ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

အေးငြိမ်း – အွန်လိုင်းတွင် လုပ်စားခံလိုက်ရသည့် စာရေးဆရာ၏ ဖွင့်ဟ၀န်ခံချက်

အေးငြိမ်း – အွန်လိုင်းတွင် လုပ်စားခံလိုက်ရသည့် စာရေးဆရာ၏ ဖွင့်ဟ၀န်ခံချက်

(မိုးမခ) ဇွန် ၂၊ ၂၀၁၅

၂၀၁၂ ခုနှစ်၊ ဇန္န၀ါရီလ၏ တစ်ခုသော တနင်္ဂနွေနေ့၌ ကျွန်ုပ် ပင်နင်စူလာသို့ သားအတွက်နို့မှုန့်ပို့ရန်သွားစဉ် ကျွန်တော်နှင့် ရင်းနှီးသောအစ်မကြီးနှင့် ထွေရာလေးပါး စကားစမြည်ပြောဆို၊ ထိုမှ ကျွန်ုပ်စာအုပ်များအကြောင်းပြောမိ။ ထိုအခါ သူက ကျွန်တော်တို့အနီးတွင်ထိုင်နေသော ခပ်ထွားထွား လူငယ်နှစ်ဦးနှင့် မိတ်ဆက်ပေးကာ . . .

သူတို့မှာ သူ့တူများဖြစ်ကြောင်း၊ ဘာအလုပ်လုပ်ကြောင်း၊ ကျွန်တော့်စာအုပ်များမှာ ဖတ်ရသူအများအတွက် အလွန်တန်ဘိုးရှိမည် ဖြစ်သဖြင့် အွန်လိုင်းတင်ကာရောင်းရလျှင် သင့်တော်လိမ့်မည်ဖြစ်ကြောင်း၊ အိုင်ဖုံး၊ အိုင်ပက်စသည်များတွင် ဈေးချိုချိုနှင့် ရောင်းလျှင် လူအများလက်သို့ချက်ချင်းရောက်လိမ့်မည်ဖြစ်ကြောင်း . . . blah . . . blah . . . . blah . . .

ကျွန်ုပ်မှာ မည်သူ့ကိုမှ မည်သည့်အခါမှ မလိမ်ညာခဲ့စဖူးသလို လူအများသည်လည်း ကျွန်ုပ်လိုချည်းပင် ဖြစ်လိမ့်မည်ဟု ခပ်ရိုးရိုး တွေးသူဖြစ်ရကား မည်သူ့ကိုမှ သံသယမျက်လုံးဖြင့် ကြည့်သူမဟုတ်ပါ။ အထူးသဖြင့် အပြောကောင်းသူများကို ခပ်လွယ်လွယ်ပင် ယုံလိုက်သူဖြစ်၏။ ကျွန်တော့်ထံမှ ပိုက်ဆံချေးသွားပြီး ပြန်မဆပ်သူများကိုပင် သူတို့မှပိုက်ဆံမရှိတာ ဘယ့်နှာလုပ်ပြန်ဆပ်မလဲ နင့်နှယ်။ ပေးတယ်လို့ သဘောထားလိုက်ဟု အစ်မနှင့် အမျိုးသမီးဖြစ်သူတို့ကိုပြောကာ လျှော်ပစ်လိုက်သည်သာ ဖြစ်လေသည်။

ကြီးကျယ်ပြီး ကြွားသည်ထင်ချင်ထင်ပါ။ ကျွန်တော့်ပိုက်ဆံပြန်မဆပ်သဖြင့် လျှော်လိုက်တာတင် သိန်း ၁၄၀ (14,000 usd, 2015 exchange) ကျော်ပါသည်။ ကျွန်တော်စာရင်းလုပ်မပြတော့ပါ။ ယခင်ဘ၀များက သူ့ဆီကကြွေးယူထားခဲ့သောကြောင့်သာ ပြန်ဆပ်လိုက်ရတာဟုပင် အောက်မေ့လိုက်ပါသည်။ ထိုသူများအပေါ်လည်း မည်သို့မှ သဘောမထားခဲ့ပါ။)

(နည်းနည်းပိုရှည်ရလျှင် ကျွန်တော် စင်ကာပူမလာခင်က အကြွေး ၂ သိန်းကျော် တင်ခဲ့ဖူးပါသည်။ ထိုခေတ်က အမေရိကန် တစ်ဒေါ်လာမှ ၁၄၀ ကျပ်သာ ဈေးရှိသဖြင့် ၂ သိန်းဆိုသောပိုက်ဆံမှာ (1,500 usd) မနည်းလှပါ။ ထိုအကြွေးများအားလုံးကို ကျွန်တော် အရင်းသာမက အတိုးကိုပါတွက်ပြီး ပြန်ဆပ်ခဲ့ပါသည်။ ကိုနွဲ့ဝင်းစသော သူငယ်ချင်းများကမူ အတိုးမယူခဲ့ပါ။ ကျွန်တော်ကြွေးယူပြီး ပြန်ဆပ်ရန် ကျန်နေသေးသည်ဆိုလျှင် အိမ်လာပြီးသော်လည်းကောင်း၊ ဖုံးဆက်ပြီးသော်လည်းကောင်း၊ နင်ပဲငဆ ပြောပြီးသော် လည်းကောင်း ပွင့်ပွင့်လင်းလင်း တောင်းနိုင်ပါသည်။ ကြွေးယူသွားပြီး ပြန်ဆပ်ရန်မေ့နေရကောင်းလားဟု မကျေနပ်လျှင် ပါးကိုပါ ရိုက်သွားပါခင်ဗျား။ သည်ဘ၀တွင်တင်ခဲ့သော ကြွေးမြီများကို နောင်ဘ၀ထိသယ်သွားရန် ကျွန်တော့်တွင် အနည်းငယ်မှ ဆန္ဒမရှိပါ။)

ဆိုတော့ ကျွန်တော်လည်း သူတို့ကို အကြွင်းမဲ့ယုံကာ ကျွန်တော့်စာအုပ်များကို pdf version ဖြင့်ပေးလိုက်ပါသည်။ သို့သော် ၎င်းတို့က pdf ဖြင့်ဆိုလျှင် online တင်ရန်မလွယ် ဆိုသဖြင့် နောက်တစ်နေ့တွင် soft copy များပေးလိုက်ပါသည်။ စုစုပေါင်း ၃ အုပ် ထင်၏။ ပိုက်ပြင်ပိုက်ဆက်တောင် ပေးမိသလားမသိ။ မမှတ်မိတော့ပါ။ ပိုက်ပြင်ပိုက်ဆက်စာအုပ်နှင့်ပါဆိုလျှင် ၄ အုပ်ဖြစ်ပါသည်။

သူတို့ဆီပေးပြီးနောက် စာအုပ်များအခြေအနေ ဖုံးဆက်မေးကြည့်၏။ များသောအားဖြင့် သူတို့ဖုံးများမှာ ခေါ်မရတတ်ပါ။ လူကိုယ်တိုင်သွားတော့လည်း ဆိုင်တံခါးမှာ အမြဲပိတ်နေတာသာ တွေ့ရ၏။ တစ်ခါတလေ တွေ့ရသည့်တိုင် ဘာမှမထူးပါ။ မလုပ်ရသေးဘူး။ ဘာဖြစ်တယ် စသဖြင့်သာ အချိန်ကုန်ပါသည်။

အောက်တွင် သူတို့လုပ်ပေးထားသော အွန်လိုင်းစာအုပ်ကြော်ငြာဖြစ်ပါသည်။ သို့သော် ဖွင့်လို့မရ၊ အလုပ်မဖြစ်ပါ။

ကြာတော့ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်ပင် ထားလိုက်ပါသည်။ ပင်နင်ဆူလာမှ အစ်မကြီးကိုလည်း ဘာမှ မပြောခဲ့ပါ။ သူက ကောင်းစေချင်သည့်စေတနာဖြင့် လုပ်ပေးတာကိုး။ သူ့ကိုတော့ မယုံစရာမရှိပါ။
၂၀၁၃ ခုနှစ် မေလမှ သြဂုတ်လထိ စင်ကာပူပိုလီတွင် WSH Level D သွားတက်တော့ ကျောင်းတက်ဖော်မိတ်ဆွေ ကိုမိုက်ကယ် မင်းသိန်းက အစ်ကို့စာအုပ် ကျွန်တော်ဝယ်ထားတယ်ဗျ။ iPad မှာတောင် ၁၅ ကျပ်ပေးရတယ်ဗျာ ဟု ဆိုလေသော် ကျွန်တော့်မှာ အံ့သြလွန်း၍ သေလုမတတ် ဖြစ်ချေသည်။ သူဝယ်သည့်စာအုပ်မှာ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း ဖြစ်ပါသည်။ အစ်ကို သူတို့ဘယ်လောက်တောင် ရောင်းစားထားလဲမသိဘူးနော၊ သေသေချာချာ မေးကြည့်အုံးဆိုတော့ ကျွန်တော် ဖုံးဆက်ကြည့်သည်။ တစ်ယောက်မှာ Mac Zufriden: Tel: 9339 0389 ဖြစ်ပြီး နောက်တစ်ယောက်မှာ Tedd Lim: Tel: 9188 2090 ဖြစ်၏။ ထုံးစံအတိုင်း တော်တော်နှင့်ဆက်လို့မရ။ စိတ်ရှည်လက်ရှည်နှင့် ဆယ်ဂဏန်းလောက် ခေါ်ပြီးမှ ပြန်ထူးဖော် ရသည်။

ကိုယ့်လူ ကိုယ့်စာအုပ်တွေ အွန်လိုင်းမှာရောင်းရတယ်ဆို၊ ဘယ်စာအုပ် ဘယ်လောက်ရောင်းရသလဲ၊ ဘယ်ဈေးနဲ့ရောင်းသလဲ သိချင်တယ် ဆိုသော် ကျွန်တော်စာရင်းလုပ်လိုက်ပါဦးမယ် ဆို၏။ သို့နှင့် စိတ်ရှည်ရှည်ထားကာ နောက်တစ်ခါ ထပ်ခေါ်၊ မရ။ နောက်ထပ်ခေါ် မထူး။ ဤသည့်နောက် မည်သည့်အခါမှ ခေါ်မရတော့ပါလေ။ ရုံးဖုံးသည်ကား မည်သည့်အခါခေါ်ခေါ် ကိုင်မည့်သူ မရှိ။ ခုတော့ ထိုလိုင်းကိုပါ ဖြုတ်သွားပြီ။ ဟန်းဖုံးမှာမူ ခေါ်၍ရသည့်တိုင် ပြန်မထူးပါ။

သည်တစ်ချီလည်း ကျွန်တော်ကြွေးဆပ်လိုက်ရပြန်ချေပြီ။ မည်၍မည်မျှဆပ်လိုက်ရမှန်းတောင် သိခွင့်မရ။ ကျွန်တော်ကတော့ ဇာတ်တော်ထဲက ဘီလူးမနှင့်လူမတို့ ဇာတ်လမ်းကိုသတိရကာ ၎င်းတို့အား သင်ပုန်းချေလိုက်ပါသည်။ ၎င်းတို့အား အကြွေး မှတ်မထားပါ။ နောင်တွင်လည်း အကြွေးဆပ်မခံချင်ပါ။ နောက်ထပ်လည်း အကြွေးမဆပ်ချင်တော့ပါ။ သည်ဘ၀ သည်မျှနှင့် ရပ်လိုပါပြီ။

ကျွန်တော့်လို အညာမခံရစေရန် ၎င်းတို့၏ Name Card များ တင်ပေးလိုက်ပါသည်။ ဝေါင်ဝေါင်ရှေး၍ ဝေးဝေးက ရှောင်ကြပါ ဆိုသည့်အကြောင်း။

ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးတင်ပါသည်ခင်ဗျား။

အေးငြိမ်း

၃၁ မေလ၊ ၂၀၁၅။ နေ့လည် ၂း၃၃ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts