင်ရေးလုပ်ငန်းများကို ဆန့်ကျင်သောအုပ်စုသည် ရှိနေသလားဟု သံသယ၀င်ကြရပါသည်။ ထိုမူဝါဒ တင်းမာ သူများ၏ ကန့်ကွက်မှုကြောင့် ပြုပြင်ရေးလုပ်ငန်းတွေရှေ့ မတိုးနိုင်ခြင်း ဖြစ်နေသလားဟု မေးစရာဖြစ်နေပါသည်၊၊ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေခြင်းမှာ ခရိုနီစီးပွားရေးသမားများ၏အကြိုက် ဖြစ်နေပါသည်။ စနစ်က လိပ်ခဲတည်းလည်း ဖြစ်လေလေ၊ သူတို့အဖို့ ၀င်ငွေလမ်းဖြောင့်လေလေ ဖြစ်ပါသည်။

ဥပဒေအထက်မှနေ၍ လုံးဝချယ်လှယ်ပိုင်ခွင့်အာဏာကို တချိန်ကပိုင်ဆိုင်ဖူးသူတို့မှာလည်း မိမိလုပ်ပိုင်ခွင့်ကို စွန့်လွှတ်ရန် ၀န်လေးတတ်ကြပါသည်။

(၂)
အိမ်နီးခြင်း တရုတ်ပြည်၏ ပြုပြင်ရေးလုပ်ငန်းများ၏ တိုးတက်အောင်မြင်နေခြင်းမှာ အကဲခတ်သူများ ကိုအံ့အား သင့်စေခဲ့ပါ သည်။ မော်စီတုန်းကွယ်လွန်ပြီး  ၁၉၇၀ ခုနှစ်များမှစတင်ခဲ့သော ပြုပြင်ရေးလုပ်ငန်းများမှာ အများယုံကြည်သည်ထက် ပိုမို အောင်မြင်နေခဲ့ပါသည်။ ကွန်မြူနစ်ဝါဒကိုလည်း စွန့်လွှတ်ရန်မလို၊ အုပ်ချုပ်သူအစိုးရက လုပ်သားပြည်သူ စီးပွားရေးလုပ် ငန်းရှင်များ၏ အလုပ်လုပ်ကွက် နယ်ပယ်အတွင်း လိုအပ်ချက်များကို တခုပြီး တခု ပြေလည်အောင် ပေါ်လစီကို ပြုပြင်ပေးခဲ့ သည်။

ခေါင်းဆောင်ကြီး တိန်ရှောင်ပင်၏လက်ထက်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တိုးတက်လာစေရန်နှင့် လုပ်ငန်းရှင်အ သေးစားလေးများ ပေါ်ထွန်းလာစေ ရန်ဆောင်ကျဉ်းပေးခဲ့သည်။ သမ္မတ ဂျန်ဇီမင်းလက်ထက်တွင် ဈေးကွက်စီးပွားရေး စနစ်ကို အကောင်အထည်ဖော် ပီပြင်စေခဲ့သည်။ နိုင်ငံတော်ပိုင် စက်ရုံ အလုပ်ရုံများကို ပြုပြင်ခဲ့ပြီး၊ WTO ခေါ် ကမ္ဘာ့ကုန်သွယ် ရေး အသင်းဝင်ဖြစ်လာခဲ့သည်။ ဟူဂျင်းကောင်းနှင့် ၀န်ဂျီဘိုတို့လက်ထက်တွင် လူထုအတွင်း လုံခြုံမှု (Social Security) ကိုမြှင့်တင်စေခဲ့သည်။ ယနေ့ သမ္မတဖြစ်နေသော စီဂျင်းပင်း၏လက်ထက်တွင် ခြစားသူ တိုက်ဖျက်ရေးလုပ်ငန်းမှာ အရှိန် အဟုန်ဖြင့် သွားနေပါသည်။

တရုတ်ပြည်ကြီးတွင် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ထမ်းများ၏ ခြစားမှုပြဿနာများမှာ  ကြီးထွားနေဆဲ ဖြစ်ပါသည်။ တချို့ ကလည်း တရုတ်ပြည်သည် သည်ထက်ပို၍ ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်နိုင်ဘွယ်ရာမရှိ အုပ်ချုပ်သူတို့သည် ယခုထက်ပို၍ လျော့ပေးနိုင်ရန်အကြောင်းမရှိဟု ဝေဖန်ကြသည်များလည်း ရှိပါသည်။

၁၉၈၉ ခုနှစ် တင်ရန်မင် အရေးအခင်းက အခြားသင်ခန်းစာများကို မပေးနိုင်ဘူးဆိုစေ၊ “ မီးပွားကလေး တခုသည် မီးပုံကြီးကို ဖြစ်စေသည် ” ဟူသော သင်ခန်းစာကို တရုတ်ခေါင်းဆောင်များ အားပေးခဲ့ပါသည်။ အစိုးရသည် ကိစ္စသေးသေးဖြစ်လိုက်ပြီ ဆိုသည်နှင့် ထိုမီးပွားကို ပွားများမသွားစေရန် အင်အားကို အဓမ္မသုံး၍ ဖြေရှင်းကြတော့သည်။ မကျေနပ် ဆန္ဒပြမှုများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခြင်းမှာ အစိုးရ၏ ပေါ်လစီရေးရာ အားနည်းနေခြင်းကို ပြပါသည်။

၂၀၁၄ ခုနှစ်တွင် ရွှေ့ပြောင်းအလုပ်သမား ကလေးငယ်များ အရေးအတွက် အရေးဆိုပေးသူ  Xu Zhiyong ကို အများပြည်သူ ငြိမ်းချမ်းရေးကို နှောင့်ယှက်မှုဖြင့် ထောင်ဒဏ် (၄) နှစ် အပြစ်ပေးခဲ့သည်။ ပြစ်ဒဏ်နှင့်ပြစ်မှုမှာ မမျှဖြစ်နေသည်၊ အစိုးရပေါ် လစီကို ဝေဖန် ဆန့်ကျင်မှုကို ဘယ်သောအခါမှ သည်းညည်းခံခဲ့သည်ဟုမရှိ အပြင်းထန်ဆုံးနည်းများဖြင့် တုန့်ပြန်ကြပါသည်။ အစိုးရိမ်လွန်သော အစိုးရသည် ပြည်သူများအတွင်း သတင်းပေးများခန့်ကာ ဆန့်ကျင်ဘက် စကားပြောသူများကို ရက်ရက် စက်စက် အပြစ်ပေးလေ့ရှိသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ဂျပန်နှင့် အမေရိကန်တို့လို ရင်ဘောင်တန်းနိုင် သည်အထိ တိုးတက်လာခြင်းမှာ ယုံမှားစရာ မရှိပါ။ သို့ပါသော်လည်း အစိုးရ၏ အမြှော်အမြင်ကြီးမှုသည် တရားစီရင်ရေးနှင့် အခြားလူမှုဆိုင်ရာ လွတ်လပ် ခွင့်များပေးရန်အတွက်မူ နှောင့်နှေးနေပေသည်။

(၃)
ပြုပြင်ရေးလုပ်ငန်းများဖြင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ဦးမော့လာသော အခြားအရှေ့တောင်အာရှနိုင်ငံတခုမှာ ဗီယက်နမ် နိုင်ငံ ဖြစ်သည်၊ လွန်ခဲ့သောနှစ်ပေါင်း ၄၀၊ ၁၉၇၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် စစ်ရှုံးသော အမေရိကန်စစ်သားများ ဆိုင်ဂုံ မှ ထွက်ခွာပေးရသည်။ ဗီယက်နမ်လူမျိုး ထောင်ပေါင်းများစွာတို့လည်း နိုင်ငံမှထွက်ပြေးကြရသည်။ ကွန်မြူနစ်တို့ အောင်ပွဲ သည် အမေရိကန်တို့၏ပေါ်လစီကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။

အစားရေစာ ရှားပါးခြင်း၊ အလုပ်လက်မဲ့ ဦးရေများပြားလာခြင်း၊ အများပြည်သူလူထု ဆင်းရဲမွဲတေရခြင်းတို့ကြောင့် ၁၉၈၆ ခုနှစ်တွင် ဗီယက်နမ်အစိုးရက ပြုပြင်ရေးလုပ်ငန်း  Reform တွေ လုပ်ရန်ဆုံးဖြတ်ခဲ့ကြရသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များ တွင် အစိုးရ၏ ထိမ်းချုပ်မှုကို ဖယ်ရှားပေးသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။

ပါတီ၏ နှောက်ယှက်မှု မရှိတော့သော မဲခေါင်မြစ်ဝ ကျွန်းပေါ်မှ လယ်သမားများသည် ဆန်ကို ဆထက်တပိုး တိုးထွက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင် ဆန်တင်ပို့ ရောင်းချနိုင်သောနိုင်ငံများတွင် ဗီယက်နမ်သည် နံပါတ် ၄ လိုက်သည်။ နောက်များ မကြာမီ ရေနံနှင့်စက်မှုထုတ်ကုန်ပစ္စည်း များစွာထုတ်လုပ်ရောင်းချလာနိုင်ခဲ့ကြသည်။ အမေရိကန်တို့၏ အရှေ့ တောင်အာရှနိုင်ငံများတွင် အကြီးဆုံးကုန်သွယ်မှုပြုရာ နိုင်ငံဖြစ်လာသည်။ နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံလိုသူများ၏ အာရုံစိုက် အခံရဆုံး နိုင်ငံတခုဖြစ်လာသည်။
တပါတီစံနစ်ကို ထိမ်းသိမ်းထားနိုင်သည့်နည်းတူ  စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး အောင်မြင်သောနိုင်ငံဖြစ်လာနေပါသည်။
၁၉၇၅ ခုနှစ်က ပထမဆယ်စုနှစ်တွင် ပျမ်းမျှထွက်ကုန်  US ၁.ရ ဘီလီယံရှိခဲ့ရာမှ  ယခုဆိုလျှင် ၁၃၁  ဘီလီယံအထိ တိုးတက် လာသည်။ ၎င်းတို့၏လေးပုံတပုံမှာ အမေရိကန်နိုင်ငံသို့ တင်ပို့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် ၂.၄  ဘီလီယံရှိခဲ့ရာမှ ယခု အခါ ၁၂.၃၅ ဘီလီယံ ရှိလာခဲ့သည်။ ဗီယက်နမ်ခေါင်းဆောင်ကြီးများက အကောက်ခွန်နှုန်း လျော့ချပေးသည့်နည်းတူ ရှုပ်ထွေးသော နည်းစနစ်များကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ပေးခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းလုပ်ရန် အလွယ်ကူဆုံး နိုင်ငံများစာရင်းတွင် အမှတ် ရ၈ လိုက်သည်။ အိန္ဒိယ က ၁၄၂ ဖြစ်ပြီး တရုတ်နိုင်ငံက အဆင့် ၉၀ တွင်ရှိသည်။

အလုပ်သမားပြဿနာကြောင့် တရုတ်ပြည်မှ ကုမ္ပဏီပေါင်းများစွာ ထွက်သွားနေကြရာ ဗီယက်နမ်နိုင်ငံသို့ ရွှေ့ပြောင်း လာသူကုမ္ပဏီများ မနည်းတော့ပေ။ ဆမ်ဆောင်းကုမ္ပဏီ၏ လုပ်ငန်းပမာဏမှာ များပြားလှပေရာ သူတို့အတွက် ဟနွိုင်းလေ ဆိပ်တွင် တာမီနယ်အသစ်တခု ဆောက်ပေးကြရသည်။

ထိုသို့သော အောင်မြင်မှုများကြားတွင် တပါတီစနစ်ကြောင့် ပြုပြင်ရန်ကိစ္စတွေမှာ လည်းမနည်းလှပါ။ များစွာသော နိုင်ငံပိုင် စက်ရုံကြီးများမှာ အဆမတန် ပမာဏကြီးထွားနေပြီး အလုပ်ကမဖြစ်၊ ကြွေးတွေ များစွာတင်နေကြသည်။  တနိုင်ငံလုံးတွင် စာမတတ်သူဦးရေ နည်းပါးသော်လည်း စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်ရန်  ပညာအရည်အချင်း ပြည့်မှီသူ နည်းပါးဆဲပင် ဖြစ်သည်။ ပညာရေးစနစ်သည် နိုင်ငံတကာအဆင့်မှီရန် များစွာလိုနေသေးသည်။

အင်တာနက် အသုံးပြုသူများပြားလာသည့်နည်းတူ အစိုးရက ဘလော့ဂါများ၊ နိုင်ငံတော်ဆန့်ကျင် စကားပြောသူများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေဆဲပင်ဖြစ်သည်။

မေလအတွင်းတွင် ဗီယက်နမ်ဝန်ကြီးချုပ်သည် အိမ်ဖြူတော်တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံရန်  စီစဉ်ထားသည်။ တချိန် က စစ်ဖြစ်ခဲ့သူ ရန်သူတော် များထံမှသင်ယူစရာတွေကလည်း အများကြီးဖြစ်နေပေသည်။

(၄)
မြန်မာတို့သည် မိမိဖာသာ ယုံကြည်မှုအပြည့်ရှိသူများ ဖြစ်ပါသည်။ တိုးတက်စရာရှိလျင် အများတကာထက် ပိုမိုတိုးတက် နိုင်ကြသူများ ဖြစ်ကြပါသည်၊ အာဏာပိုင်တို့က ၀င်ပြီးစိုးမိုးချယ်လှယ်တာတွေမရှိလျှင် စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးကိစ္စတွေမှာ မကြာမီ ရှေ့တန်းသို့ ရောက်လာနိုင်ပါသည်။

သမ္မတကြီးအနေဖြင့် ထိမ်းချုပ်မူတွေလျှော့ချပေးရန် သာလိုပါသည်။ အကောက်ခွန်ကောက်ခံရေးစနစ်ကို ကောင်းမွန်သန့် ရှင်းပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အလုပ်အကိုင် ချောမွေ့စေရန် စီစဉ်ပေးရန်သာ လိုပါသည်။ တရားစီရင်ရေးကို အစိုးရက ၀င်ရောက် မနှောင့် ယှက်သင့်သလို ပညာရေး၊ ကျန်မာရေးကိစ္စများတွင် သက်ဆိုင်ရာပညာရှင်များကိုသာ စိတ်ချ လက်ချ လွှဲထားသင့်ပါသည်။ လမ်းပမ်းဆက်သွယ်ရေး၊ တယ်လီကွန်မြူနီကေးရှင်းဆိုင်ရာကိစ္စများတွင် ကမ္ဘာကြီးကို အမှီလိုက်ရန်လို ပါသည်၊ စစ်ဗိုလ်စစ်သားများနေရာတကာ ခန့်ထားနေခြင်းမှာ တိုးတက်မှုကို နှောင့်နှေးစေပါသည်။

မြန်မာတို့သည် ရှေ့တန်းသို့ရောက်လာရန် စွမ်းရည်ရှိသူများ ဖြစ်ကြပါသည်။ ပြည်သူတို့၏စွမ်းအားကို ပြည့်ပြည့်၀၀ အသုံး ချရန်လိုပါသည်။

ကိုသန်းလွင်