စာစုတို ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – မဘသ ဘောပွဲ

ဖိုးထက် – မဘသ ဘောပွဲ
(မိုးမခ) ဇွန် ၀၆၊ ၂၀၁၅

ခေတ်ဟောင်းကဆိုခဲ့ကြပြီး အခုခေတ်အထိ ခေတ်မှီနေဆဲ သီချင်း တပုဒ်ရှိသည်။ သီချင်းက အမျိုးသမီးသီချင်း။

… “သိကြားမင်းတောင် ဖျက်တာ မပျက်နိုင်ပါဘူးရှင်။ ပျို့စိတ်ထဲမှာ မောင့်ကိုသာ ချစ်ခင်။ ဘယ်နည်းနဲ့မှ မေတ္တာမညှိုးပေါင်၊ တိုး၍ မောင်ကဲချင်။ ဖဲရိုက်တာ မြင်းလောင်းတာတွေ စုံလင်။ ဒါထက်တောင် ကဲအုံးရှင် ဆယ်ဆပင်။ မေတ္တာ သို့ပေမယ့် ပျက်ပေါင်ရှင်။ မောင့်ကိုသာပင် စိတ်ထဲက အသဲရော အူရောခင်၊ ကလီဇာရောခင်၊ ချစ်တာ အမှန်ပင် ရွှေမေတ္တာ အရင်းခံပါဘဲရှင်….ည အိပ်ရာထဲဝင် ဘုရှားရှစ်ခိုးရင် မောင့်ကို ရည်မှန်းကာ ကျန်းမာပါစေ၊ ချမ်းသာပါစေရှင်” …တဲ့။

ဖဲရိုက်၊ မြင်းလောင်းတာလောက်နှင့်တော့ အမျိုးသမီးများက ကိုယ့်ယောက်ျားကိုယ် ကျန်းမာပါစေ။ ချမ်းသာပါစေဆိုသည့် မေတ္တာ တကယ်ပို့နိုင်ကြသလော၊ ကြက်သတုံးအကောင်ကြီးလို့ ဆဲကြသလော ကိုသောင်းမြင့် မသိ။ သို့သော် သူ့မိန်းမ မသူဇာကတော့ ဖဲမရိုက်၊ မြင်းမလောင်း၊ ဘောလုံးပွဲ မလောင်း၊ မိန်းမ မပွေသည့် သူ့ကို အတော်ချစ်ရှာတာတော့ သိသည်။ ၎င်းတို့စုံတွဲ ဘယ်လောက်ရန်ဖြစ်ဖြစ်၊ ဘယ်လောက် စိတ်သဘောထားမတိုက်ဆိုင်ဘဲ တယောက်နှင့်တယောက် အတိုက် အခံ ကျားကုတ် ကျားခဲ ငြင်းကြ၊ ခုံကြ ရန်ဖြစ် စကားများကြသော်လည်း မသူဇာက ကိုသောင်းမြင့်ကို ချစ်သည်။ ကိုသောင်း မြင့်ကျန်းမာတာ မြင်လိုသည်။ ကိုသောင်းမြင့် စိတ်ချမ်းချမ်းသာသာ ရှိစေလိုသည်။ သူစိတ်မ၀င်စားသော်လည်း ကိုသောင်း မြင့် ၀ါသနာပါတာမှန်သမျှ အပြစ်မတင်ရက်။

အခုလဲ ကြည့်…. U20၊ U23 မြန်မာ့ လူငယ်လက်ရွေးစဉ်တို့၏ နိုင်ငံတကာဘောလုံးပွဲတွေရှိလာတော့ ဘောလုံးပွဲကို ထမင်း မေ့၊ ဟင်းမေ့ ကြိုက်တတ်သော ကိုသောင်းမြင့်တယောက် ဟိုကောင်ကြီး နေရာမရသလို ဖြစ်လာသည်။ ၀ရိယလွန်တော့ ကျွန်ဖြစ်တတ်သည်ဆိုသလို စီးပွားရေးလည်း စိတ်မ၀င်စား။ လူမှုရေးလည်း စိတ်မ၀င်စားဘဲ ဘောလုံးမှ ဘောလုံး။ မြန်မာ လူငယ်လေးများ၏ဘောလုံး ဖြစ်နေ၏။

မြန်မာနိုင်ငံ လက်ရွေးစဉ်ဘောလုံးအသင်းများကလည်း ကိုသောင်းမြင့်မိတ်ဆွေ နိုင်ငံရေးသမားတယောက်စကားလို ဖြစ်နေ သည်။ “မြန်မာနိုင်ငံကို သေသေချာချာပြင်ချင်ရင် ငါးနှစ်သားအထက် အကုန်သတ်ဗျ” လို့ဆိုသလို လူကြီးအသင်း နိုင်ငံ လက်ရွေးစဉ် အသင်းကြီး ချာတူးလန်သလောက် ကလေးတွေက တော်ကြသည်။ ကြိုးစားသည်။ အားကုန်ထုတ်သည်။ မခို၊ မကပ်ဘဲ စည်းကမ်းတွေ အများကြီးတိုးတက်လာတာ တွေ့ရသည်။ ဘောလုံးကို ဘောလုံးနဲ့တူအောင် ရှင်းရှင်းသန့်သန့် ကန်တတ်လာတာ တွေ့ရသည်။ ဒေါသကို ချုပ်တီးနိုင်တာများ လူကြီးများက အတုယူလောက်သည်။

ကိုသောင်းမြင့်က သူ့မိန်းမ မသူဇာကို သူဝါသနာပါသည့် ဘောလုံးကို ၀ါသနာပါလာစေဖို့ စည်းရုံးသွေးဆောင်သည်။ သူ ဘောလုံးပွဲကြည့်နေချိန်မှာ အနားခေါ်ထိုင်သည်။ မသူဇာ နားလည်အောင်ရှင်းပြရင်း ဆရာကြီးလုပ်သည်။ မသူဇာကလဲ သူလုံးဝနားမလည်သည့်အရာဆိုတော့ အခြားကိစ္စတွေလို စောဒကမတက်ဘဲ သြော်…ဟုတ်လား…ဟယ်…အဲဒီလိုကြီး လား…အို.. ဆိုသည့် စကားထောက်၊ စကားပြန်များဖြင့် စိတ်ဝင်စားဟန်ပြုသည်။ တကယ်တော့ သူက စိတ်ဝင်စားတာ မဟုတ်။ “ဘာမဟုတ်တဲ့ အလုံးလေးတလုံးကို လူနှစ်ဆယ်လောက် စုပြုံလုကန်နေတယ်။ ကျွန်မသာဆို တယောက် တလုံး ပေးကန်လိုက်မှာ” လို့ဆိုသောကြောင့် ကိုသောင်းမြင့်က မျက်စောင်းထိုးယူရသည်။ ဘာမှမသိနားမလည်သော မိန်းမ ကျွတ်…ကျွတ်…ကျွတ် ဆိုသည့်အပေါက်ဖြင့် ကြည့်သည်။

အခုလဲ အရှေ့တောင်အာရှ အားကစားပွဲတော်မှ အသက် ၂၃ နှစ်အောက် အမျိုးသားဘောလုံးပွဲစဉ်တခုဖြစ်သည့် မြန်မာ နှင့် စင်္ကာပူတို့ ဘောလုံးပွဲကြည့်ရာမှာ မသူဇာကို အနားခေါ်ပြီးကြည့်စေသည်။ မသူဇာကတော့ လုပ်စရာအလုပ်လည်း ထွေ ထွေထူးထူး မရှိ။ ပြီးတော့ သူ့ယောက်ျား တပူပူခေါ်နေတာကြောင့် စိတ်မ၀င်စားသော်လည်း ဘေးမှလာထိုင်ကြည့်သည်။ ပြီးတော့ စင်္ကာပူ အိမ်ရှင်။ စင်္ကာပူကွင်းမှာကန်မှာဆိုသောကြောင့် စင်္ကာပူရောက်နေသည့် သူ့တူမ ခပ်ကဲကဲ ကောင်မ တွေများ တွေ့ရမလားဆိုသည့် သံယောဇဉ်ကြောင့်လည်း ပါသည်။ သူ့တူမတွေနှင့် မသူဇာဆိုတာက သူငယ်ချင်းတွေကို ခင်ကြ၊ ချစ်ကြသည်။ သူတို့ စင်္ကာပူရှိ အလုပ်ကနေ ခွင့်ဖြင့်အလည်ပြန်လာတိုင်း မသူဇာနှင့်ကိုသောင်းမြင့်ကို လာလာ ကန်တော့ကြသည်။ သိတတ်ကြသည့်ကလေးတွေဆိုတော့ မသူဇာက ပိုလို့သံယောဇဉ်ရှိရသည်။ “ကိုသောင်း..ကျွန်မ တူမတွေ လာလောက်တယ်တော့။ တွေ့ရင် ပြောစမ်းပါအုံး။ ဒီကောင်မတွေ သေချာပေါက် လာအားပေးလောက်တယ်” ဟု ဆိုသည်။

“အိုကွာ..မင်းတူမ ခပ်ကဲကဲမတွေ မလာဘဲနေမလား” ဆိုသည့် အနှောင့်မလွတ်၊ အသွားမလွတ် စကားဆို၏။

“ဒီမယ် ကိုသောင်း..ကျွန်မက အဲဒီကောင်မတွေကို ခပ်ကဲကဲလို့ပြောတာ သွက်လက်၊ ချက်ချာတာကိုဆိုလိုတာ။ ရှင့် ခပ်ကဲ ကဲက ဘာကိုဆိုလိုတာတုန်း”

“ဟ မသူရ..ခပ်ကဲကဲဆိုမှတော့ ခပ်ကဲကဲပေါ့ကွာ။ ဟိုနေရာလဲ ပါချင်၊ ဒီရာလဲ ပါချင် မင်းတူမတွေကို မင်းက ဘက်လိုက်မ နေစမ်းပါနဲ့..ဟဲ …ဟဲ”

“ဒီမယ် ကိုသောင်း..သူတို့က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ မိန်းကလေးတွေရှင့်။ သူတို့ပညာနဲ့ သူတို့ အသက်မွေး ၀မ်းကျောင်းပြုနေတဲ့သူတွေရှင့်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့ မိန်းကလေးတွေရှင့်။ လူကြည့်လိုက်တော့ ရိုးသလိုလို၊ အသလိုလိုနဲ့ ကုပ်ကမြင်းတွေမဟုတ် ပြီးတာဘဲ..အဟင်း အဟင်း” ဟု လူအေးသလောက် လူကြီးတွေ ပြဿနာလိုက် ရှင်းရတတ်သည့် ကိုသောင်းမြင့်ညီမကို စောင်းသလိုလို မြောင်းသလိုလို ပြန်ပက်သည်။

ဘောလုံးပွဲဇောကြောင့် မသူဇာ၏တိုက်ပွဲခေါ်သံစကားတွေကို မကြားသလော၊ သို့တည်းမဟုတ် ဘောလုံးပွဲ ကြည့်ခါနီး ရန်မဖြစ်ချင်သောကြောင့်လား မသိတတ်။ ကိုသောင်းမြင့်က စကားမပြန်တော့ဘဲ လင်မယားနှစ်ယောက် ဘောလုံးပွဲကြည့်ကြ သည်။ မြန်မာအသင်းက အဖြူ။ စင်္ကာပူက အနီဆိုတာ မသူဇာကိုရှင်းပြပြီးကတည်းက မသူဇာက အဖြူမှ အဖြူ။ သူ့ အဖြူတွေကို အနီတွေက ခပ်ကြမ်းကြမ်းကစားတာ မကြိုက်။ “ဟယ် နံပါတ်ကိုးလေးက အယ်လ်လွန်းဝါလေးနဲ့ တူလိုက်တာ။ သန်က သန်သေး။ ပြေးတာများ လှစ်ခနဲ့ လှစ်ခနဲ့ဘဲတော့ ကိုသောင်းရယ်..ဟယ်.. ကလေးလေးတွေ ကြိုးစားရှာတယ်” ဟု ပြောလဲ ပြော၊ လက်ခုပ်လဲတီး အားပေးတာများ ကိုသောင်းမြင့်တောင် ဘောလုံးပွဲကို အာရုံ မနဲစိုက်နေရသည်။

မြန်မာအသင်းက ဂိုးစရတော့ မသူဇာတယောက် ထခုန်ပြီး အားပေးတာ ထမိန်ကျွတ်မလိုလို ဖြစ်သွားကြောင့် ကိုသောင်းမြင့် က ငေါက်ယူရသည်။ ပြီးတော့ ဂိုးဧရိယာထဲ လက်ထိလို့ ဆိုသောကြောင့် မြန်မာအသင်း ပင်နယ်တီပေးရ ပြန်တော့ ဘောလုံး ဥပဒေကို နားလည်ဖို့ မသူဇာကို အတော်ကြီးရှင်းပြလိုက်ရသည်။

ဘောလုံးကို ဂိုးဧရိယာထဲမှာ လက်နဲ့ထိရင် တမင်ရည်ရွယ်ထိသလား။ ပုတ်ထုတ်သလား။ ဒါဆိုရင်တော့ ဘောလုံးက သူ့ လက်နဲ့မပုတ်ထုတ်လို့ ဂိုးဝင်တော့မည်ဟုဆိုလျှင် အနီကဒ်ကော၊ ပင်နယ်တီ တည်ကန်ဘောပါ ပေးနိုင်ကြောင်း။ မရည်ရွယ် ဘဲ ဘောလုံးက လက်ကိုလာထိပြီး ဘောလုံးက ဂိုးမ၀င်နိုင်သည့် အနေအထားဆိုလျှင် ဒိုင်က ဘာမှအရေးမယူဘဲလဲ နေမယ်ဆို နေနိုင်ကြောင်း။ သို့သော် အခုလို ဂိုးဧရိယာထဲကိုဖြတ်ဝင်လာသည့်ဘောလုံးက ဂိုးအဖြစ်ပြောင်းလဲနိုင်သည့် တဖက် ဘောလုံးသမားတွေဆီဦးတည်နေသည်ဆိုလျှင်ရင်တော့ ပင်နယ်တီပေးမယ်ဆို ပေးလို့ရကြောင်း။ မပေးဘဲ နေမယ် ဆိုလဲ ရနိုင်ကြောင်း။ ဒါပေမယ့် အိမ်ရှင်ဆိုသည့် အခွင့်အရေးဆိုတာ နည်းတဲ့အခွင့်အရေးမဟုတ်ကြောင်း မသူဇာကို ရှင်းပြ တော့ မသူဇာက မကျေနပ်သော်လည်း ပါးစပ်ပိတ်သွားသည်။ ဆက်ပြီးအားပေးသည်။ ပြီးတော့ စင်္ကာပူရောက် မြန်မာ ပရိတ်သတ်ကြားထဲမှာ သူ့တူမတွေများပါလေမလားဆိုသည့်ဇောဖြင့် တီဗွီကနေ မျက်လုံးမခွာ။

နောက်ထပ် မြန်မာအသင်းက ဂိုးထပ်ရပြန်တော့ မသူဇာတယောက် အသံကုန်ဟစ်အော်တာများ ဘေးအိမ်က ရပ်ဆွေ ရပ်မျိုးတွေက ရန်ဖြစ်သည်ထင်သောကြောင့် လှမ်းမေးကြသဖြင့် ကိုသောင်းမြင့်ခမျာ မနည်းကြီး ထရှင်းယူလိုက်ရသည်။ စင်္ကာပူက ရန်လိုနေသည့် ကျောနံပါတ်နှစ်ကို မသူဇာ ဆဲတာများ ပြစ်ပြစ်နှစ်နှစ်။ “မသာ သေချင်းဆိုး ကာလာနာ မပွေးကိုက် ကလေးတွေကို ရန်မစနဲ့။ ဇရှိရင် ငါနဲ့လာချ။ နပန်းလုံးပြစ်မယ်” ဟု ဆဲသောကြောင့် “ဟာ ဒီမိန်းမ ကိုယ့်စကားကိုယ် ဘယ်ရောက်လို့ ရောက်မှန်းမသိ။ တော်စမ်း” ဟု ငေါက်ရပြန်သည်။ ပွဲပြီးတော့ မြန်မာအသင်းက စင်္ကာပူအသင်းကို နှစ်ဂိုး တဂိုးဖြင့် နိုင်သည်။ မသူဇာ ပျော်သည်။ ကိုသောင်းမြင့် ပျော်သည်။ ပြီးတော့ …
မသူဇာက ဘောလုံးပွဲ အချိန်မိနစ်ကိုးဆယ်အတွင်း စိတ်နှစ်ပြီး အားပေးသည်။ ဆဲစရာရှိတာ ဆဲသည်။ အော်စရာရှိတာ အော်သည်။ လက်ခုပ်တီးစရာရှိတာ တီးသည်။ ကလေးတွေ ကြိုးစားသည်။ စည်းကမ်းကောင်းသည်။ စိတ်ထိန်းသည်။ တော်ကြသည်။ ဒါဘဲ။ ကိုသောင်းမြင့်ကတော့ ပွဲပြီးပေမယ့် မီးမသေ။ ဒီပွဲတခုလုံးကို ခြုံကြည့်ရရင် စင်္ကာပူတွေ ညစ်ကြောင်း။ စင်္ကာပူရန်းတွေတာ ဒီလိုဘဲ ဖြစ်ကြောင်း ဆရာကြီးလေသံဖြင့် သူ့ကို ဘယ်သူကမှမမေးပါဘဲ ဘောလုံးဘ၀နာကို သူ၏ တဦးတည်းသောယောဂီ မသူဇာသို့ ပွားများတော့သည်။

“အဲဒီကောင်တွေ စင်္ကာပူရန်းတွေလို့ မထင်နဲ့ကွ။ မွေးစားသားတွေ။ ဒီကောင်တွေက မျိုးရိုးဇာတိ ဘာမှရှိတာ မဟုတ်ဘူးရယ်” ဟု သူ့တပည့်မ ယောဂီမကြီး မသူဇာကို ပြောပြန်သည်။

“အဲဒီကုလားကောင်တွေကို နိုင်လိုက်ရတာကိုက ငါတို့ရဲ့ အမြတ်ဘဲကွ” လို့ ဆိုပြန်တော့လဲ ယောဂီမကြီးက အင်းမလှုပ်၊ အဲမလှုပ် သာဓုမခေါ်။

“တွေ့လား…မြန်မာ့သွေးဆိုတာ ဒါဘဲကွ။ စင်္ကာပူရန်းတွေထက် မြန်မာတွေက သာတယ်ဆိုတာ သက်သေပြလိုက်တာကွ” ဟု လွန်လွန်ကြူးကြူးကြီး လက်ပန်းပေါက်ခပ်သည့် စကားတွေ ဆိုသောအခါ သူ့ယောဂီမကြီးက တပည့်မကြီး အဖြစ်မှ ရန်သူမကြီး အဖြစ်သို့ ပြောင်းသွားလေသည်။

“တော့် ကိုသောင်း..တော်ပါတော့ရှင်။ ဘောလုံးပွဲဘဲ။ ကြည့်ပေါ့။ အားပေးပေါ့။ မတရားဘူးထင်ရင် ဆဲပေါ့။ အော်ပေါ့။ ရှင့် ဟာက ဘာမှမဆိုင်တဲ့ ကုလားတွေရော၊ မွေးစားသားတွေရော၊ သူတို့ထက် သာတာတွေရော ပိုတာရှင်” ဟု စကားထောက် တော့သည်။

“ဟ ငါပြောတာ မှားနေလို့လား။ အခု ကြည့်စမ်း။ ကစားကွက်လဲ အသာကြီး။ နိုင်တာများ ကျွဲနိုင် နွားနိုင်ကွ..ဟား…ဟား..ဟား” ဟု စစ်သူကြီး မဟာဗန္ဓုလ ပန်းဝါတိုက်ပွဲတွင်နိုင်သောကြောင့် ကျေနပ်ပြီး ရယ်နည်းမျိုးဖြင့် ရယ်သည်။ မသူဇာ မြင် ပြင်း အကတ်ကြီး ကတ်လေပြီ။

“အိုတော်…ဘောလုံးပွဲလေး တပွဲနိုင်တာနဲ့ ကျွဲနိုင်၊ နွားနိုင်လို့ ပြောရလောက်အောင်လဲ  မဟုတ်သေးပါဘူးတော်။ ဘောလုံးပွဲ ဘဲ ရှုံးချင်လဲ ရှုံးနိုင်တာဘဲ။ နိုင်ချင်လဲ နိုင် နိုင်တာဘဲ။ သိပ်ပိုတာဘဲ။ ဘောလုံးပွဲတပွဲနိုင်တာနဲ့ မြန်မာနိုင်ငံကြီးက စင်္ကာပူကိုမှီ တော့ မလိုလိုပြောနေတာ ရှင့်နှယ် ဟင်း..ဟင်း…ဟင်း” ဟု ပြောပြန်သည်။

“မင်းက ဘာလဲ။ ကိုယ့်နိုင်ငံကိုယ် မချစ်ဘူးလား။ ကိုယ့်လူမျိုး ကိုယ်မချစ်ဘူးလား။ ကိုယ့်အသင်းနိုင်လို့ ပျော်တာတောင် နိုင် ငံဆင်းရဲ၊ ချမ်းသာ စဉ်းစားရအုံးမှာလားကွ။ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ကွာ”

“ရှင့်ဘာသာ ဘယ်အပေါက် ဂလိုင်နဲ့ခေါက်တယ်ပြောပြော၊ ဘာပြောပြော ကျွန်မပြောတာ ရှင်းရှင်းလေး။ ဘောလုံးပွဲနိုင် ပျော်ပေါ့။ အခုတော့ ရှင်သာ မဆိုင်တဲ့ကုလားတွေ၊ မွေးစားသားတွေပြောနေတာ။ ကျွန်မက လူမျိုးလဲ ချစ်တယ်၊ နိုင်ငံလဲ ချစ်တယ်။ ကိုယ့်နိုင်ငံ ကိုယ်ချစ်ရုံနဲ့ ကိုယ့်ဘောလုံးအသင်း ကိုယ်ချစ်ရုံနဲ့ သူများကို မွေးစားသားလေး၊ ကုလေးလေး လုပ် နေတာ ကောင်းသလား စဉ်းစားပေါ့။ ပြီးတော့ ရှင်ဘဲပြောဘူးတယ်လေ။ ဘောလုံးပွဲတွေမှာ အိမ်ရှင်က အနည်းနဲ့ အများ တော့ ဇာကျယ်တာဘဲဆို။ တိုးတက်တဲ့ ဥရောပနိုင်ငံတွေရဲ့ ဘောလုံးပွဲတွေမှာတောင် ဧည့်သည်အသင်းနဲ့ အိမ်ရှင် ပရိတ် သတ်တွေ ရန်ဖြစ်ကြတာ လူတွေ ဘာတွေတောင် သေကြဆို။ အခု စင်္ကာပူက သူ့အိမ်မို့ နည်းနည်းဇာကျယ်ချင်တာ ဘာထူး ဆန်းလဲတော့။ လူ့သဘာဝဘဲ။ ရှင့်သမီးတောင် ဘေးအိမ်က ကလေးတွေ လာဆော့ရင် ဗိုလ်ကျသေးတာဘဲ။ အကြီးအကျယ် မဖြစ်ပြီးရောပေါ့။ မဆိုင်တာတွေ လျှောက်ပြောနေတယ်။”

“မင်းတို့လိုလူတွေကြောင့် စင်္ကာပူရန်းတွေ ဇာကျယ်တာကွ။ အဲဒီလိုလူမျိုးတွေအောက် မင်းတူမတွေ ကျွန်ခံနေရတာ” ဟု လွန်လွန်ကျူးကျူး စကားတွေ ကျွံကုန်သည်။

“ကိုသောင်းမြင့်…ရှင်ဘဲ ကျွန်မတူမတွေကို ဘာလေး ၀ယ်ပို့ခိုင်းလိုက်၊ ဟိုဟာလေး ၀ယ်ပို့ခိုင်းလိုက်နဲ့။ စင်္ကာပူကို လိုက်လည် ချင်ရတာနဲ့။ သူတို့ပြန်လာလို့ လာကန်တော့ရင်လဲ ရှင်ဘဲ လျှာကြီးတစ်လစ်နဲ့ လက်ဆောင်ထုပ်ကို အရင်ဖွင့်ကြည့်တာ အမော။ ကလေးတွေနဲ့ ဘာမှ မဆိုင်ဘူး။ ကိုယ့်နိုင်ငံ မကောင်းလို့၊ ကိုယ့်နိုင်ငံမှာ လူငယ်တွေကို ဘ၀လုံခြုံစိတ်ချရမယ့် အလုပ်မပေးနိုင်လို့ သူများဆီမှာ အလုပ်သွားလုပ်ရတာ အလုပ်ပေးထားတဲ့သူကို ကျေးဇူးတောင် တင်ရအုံးမှာ။ အမျိုးဇာတိ မာန်ထက်သန်တယ်ဆိုပြီး အချင်းချင်းဇာကျယ် သူများနဲ့ဆိုရင် ဖင်ပေးပေါင်းတဲ့ လူကြီးတွေရဲ့ လေသံ မလိုက်စမ်းပါနဲ့တော်။ အခု ကလေးတွေ ဟိုမှာအလုပ်သွားလုပ်တယ်။ ရသင့် ရထိုက်တဲ့ လုပ်ခလစာရတယ်။ လုံလုံခြုံခြုံနေလို့ရအောင် စင်္ကာပူက ဖန်တီးပေးထားတယ်။ သူများနိုင်ငံ အလုပ်သွားလုပ်မှတော့ ဒီထက် ဘာများမျှော်လင့်ချင်သေးတာတုံး။ ရှင်လဲ စာဖတ်တာ ဘဲ။ အရင် လွတ်လပ်ရေးမရခင်က အိန္ဒိယလူမျိုးတွေ မြန်မာနိုင်ငံလာလုပ်တော့ မြန်မာတွေက သူတို့ကို ဘယ်လို ခေါ်ကြ သလဲ။ ခေါ်တောကုလားတဲ့။ ချီးကျုံးကုလားတဲ့။ ကိုယ့်တုံးက စွတ်နှိမ်ကြပြီးမှ သူများကြမှ အရမ်းနှိမ်တယ်လေး။ ဘာ လေးလုပ်လို့ရမလား။ အနှိမ်မခံချင် သူတို့လိုဖြစ်အောင် ကြိုးစားပေါ့။ တော်ပါ။ ဆက်ပြောရရင် နိုင်ငံရေးဘက်ရောက်တော့ မယ်။ နိုင်ငံတော့ တိုးတက်အောင် ဘာမှမလုပ်ပေးနိုင်ဘဲ ၀ါးလုံးခေါင်းထဲလသာတဲ့ အမျိုးဘာသာ သာသနာလုပ်နေတဲ့ လူ တွေနဲ့ ရှင်နဲ့အတူတူဘဲ။ တော်ပြီ။ ပြောရတာမောတယ်။ ဘူလုံး နားမထွင်းတွေ။ ပဲပြုတ်နဲ့ ဆားနဲ့ နယ်ဆီတောင် မဆမ်းနိုင်ဘဲ ဘုရားကပ်ပြီး အမျိုး ဘာသာ သာသနာ ကြီးပွားအံ့လုပ်နေတယ်…ဟဲ ဟဲ ဟဲ” ဟု စကားတွေ အများကြီး ပြောလဲ ပြော။ တွယ်လဲတွယ်။

မိန်းမတို့ သဘာဝအရ စကားကို အနိုင်နဲ့ ပိုင်းချင်သလား၊ သူ့ယောက်င်္ကျား ကိုသောင်းမြင့်ကြီး၏ မအီမလည်မျက်နှာကြီးကို မကြည့်ရက်သောကြောင့်လားမသိဘဲ မသူဇာ ထထွက်သွားတော့သည်။

တကယ်ဆိုရင် ဘောလုံးပွဲများသည် တဦးတယောက်၊ အဖွဲ့အစည်းတခု၏ ကိုယ်ပိုင်ပစ္စည်းများ မဟုတ်ကြ။ ဘောလုံးပွဲတွေကို ချစ်မြတ်နိုးကြသော သန်းထောင်ပေါင်းများစွာသော လူများ၏ ဘုံပိုင်အားကစားနည်း။ လူသားတို့၏ အသိဉာဏ်ပညာ၊ သန် မာမှု၊ ဖြတ်ထိုး ဉာဏ်၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်မာကျောမှု စသည့် ကမ္ဘာပေါ်ရှိ ဘယ်သက်ရှိမှ တုပမရသည့် လူသားတို့၏ ကိုယ်ပိုင်အားကစားနည်း။ သို့သော် ထိုသို့ အလွန်တန်ဖိုးရှိပြီး ချစ်စရာကောင်းသည့်ဘောလုံးပွဲကို ကိုသောင်း မြင့်လို အရောင်အစွန်း စွန်းထင်းစေချင်သည့်လူများကြောင့် ဘောလုံးပွဲများသည် တခါတရံ အရုပ်ဆိုးသွားတတ်ကြသည် မဟုတ်ပါလား။

မြန်မာကလေးတွေက တာဝန်ကျေအောင် စင်္ကာပူကို အနိုင်ကစားပေးခဲ့ကြသည်။ ကိုသောင်းမြင့်တို့ကတော့ သံသရာ အဆက်ဆက်၊ မျိုးဆက်အဆက်ဆက် လူအချင်းချင်း မုန်းအောင်၊ သံသယပွားအောင် ဘယ်လိုလုပ်ရမလဲ တွေးမိ ပြောမိ သောကြောင့် သူ့မိန်းမ စိတ်ကောက်တာကို ခံလိုက်ရသည်။ ထိုညက ကိုသောင်းမြင့်တယောက် ဧည့်ခန်းထဲမှာအိပ်ရင်း အိပ်မက်သည်။ အိမ်မက်ထဲမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်းနှင့် ကုလားအသင်း ဘောလုံး ကန်ကြ သတဲ့။ ဘောလုံးမနိုင်လဲ တွေ့ရာ ဖက်ကိုက်ကွာ။ တွေ့ကရာဆွဲလိမ်ချိုးကွာဟု အသင်းခေါင်းဆောင် လက်ပါတ်ကြီး ပါတ်ပြီး ကိုသောင်းမြင့်က အသံဝါကြီးနဲ့အော်နေစဉ် မသူဇာက “ကိုသောင်း..လာ အခန်းထဲလာအိပ်။ အပြင်မှာ ပူကပူ။ ခြင်ကကိုက်က ကိုက်နဲ့” ဟု လာနှိုးသတဲ့။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts