သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – စစ်ပွဲတွေရပ်ပါ

ငြိမ်းချမ်းအေး – စစ်ပွဲတွေရပ်ပါ
(မိုးမခ / သည်လေဒီးစ်နယူးစ်) ဇွန် ၂၊ ၂၀၁၅

မေလ (၁၆) ရက်နေ့ရက်စွဲနဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့် MNDAA တပ်နဲ့ ဖြစ်နေတဲ့စစ်ပွဲအတွင်း စီကော်လျံဒေသက တောင်ကုန်း တခုကို အစိုးရတပ်ဘက်က သိမ်းနိုင်ခဲ့ကြောင်းသတင်းကို စစ်တပ်နဲ့ စစ်တပိုင်းအစိုးရ သတင်းစာတွေ၊ ရုပ်သံလိုင်းတွေမှာ တွေ့လိုက်ရတယ်။  စစ်တပ်ရုပ်သံ မြဝတီကလည်း လောက်ကိုင်စစ်ပွဲ ရုပ်သံမှတ်တမ်းတွေ ညဆက်လွှင့်ထုတ်ရင်း စစ်ဝါဒ တွေ၊ စစ်ချီသံတွေ မပြတ်ညံနေစေတယ်။ ဖုန်းကြားရှင်ရဲ့ ကိုးကန့်တပ်ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ အစိုးရတပ်သဘော ထားတွေကိုလည်း ထင်ထင်ရှားရှား တွေ့နေရတယ်။  ဒါမျိုး စစ်ဆက်စပ်သတင်းတွေ အရင်ဆို ချက်ချင်းသိရဖို့ ခက်ခဲခဲ့ပေမဲ့ အခု ကိုးကန့်စစ်ပွဲမှာတော့ အစိုးရနဲ့စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ကောင်းကောင်းအသုံးချရင်း အကျအဆုံးသတင်းတွေ အပါအဝင် စစ်ရေးဆက်စပ်သတင်းတွေကို နောက်ပိုင်း မပြတ်ထုတ်ပြန်လာခဲ့တယ်။ ဟိုးအရင် စစ်အစိုးရလက်ထက်တွေ ပြည်တွင်းစစ်ပွဲတွေမှာ အစိုးရတပ်အရာရှိတွေ တိုက်ပွဲကျရင် ပုဂ္ဂလိကသဘော နာရေးကြော်ငြာတောင် ထင်ထင်ရှားရှား ထည့်ခွင့်ရခဲ့တာမဟုတ်ဘူး။  အခုတော့ လူတွေသေ၊ အထိနာတာကိုထုတ်ပြရင်း ပြည်သူ့ဆီက မျက်ရည်ချူကြတယ်။

လူထု လူအများ၊ နာမည်ကျော်ကြားသူ အနုပညာရှင်များနဲ့ အရပ်သားနိုင်ငံရေးသမား၊ လူနည်းစု လူမျိုးစုတွေ အထိုက် အလျောက်ရှိရာ ဥပဒေပြုလွှတ်တော်လိုမကျန် တိုင်းပြည်ရဲ့ အစုအဖွဲ့အသီးသီးကလည်း အခု ကိုးကန့်စစ်ပွဲကို ‘တရားသော စစ်’ ဆိုပြီး အစိုးရတပ်ဘက်ကို ထောက်ခံသမှုပြုလိုကြတာ သတိထားမိတယ်။

တကယ်တော့ စစ်ပွဲတိုင်းဟာ ပြည်တွင်းစစ်ချည်းပါ၊ လူသားတိုင်းဟာ သွေးချင်းညီအစ်ကိုပါ။ ခေတ်သစ်ကမ္ဘာမှာ စစ်ပွဲနဲ့ ပြဿနာကို ဖြေရှင်းခြင်းဓလေ့ဟာ အလုပ်မဖြစ်တော့ပါ။  ကောင်းသောစစ်နဲ့ ဆိုးသောငြိမ်းချမ်းရေး ဆိုတာ လူ့သမိုင်းမှာလည်း ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။  တရားသောစစ်၊ မှန်သောစစ်ဆိုတာလည်း မရှိပါ။ ခုခံစစ်၊ ကျူးကျော်စစ်ကို ကာကွယ်မှု၊ တရား သော တွန်းလှန်မှုဆိုတာ သွေးသံရဲရဲစစ်ကို စကားလုံးတန်ဆာဆင်ကြခြင်းသာ ဖြစ်ပါတယ်။  စစ်တိုက်ကောင်းအောင်၊ လူငယ်လေးတွေ မိဝေး၊ ဖဝေး၊ ချစ်သူခင်သူ အဝေး စစ်မြေပြင်မှာ သေချင်လာအောင်သာ စစ်ဖြစ်ရင် တရားစစ်၊ တော်လှန်စစ်၊ ခုခံစစ် မှန်ကန်တယ် လုပ်ကြရတာပါ။  စစ်ဖြစ်ကြရင် ဘက်နှစ်ဖက်လုံးက တရားတယ်၊ မှန်တယ်ဆိုမှာဖြစ်တဲ့အတွက် ပကတိ အမှန်တရား၊ တရားမှုဆိုတာ မဖြစ်တည်နိုင်ပါ။

စစ်ပွဲဆိုတာဟာ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုသူများအတွက်သာ အဖြေမှန်ပါ။  သူတို့အတွက်သာ အကျိုးရှိတဲ့ ဖြေ ရှင်းမှုပါ။  ပြည်တွင်း၊ ပြည်ပရန်တွေ ဝိုင်းနေပြီဆိုကာ အာဏာကို မလွတ်တမ်း ဆက်လက်ဆုပ်ကိုင်ချင်သူများအတွက်သာ စစ်ဟာ မှန်ကန်တဲ့ဖြေရှင်းမှု၊ နိုင်ငံရေး အောက်လမ်းနည်း လက်နက်ပုန်း ဖြစ်ပါမယ်။ ပြည်သူအများအတွက်ကတော့ အိမ် ရှေ့ပူ အိမ်နောက် မချမ်းသာ၊ ပြည်တွင်းစစ်၊ ပြည်ပစစ်၊ နယ်ခြားစစ်၊ ဘယ်လိုစစ်မျိုးကမှ အကျိုးမရှိပါ။

စစ်ပွဲကနေ စစ်ဗိုလ်ချုပ်ကြီးများ အာဏာ သြဇာ ကြီးစိုး မြဲနေပါမယ်။  ဒီစစ်ပွဲတွေကနေ ဒီမိုကရေစီစနစ်ရဲ့ ရွေးကောက်ပွဲတွေကို ခြိမ်းခြောက်လွှမ်းမိုးနေပါမယ်။  စစ်မီးရန်ကြောင့် လူထုရဲ့အသိအာရုံတွေ ဝေဝါးနေပါမယ်။ တဖက်မှာတော့ စစ်တပ်၊ အစိုးရနဲ့ အပေါင်းအပါ လက်နက်ပွဲစား၊ သွေးကုန်ကူးသူ ခရိုနီသူဌေးကြီးများက စစ်ပွဲတွေကနေတဆင့် ချမ်းသာမြဲ ချမ်းသာနေပါမယ်။  ပြည်သူထဲက ပြည်သူ့သား အစိုးရတပ်နဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်တွေ နှစ်ဖက်စလုံးက စစ်သားငယ်လေးတွေကတော့ သေရပါမယ်။  ဆင်းရဲတွင်းနက်လှရတဲ့ကြားက အခွန်ထမ်းပြည်သူများမှာလည်း စစ်စရိတ်စက ပိုလို့ ဝန်ထုပ်ဝန်ပိုးပိနေရ ပါတယ်။ အခုဆို စစ်တပ်ရဲ့ တိုက်ပွဲသတင်းတွေ၊ အဓမ္မ လယ်ယာမြေသိမ်းမှုတွေ၊ အစိုးရနဲ့လွှတ်တော် လူကြီးမင်းများရဲ့ ‘မောစရာ’ နောက်ဆက်တွဲအပြည့်နဲ့ ငါ့စကားနွားရ ‘ရယ်စရာ’ အပြောတွေ၊ အလုပ်တွေ သတင်းကို မိုဘိုင်းလ်ဖုန်း အင် တာနက် ကနေ ဖတ်သိရဖို့ အတွက်တောင် အခွန် (၅) ရာခိုင်နှုန်းတောင်ဆောင်ရမလို ဖြစ်ခဲ့သေးမဟုတ်ပါလား။

ကိုးကန့်စစ်ပွဲ စကတည်းက လေတပ်အင်အား၊ လက်နက်ကြီးအင်အားတွေ ပြင်းပြင်းထန်ထန်သုံးနေတယ်။  ကချင်စစ်ပွဲမှာ လည်း သုံးတာပါပဲ။ အခု လောက်ကိုင်စစ်မှာ နယ်စပ်ကျော်ပြီး တရုတ်ပြည်ထဲအထိ ဗုံးဆန်တွေတွေကျတာရှိလို့ သူများကို လည်း လျော်ရသေးတယ်။  ဒီလို အသုံးပြုလိုက်တဲ့ ဗုံးဆန်၊ ကျည်ဆန်တိုင်းက ပြည်သူ့ဘဏ္ဍာတွေပါ။  လူထုအတွက် ဆေး ရုံ၊ ကလေးတွေအတွက် စာသင်ခန်း တည်ဆောင်နိုင်တဲ့ငွေတွေက စစ်မြေပြင်မှာ အလဟဿဖြန်းတီးရင်း မဆိုင်တဲ့ လူအများကိုပါ အသက်၊ အိုးအိမ်၊ စည်းစိမ် အတိဒုက္ခရောက်စေနေတယ်။  အဆိုးဆုံးက တိုင်းပြည်ကို အဝီစိအထိ ဆွဲချခဲ့တဲ့ စစ်ဝါဒ ဆက်လက်ရှင်သန်ကြီးထွားရေးကို အားပေးသလို ဖြစ်နေခြင်းပါ။  အခြားတိုင်းရင်းသားလက်နက်ကိုင်များနဲ့ တည် ဆောက်နေတဲ့ ငြိမ်းချမ်ရေးကို ထိပါးစေခြင်းပါ။ လူနည်းစုလူမျိုးများအကြား စိုးရိမ်မှု၊ မယုံကြည်နိုင်မှု၊ ငါတို့ဘက် အမြောက် တွေ၊ သေနတ်တွေ၊ လေယာဉ်တွေ အချိန်မရွေး လှည့်လာနိုင်တယ်ဆိုတဲ့စိတ် တိုးပွားစေခြင်းပါ။  ဒါတွေဟာ တိုင်းပြည်မှာ ပြည်တွင်းစစ် အလုံးစုံရပ်စဲရေး အလှမ်းဝေးစေပါတယ်။

ဒီနေရာမှာ အရေးကြီးတာက သာမန်လူထု လူအများရဲ့ အသိရေချိန်နဲ့ အမြင်သဘောထား ခံယူချက်ပါ။  ဘယ်သူသေသေ ငတေတွေအမြဲမာစေဖို့သာ အားစိုက်တတ်သူတစု သက်ဆိုးရှည် ကောင်းစားဖို့ရာ တိုင်းရင်းသား ပြည်သူလူထု အများစု သွေးချောင်းအစီးခံရနေရတဲ့ အကြောင်းအမျိုးမျိုးပြ ပြည်တွင်းစစ်မီးငြိမ်းဖို့ကြိုးစားရာမှာ လူထုရဲ့ မှန်ကန်တဲ့သဘောထား ရပ်တည်မှုက အရေးကြီးပါတယ်။  တရုတ်အစိုးရအပေါ် ခေတ်အဆက်ဆက်နဲ့လက်ရှိတိုင် စစ်အစိုးရ၊ စစ်ဗိုလ်ချုပ်ကြီးများ မှီခိုအားထားနေရခြင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး အသာစီးရနေခြင်း၊ လူမျိုးရေးဆက်စပ်အမြင် ရှိကြခြင်း စတာတွေကနေ အခု ဖုန်းကြားရှင် ကိုးကန့်အဖွဲ့ကို လူအများ မလိုလားနိုင်ကြဘူး။  တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်လို့ အသိ အမှတ်ပြုမပေးချင်ကြဘူး။

လူမှုကွန်ရက် အင်တာနက်အွန်လိုင်းလို လူအများ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တဲ့နေရာမျိုးမှာဆို ဒီအချက်က သိသာလှ ပါတယ်။  စစ်တပ် ထောက်ခံလိုလားသူများဘက်ကလည်း လူမျိုးရေး အသားပေးလိုက်၊ ဘိန်းဓားပြ တပ်လုပ်လိုက်နဲ့ အင် တိုက်အားတိုက် မှိုင်းတိုက်နေကြတယ်။  စာနယ်ဇင်း တချို့မှာ နေရာရတဲ့ စစ်ဝါဒ အစွယ် နောက်ခံ သူ့လူ ကိုယ့်ဘက်သား ပဉ္စမံတပ်သားများရဲ့ မသိမသာ လော်ဘီလုပ်မှုများကလည်း ထိရောက်မှုကြီးပါတယ်။  ဒီလို  စစ်ဝါဒကြီးစိုးရေး အမှုတွေမှာ လူသာမန် လူထုက ဝင် ‘သိဒ္ဓိ’ တင်ပေးနေခြင်းက တိုင်းပြည်မှာ ရာစုဝက်ကျော်ရှင်သန်ခဲ့ပြီး လူအများကို ချွတ်ခြုံကျ လူမွေး လူရောင်မပြောင်စေခဲ့တဲ့ စစ်ဝါဒကို အားပေးရာရောက်ပါတယ်၊ စစ်ကျွန်ခံလိုမှု မြောက်ပါတယ်။

စစ်လိုလားသူ ‘War-mongers’ များဟာ နိုင်ငံတော်အလံတွေ၊ သီချင်းတွေ၊ စစ်ချီတေးတွေ၊ စစ်ရုပ်ရှင်တွေနဲ့ တိုင်းပြည်ချစ် စိတ်ဗန်းပြ စစ်ပွဲတွေကို အမွှန်းတင်ပြကြတယ်။  ‘အမိမြေမှသားကောင်းများ’ တို့ ‘သေသော်မှတည့် သြော်.. ကောင်း၏’ တို့ လုပ်ပြကြတယ်။ ဒီလို ‘နိုင်ငံတော်’၊ ‘တိုင်းပြည်’၊ ‘လူမျိုး’၊ ‘မျိုးချစ်စိတ်’ စတဲ့ လူမှုနိုင်ငံရေး စကားလုံး တည်ဆောက်မှု တွန်း အားများကြားမှာ တကယ်သေရမယ့်သူတွေ၊ ခြေပြတ် လက်ပြတ်ဖြစ်မယ့်သူတွေဟာ လူသားပကတိ စိတ်ခံစားမှုတွေ ပျောက်ကုန်ကြရတယ်၊ လူသားခံစားချက် ကို ဖိနှိပ် ကွယ်ဝှက်ထားရတယ်။  ဒီနောက်ခံမှာ မီးခိုးတွေ၊ ယမ်းနံ့ တွေ အပြည့်နဲ့ လေထု ရှိတယ်။  သွေးစက်တွေ၊ သွေးဗွက်တွေ အိုင်ထွန်းနေတဲ့ မြေကြီး ရှိတယ်။  ပူဆွေးသောကရောက်နေရတဲ့ လင်သေ၊ သားသေ၊ အမိ မဲ့၊ အဖမဲ့ ငိုကြွေးတပ်ကြီးလည်း ရှိတယ်။  ဆုတောင်း မေတ္တာ မနားတမ်းပို့သနေရတဲ့ ဘုရားရှိခိုး တပ်ကြီးလည်း ရှိတယ်။  စစ်ဆိုတာ ပါးစပ်နဲ့တိုက်ရတာ လွယ်ပါတယ်။  ရုပ်ရှင်ကြည့်ရရင် ကောင်းပါတယ်။  ကလေးအတွေးနဲ့ စိတ်ကူးယဉ် ရင်း စစ်သူရဲကောင်းကြီးတွေလုပ်ရတာ အားကျစရာပါပဲ။  ဒါပေမဲ့ လက်တွေ့မှာတော့ စစ်ဟာ ခင်စရာမကောင်း၊ နှစ်လိုဖွယ် မရှိ၊ အားကျသင့်တဲ့ အရာမျိုး မဟုတ်ပါ။

အွန်လိုင်းစစ်သွေးကြွများရဲ့ ကီးဘုတ်တွေကနေ ထွက်ကျလာတဲ့ စကားလုံးတွေလို မဟုတ်ဘဲ လူကို တကယ်သေနိုင်၊ သတ်နိုင်တဲ့ ကျည်ဆံအစစ်တွေ၊ ဗုံးဆံ အစစ်တွေကသာ တကယ့် စစ်မြေပြင် လောက်ကိုင်မှာ နေရာယူရတာပါ။  လူ့အသက် တွေကို တကယ် ဇီဝန်ခြွေစေပါတယ်။  ကီးဘုတ်စစ်ဆင်ရေးသမားများက သွေးမဆိုနဲ့ အအေးခန်းထဲမှာ ချွေးတောင် ထွက် ချင်မှ ထွက်နိုင်ပေမဲ့ တကယ့် စစ်မြေပြင်မှာ စစ်သားလေးတွေဟာ ချွေးလည်းထွက်၊ သွေးလည်းထွက်၊ အူလည်း အခွေလိုက် ထွက်နေရပါတယ်။  တကယ့်စစ်ပွဲမှာ ရဲဘော်မသေ၊ သေသော် ငရဲလား မလား မသိနိုင်ပေမဲ့ အပြင်လက်တွေ့ မြေပြင်မှာတော့ လူသား အသက်တွေဟာ တကယ် တမုဟုတ်ချင်း ထွက်နေရပါတယ်။  သွေးစိမ်းရှင်ရှင်၊ သွေးသံရဲရဲ ဖြစ်နေပါတယ်။  ဗိုက် ဟောင်းလောင်း ပွင့်၊ ခြေတွေ လက်တွေ လွင့်စင် တစစီ ဖြစ်နေရပါတယ်။

ဒါတွေအားလုံးဟာ တကယ့် အရှိတရား တွေပါ။  စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်းမှာ လောက်ကိုင်စစ် အောင်ပွဲ ရုပ်သံများနဲ့ လူထုကို မှိုင်းတိုက်ရုံ၊ အွန်လိုင်းမှာ ကီးဘုတ်နဲ့ စစ်သွေး စစ်မာန် တက်ကြွနေသူများ မီးလောင်ရာ လေပင့် ဓား တသွေးသွေး၊ ဟန်ရေး တပြပြ ပါးစပ် စစ်တိုက်၊ လက်ကမြင်းကြောထပြီး တရားသောစစ် ဆိုရုံနဲ့ ‘စစ်’ ဟာ လှမသွားနိုင်၊ စစ် အနိဋ္ဌာရုံက အကျည်းတန် မြဲ တန်နေမှာသာ ဖြစ်ပါတယ်။  နောက်ဆက်တွဲ စစ်ဒဏ်ရာ ဒဏ်ချက်တွေကလည်း တိုင်းပြည်ရဲ့ နှစ် (၆၀) ကျော် ပြည်တွင်းစစ် သမိုင်းနဲ့အတူ မျက်မှောက်နဲ့ အနာဂတ်တိုင်းပြည်ကို မကောင်း ရိုက်ခတ်၊ မတူကွဲပြား တိုင်းရင်းသား လူမျိုးစုတွေကြား အရိပ်မည်းကြီး အဖြစ် ထိုးနေဦးမှာသာ ဖြစ်ပါတယ်။

‘ကောင်းတာ လုပ်ရင်၊ မှန်တာ လုပ်ရင်၊ တိုင်းပြည်ကို ကာကွယ်တာဆိုရင် အသိအမှတ်ပြုရမှာပေါ့..’ ဆိုပြီး လူတချို့ ဆင်ခြေ ပြန်ဆိုချင်ကြပါမယ်။  တကယ်တော့ စစ်အုပ်စု အာဏာတည်မြဲရေး၊ ဒီခေတ်စနစ်၊ ဒီအသိုက်အမြုံ အုပ်စု အကျိုးစီးပွား ရေရှည်တည်တံ့လိုတဲ့ အရင်းခံစိတ်နဲ့ ပြုမူသမျှမှာ တိုင်းပြည် လူထုအများအတွက် ‘ကောင်းတာ’ ရယ်လို့ မရှိပါဘူး။  ဒါတွေ အားလုံးဟာ ဒီလူတစု ထင်တိုင်းကြဲ အာဏာယူ မင်းမူခွင့်ရနေတဲ့ စနစ်ဆိုး တည်မြဲစေဖို့ စနစ်ဆိုး စက်ရုံလည်ပတ်ရာ ခွေး သွားစိပ်တွေချည်းပါပဲ။ လူထုအများကို ထောင်းထောင်းကြေစေမယ့် မောင်းထောင်းစက်ချည်းပါ။  တင်းကျပ်စေမယ့် မူလီ တွေချည်းပါပဲ။  စစ်ပွဲ၊ စစ်ဝါဒနဲ့ စစ်သွေးစစ်မာန်၊ စစ်ဟန်၊ စစ်ဓလေ့ထုံး အားလုံးဟာ တိုင်းပြည်ကို ချောက်ထဲ ဆွဲချနေတဲ့ မောင်းတံတွေချည်းပါပဲ။  လူအများကို ဆင်းရဲတွင်းနေစေတဲ့ တူးဆွချက်တွေချည်းပါပဲ။  ဒါကို လူအများ အခြေခံကျကျ နား လည်ဖို့ လိုပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့် လမ်းကြောင်းမှုမှန်သမျှ အလုပ်ဖြစ်နေရခြင်း၊ ၂၀၀၈ စစ်ဖွဲ့စည်းပုံနဲ့ လက်ရှိ စစ်တပိုင်းလွှတ်တော် နိုင်ငံရေးလမ်းကြောင်း ဒီလမ်း ဒီစခန်း အောင်မြင်နေရခြင်းအကြောင်းမှာ စစ်တပ်အစိုးရ မှိုင်းတိုက်သမျှ ကို အသိမှတ်မဲ့ မစဉ်းမစား မတွေးခေါ် အပြုံးမပျက် အလိုတူ အလိုပါ လိုက်ယိမ်းကနေကြခြင်း၊ နိုင်ငံရေး အသိမဲ့၊ နိုင်ငံရေး သတိမဲ့မှုကြောင့်ဆိုတာ အဓိက ပါ ပါတယ်။  တရုတ်အမုန်းရောဂါအခံလေးနဲ့ ကိုးကန့် လောက်ကိုင်စစ်ပွဲတွေမှာ သာမန်လူ အများ ဆက်လက်စစ်သွေးမကြွချင်ကြပါနဲ့တော့။ ဒီစစ်ကြောင့်ပဲ၊ ဒီစစ်မီးကိုမွှေးလျက် စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည် ကုတ်ခွစီးနေတာ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။  တိုင်းပြည်လည်း စစ်ဒဏ်၊ စစ်နာကျလှပါပြီ။

အခု စစ်တပိုင်းအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဝန်ကြီး ဗိုလ်ချုပ်ဟောင်းတွေကတော့ ‘အာ’ ကောင်းကောင်းနဲ့ ဆိုနေ ကြပါတယ်။ ငြိမ်းချမ်းရေး မရရင်၊ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်ရင် ဆန္ဒပြပါမယ်တဲ့။  နောက်အစိုးရကို ကောင်းမွန်တဲ့ အမွေတွေပေးခဲ့ချင်တယ်၊ အပူထုပ်တွေ မပေးခဲ့ချင်ပါဘူးတဲ့။  နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် ရည်မှန်းတဲ့ ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့ အခြေခံဥပဒေပြင်ရေးအပါအဝင် နိုင်ငံရေးဖြေရှင်းမှုတွေကို အားလုံးကိုယ်စားပြုမှု၊ သဘောတူ ညီမှုနဲ့ ပြုလုပ်မယ်လို့လည်း ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်က စကားအလှတွေနဲ့ အာမပန်းတွေခံလိုက်ပြန်ပါပြီ။  တကယ်လက်တွေ့ စစ်တပ်နဲ့ စစ်ဝါဒကြီးစိုးရေး စနစ်တကျ စီစဉ်ရေးဆွဲထားတဲ့ (၂၀၀၈) ဖွဲ့စည်းပုံ ပြင်ရေးနဲ့ စစ်ပွဲတွေရပ်ရေး ကတော့ စကားအရာလောက် မလွယ်ကူလှပါဘူး။  အရင်ဆုံး လောက်ကိုင်ကိုးကန့်စစ်ကို ရပ်အောင်ပဲ လက်ရှိ တပ်မတော် ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာလုံအဖွဲ့ကို သမ္မတ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်က အောင်မြင်အောင် အမိန့်ပေး ကြည့်ပါဦး။  အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ အသံကိုသာ ပြန်ကြားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ဗိုလ်ချုပ်အဟောင်း အသစ်များရဲ့ ရွေးကောက်ပွဲ နီးလာချိန် စနစ်တကျ လှုပ်ရှားနေတဲ့ နိုင်ငံရေး အမြတ်ထုတ်မှု ငြိမ်းချမ်းရေး၊ ဖက်ဒရယ် အရေး အနှစ်မပါ စကားတွေကို ပြည်သူလူထု လူအများနဲ့ စာနယ်ဇင်းက နတ်ကရာကျီးမော့ မဖြစ်ကြပါနဲ့။  စစ်ပွဲတရက်တာရှည်လေ တိုင်းပြည် လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ ဆက်နစ်နာလေဆိုတာကို မပြတ်သတိပြု ကြပါ။  အားလုံးက အသိစိတ်ဓာတ်ရှိရှိ၊ ကျင့်ဝတ်တာဝန်သိသိနဲ့ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ငြိမ်းချမ်းရေး အတွက် စစ်ပွဲတွေရပ်ဖို့ ဝိုင်းဝန်းတောင်းဆို နေရာပေါင်းစုံက တနိုင်အသံတွေ ထွက်ကြဖို့ တိုက်တွန်းလိုက်ရကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
မေ ၂၀၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၆၂)၊ (၂၀၁၅) ခုနှစ် မေ (၂၂) ရက်နေ့ သောကြာနေ့ထုတ်၌ ပုံနှိပ် ခဲ့သည်။  ယခု မိုးမခတွင် အနည်းငယ် ပြင်ဆင်တည်းဖြတ် ဗားရှင်းကို အွန်လိုင်း ထပ်မံဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။

စစ်ပွဲတွေရပ်ပါ|| ဆောင်းပါး – ငြိမ်းချမ်းအေး ||မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်ြီဗဗ တပ်နဲ့…

Posted by The Ladies News on Wednesday, May 27, 2015


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts