ကဗျာ အောင်ဝေး
အောင် ဝေး – ကျေ နာ် တို့  အ တိ တ် ကို ပဲ အ တူ ပြ န် သွား ကြ ပါ စို့  အေ မ
LUDU DAW AMAR 100
အောင် ဝေး – ကျေ နာ် တို့  အ တိ တ် ကို ပဲ အ တူ ပြ န် သွား ကြ ပါ စို့  အေ မ 
(မိုးမခ) ဇွန် ၇၊ ၂၀၁၅
အမေကား ကွယ်လွန်ခဲ့ပေပြီ
အမေသည် သက်တော်ရာကျော်ရှည်ပါစေသတည်း။
( ၁ )
အမေ –
ဒီနှစ် (၂၀၁၅၊ နိုဝင်ဘာ- ၂၉)
အမေ အသက်(၁၀၀)ပြည့်ပြီ
မွေးနေ့ ရာပြည့်မှာ ပျော်ရွှင်ပါစေ အမေ။
ဆရာဒဂုန်တာရာတို့ 
ဗန်းမော်တင်အောင်တို့ 
အဘလေထီးဦးအုန်းမောင်တို့ 
သခင်အုန်းမြင့်တို့ နဲ့ တွေ့ သေးလားအမေ။
အမေ့ရဲဘော်ကြီး ကိုဗဟိန်းနဲ့ ကော တွေ့ သေးလား
အမေ့သား ကိုဖိုးသံချောင်းတို့ 
ကျနော်တို့ တော့
ကွန်မြူနစ်တစ္ဆေခြောက်ပြန်တဲ့တိုင်းပြည်မှာ
သက်ဆိုးရှည်နေရတုန်းပါပဲ အမေ။
ဒီခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာလူဖြစ်ရတာ
မပျော်ပါဘူး
အမေလည်း ပျော်နိုင်မှာ မဟုတ်ပါဘူး
ကျနော်တို့ အတိတ်ကိုပဲ အတူပြန်ကြပါစို့ အမေ။
( ၂ )
မနေ့ တစ်နေ့ တုန်းကတော့
၁၉၃၉ – ၂၀၁၄
ပါတီက စိန်ရတုသက်တမ်းတိုင်ခဲ့တယ်လေ။
ကျနော်တို့ မကျဆုံးသေးပါဘူး
ကျနော်တို့ အရှုံးမပေးသေးပါဘူး
ကျနော်တို့ ဒူးမထောက်သေးပါဘူး
ကျနော်တို့ လက်နက်မချသေးပါဘူး။
စိတ်မကောင်းစရာတွေ မပြောချင်ပါဘူးအမေရယ်
မနေ့ တစ်နေ့ တုန်းကပဲ
ကျနော်တို့ ကြောင့်
လက်ပံတန်းမှာ
ကျောင်းသားလေးတွေ
အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံခဲ့ရ
ကျောင်းသားသပိတ်ဟာ
တားဆီးနှိမ်နင်းခံခဲ့ရတယ် အမေ။
သူတို့ ဟာ
“ဗ က သ” ကျောင်းသားလေးတွေပါအမေရယ်
ဗ က သ ကို
“ဗ က ပ” တံဆိပ်တပ်ပြီး
လုံထိန်းရဲတပ်ရင်းတွေ နှစ်ထပ်နှစ်တန်ပိတ်ဆို့ 
ရိုက်နှက်လို့ ဖမ်းဆီးခဲ့ကြတာပါ။
အမေ –
အမေဟာ “ဗ က သ အမေ” ပါ
အခု အရိုက်ခံရ အဖမ်းခံရတဲ့ ကျောင်းသားတွေဟာ
ဗ က သ တွေ
သမ္မတလုပ်တဲ့လူကိုယ်တိုင်က
“ကျောင်းသားတွေက အရင်ရိုက်လို့ 
ရဲတွေက ပြန်ရိုက်ရတာပါ” ဆိုပြီး
ဗြောင်လိမ်ဗြောင်စားလုပ်နေတဲ့ အစိုးရအောက်မှာ
စိတ်မချမ်းသာပါဘူး
အမေလည်း စိတ်ချမ်းသားမှာမဟုတ်တော့
ကျနော်တို့ အတိတ်ကိုပဲ အတူပြန်ကြပါစို့ အမေ။
( ၃ )
အခုတော့
မန္တလေးကနေ ရန်ကုန်ချီကြတဲ့
၂၀၁၅ ကျောင်းသားသပိတ်ဟာ
စစ်ကျွန်ဒီမိုကရေစီ အဆိပ်သင့်ပြီး
လွှတ်တော်နိုင်ငံရေး အဆိပ်သင့်ပြီး
တိုက်ပွဲရှောင် အချောင်သမား
ဖောက်ပြန်သူများအလယ်မှာ
တော်လှန်ရေးအသားတစ်တွေကို
စစ်ခွေးတွေကလည်းဝင်ဆွဲ
စစ်ခွေးတစ်ဖြစ်လဲ
ကြံ့ဖွတ်ခွေး
မ ဘ သ ခွေးတွေကလည်းဝင်ဆွဲ
စစ်ခွေးမဟုတ်တဲ့
(လစ်ဘရယ်ဒီမိုကရက်ဆိုတဲ့)
လစ်ခွေးတွေကလည်း အလစ်ဝင်ဆွဲ
ခွပ်ဒေါင်းဟာ
သူရဲကောင်းဟာ
ခွေးဆွဲခံနေရပေါ့ ။
တချို့ တွေ နေနိုင်လွန်းတယ်
ရေငုံနှုတ်ပိတ်
စစ်မိစ္ဆာနဲ့ မိတ်ဖွဲ့ 
ဗ က သ ကိုတော့ ဆန့် ကျင်
ကျောင်းသားစိတ်ဓာတ်
ခွပ်ဒေါင်းစိတ်ဓာတ်ကိုလည်း ချိုးနှိမ်
သူခိုးဓားရိုးကမ်း
နိုင်ငံရေုးလုပ်တမ်းကစား
အတိုက်မခံတဲ့ အတိုက်အခံဆိုသူတွေ
ဒီမိုကရေစီလေချဉ်တက်နေတဲ့ခေတ်ကြီးမှာ
သား မနေချင်တော့ဘူး
ကျနော်တို့ အတိတ်ကိုပဲ အတူပြန်ကြပါစို့ အမေ။
( ၄ )
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ
ဗ က သ ဟာ
န အ ဖ ဆန့် ကျင်ရေး
တိုက်ပွဲကြားက တစ်ဖန်ပြန်လည်မွေးဖွား
၈၈ ဗ က သ ကို အသက်သွင်းခဲ့
မန္တလေးကအမေ
ရေဒီယိုထဲကနေ ဒီသတင်းကြားတော့
သူ့ သားမြေးမြစ် ဗ က သ တွေအတွက်
ဗ က သ အမေဟာ ဂုဏ်ယူနေခဲ့မယ်
ဟုတ်တယ်မဟုတ်လားအမေရယ်။
၉၀ ပြည့်နှစ်များ
န ၀ တ ခေတ်ကြီးတစ်လွှား
အမေ့သား ဘိုညို
(စာရေးဆရာညီပုလေး)
ပုဒ်မ ၅(ည) သရက်အကျဉ်းထောင်
ထောင်ဝင်စာ မတွေ့ ခဲ့ရတဲ့နေ့ များ။
၁၉၈၈
မင်းကိုနိုင်
ကိုကိုကြီး
မိုးသီးဇွန်
ရန်ကုန်တက္ကသိုလ်၊ ဆဲဗင်းဂျူလိုင်ရင်ပြင်နီက
(၇)ကြိမ်မြောက် ဗ က သ (ဗကသများအဖွဲ့ ချုပ်)ညီလာခံ
မန္တလေးက ဗ က သ အမေ
ဂုဏ်ယူဝမ်းမြောက်နေခဲ့မယ်။
အခုတော့အမေရယ်
ကျောင်းသားသမဂ္ဂတွေဖွဲ့ စည်းခွင့်မပြုတဲ့
ဒီမိုကရေစီနိုင်ငံတော်ထူထောင်ကြဦးမတဲ့
ရင်မောတယ်အမေ
အမေလည်း စိတ်ပျက်နေမှာဆိုတော့
ကျနော်တို့ အတိတ်ကိုပဲ အတူပြန်ကြပါစို့ အမေ။
( ၅ )
ကိုကိုးကျွန်းကပြန်လာတဲ့သား
အမေဟာ အင်းစိန်ထောင်ထဲရောက်ခဲ့ရ
မောင်သင်းခိုင်
မ ဆ လ
၁၉၇၈။
ပဲခူးရိုးမပေါ်က
ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေး
တောတွင်းလက်နက်ကိုင်တိုက်ပွဲမှာ
သားတစ်ယောက်ဆုံးရှုံးခဲ့ရတဲ့အမေ။
နိုင်ငံရေးအစိုးရလက်ထက်
ခင်ပွန်းသည်အတွက်
ထောင်ဝင်စာသွားတွေ့ ခဲ့ရတဲ့ အမေ။
အမေဟာ
အမေဟာ
ငြိမ်းချမ်းရေးဗိသုကာ
အမေဟာ
လွတ်လပ်ရေးဖခင်
အမေဟာ
အမေဟာ
အမေဟာ
တိုက်ပွဲခေါ်သံတွေကြားမှာ
နွေဦးပျောက်ကိုရှာတုန်း
ဒဂုန်တာရာက
ဆိတ်ဖလူးရနံ့ ကြားမှာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းအတွက်
ဒေါင်းတစ်ကောင်နဲ့ ပျားရည်တစ်အိုး
နတ်ဆိုးတို့ ခိုးဝှက်ခဲ့ကြ။
၁၉၆၃
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ
တစ်ဖက်သတ်ဖျက်သိမ်းလိုက်တော့
တောထဲပြန်ဝင်သွားတဲ့
ဗိုလ်ဇေယျတို့ နောက်ကျောမှာ
ကပ်ပါသွားခဲ့မယ်။
ငြိမ်းချမ်းရေးဟာ
အဲဒီကတည်းက
အပြီးအပိုင်မြေမြှုပ်ခံခဲ့ရ
အခုအထိပဲ မဟုတ်လားအမေရယ်။
၁၉၆၂
စစ်အာဏာရှင်စနစ်
အက်စစ်မြစ်တစ်စင်းလို
နေ၀င်းဟာ ဖက်ဆစ်လက်နဲ့ ရမ်းခဲ့။
မန္တလေးကအမေ
ဗ က သ အမေ
၆၂ ခုနှစ်၊ ဇူလိုင်(၈)ရက်
မနက်အစောကြီး
အိပ်မက်ဆိုးကြီးမက်ခဲ့ရ။
မိုင်းခွဲဖြိုချခံလိုက်ရတဲ့
ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးနဲ့ အတူ
အမေ့နှလုံးသားလည်း ဗုံးခွဲ ခံခဲ့ရ။
ကမ္ဘာမကျေဘူးအမေရယ်
ဥဒါန်းလည်း မကြေပါဘူး။
အမေလည်း
စစ်ကျွန်ခေတ်မှာ လူရာဝင်ချင်ခဲ့မှာ မဟုတ်ပါဘူး
ကျနော်တို့ လည်း
စစ်ကျွန်ခေတ်မှာ လူတွင်ကျယ် မလုပ်ချင်ပါဘူး
ကျနော်တို့ အတိတ်ကိုပဲ အတူပြန်ကြပါစို့ အမေ။
( ၆ )
“၁၉၅၁၊ သြဂုတ်- ၁၅
ကနဦး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗ က သ)
ALL BURMA STUDENTS UNION (A B S U) ကိုဖျက်သိမ်း၊
ALL BURMA  FEDERATION OF STUDENT UNIONS (A B F S U) ကို
ပြောင်းလဲ ဖွဲ့ စည်း”
အမေ သာဓုခေါ်ခဲ့မယ်။
“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်။
အမာကို မပျော့စေနှင့်
အဖြူကို မမည်းစေနှင့်
အဖြောင့်ကို မကောက်စေနှင့်။
မင်းသုဝဏ်”
(၁၉၃၆- ဒုတိယ တက္ကသိုလ်ကျောင်းသားသပိတ်
ရွှေတိဂုံကုန်းတော်၊ မော်လမြိုင်ဇရပ်။
အင်းလျားဆောင်ကျောင်းသူ၊ သပိတ်မှောက်ကျောင်းသူ
မန္တလေးသူ မအမာ၏ အော်တိုစာအုပ် မှ)
၁၉၃၆၊ မေ- ၈
သပိတ်မှောက်ကျောင်းသူ မအမာ အဆိုတင်သွင်းသဖြင့်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗ က သ)
ALL BURMA STUDENTS UNION (A B S U) ကို
ညီလာခံခေါ်ယူ ဖွဲ့ စည်းနိုင်ခဲ့
အမေ
ကျေနပ်ခဲ့မယ်။
ခုတော့ အမေရယ်
၂၀၁၅
“ဗ က ပ” တံဆိပ်အကပ်ခံရပြီး
အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံနေရပြီ အမေ။
ခုတော့ အမေရယ်
ဗ က သ (ဗကသများအဖွဲ့ ချုပ်)ဟာ
ဖက်ဆစ်မုန်တိုင်းထဲ
ကြံ့ကြံ့ခံ အန်တုရင်ဆိုင်ဆဲ။
စစ်ကျွန်ခေတ်ကိုလွန်မြောက်ရင်
ကျောင်းသားသမဂ္ဂတွေ
လွတ်လွတ်လပ်လပ်ဖွဲ့ စည်းနိုင်မှာပဲလို့ 
ကျနော်တို့ မျှော်လင့်ခဲ့ကြတယ်။
ဒီမျှော်လင့်ချက်နဲ့ 
ကျနော်တို့ တိုက်ပွဲဝင်ခဲ့ကြတယ်။
အခုတော့ အမေရယ်
ကျောင်းသားသမဂ္ဂတွေကို
စစ်အစိုးရသမ္မတကြီးကလည်း မကြိုက်သလို
ကျနော်တို့ ဘာလုပ်ရမလဲ အမေ
တိုက်ပွဲလည်း မပြီးသေးဘူးအမေ။
ကျနော်တို့ က
“ဗ က သ အမေ”
အမေ့ကို ပျော်ရွှင်စေချင်တာပါ။
အခုတော့ ဗ က သ ခမျာ
ထောင်သွင်းအကျဉ်းချခံနေရ
ဗ က သ ဟာ ၀ရမ်းပြေးဖြစ်နေရ
ဗ က သ သမိုင်းကို မေ့ဖျောက်နေကြဆိုတော့
အမေ ပျော်ရွှင်နိုင်ပါ့ မလား
ကျနော်တို့ မပျော်နိုင်ဘူးအမေရယ်
ကျနော်တို့ အတိတ်ကိုပဲ အတူပြန်ကြပါစို့ ။
တိုက်ပွဲကို
တစ်က ပြန်စကြပါစို့ ။
ကျောင်းသားတိုက်ပွဲတွေ
အသစ် စကြပါစို့ ။     ။ 
(အမေလူထုဒေါ်အမာ နှစ်တစ်ရာပြည့်သို့ )
ေ အ ာ င္ ေ ၀ း
ဇွန် ၆ – ၂၀၁၅။
LUDU DAW AMAR (b November 29, 1915 – d 2008, 8 April) 
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts