ဖိုးစီ (ရုံးတော) – ဋ္ဌာပနာအတွင်းသို့ ၀င်ကြည့်ခြင်း
(မိုးမခ) ဇွန် ၁၊ ၂၀၁၅
ကျနော်တို့ ပြည်တွင်း ဗုဒ္ဓဘာသာ အ၀န်းအ၀ိုင်းမှာ သံဃာအဖွဲ့အစည်း (Institution) က အရေအတွက် များသလို လူ့အဖွဲ့အစည်းမှာ သူ့ရဲ့ အရေးပါမှုကလည်း စစ်တပ်နဲ့ နင်လား၊ ငါလား အဆင့်မှာ ရှိပါတယ်။ ဒီအင်စတီကျူးရှင်းကိုပဲ တိုင်းပြည် ထဲက ဘာသာဝင်တွေရဲ့ ကိုယ်ကျင့်စာရိတ္တ (Moral) ခံတပ်ကြီးသဖွယ် အများက ၀ိုင်းဝန်း ကြည်ညိုထားကြကာ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အတွေးအခေါ်တွေ စုပြုံ ဋ္ဌာပနာ ထားရာ ရတနာသိုက် သဖွယ်လည်း ဖြစ်ပါတယ်။
ကျနော်တို့ ဋ္ဌာပနာ တိုက်ထဲကို ခဏလောက် ၀င်ကြည့်ကြစို့။
မထေရ်ကြီး သံဃာကြီးတွေမှာ သူ့ရဲ့ သက်ဆိုင်ရာ စာသင်တိုက်၊ ဂိုဏ်းဂဏ၊ သြဇာ လွှမ်းမိုးရာ နယ်ပယ် အသိုင်းအ၀ိုင်းနဲ့ တပည့်တပန်းတွေ အမြောက်အမြား ဆိုသလို ရှိကြပါတယ်။ စာတတ်ပေတတ် ကျမ်းတတ် ဆဒေါ်ကြီးတွေက ပညာရင်နို့သောက်စို့ လိုတဲ့ တပည့်တွေရဲ့ မှီခိုအားထားမှုနဲ့ ပညာရှေ့တန်းတင်ပြီး ကျော်စောတာ ရှိသလို တရားဟော တရားပြ တရားစာပေ အရေးအသားတွေနဲ့ နယ်ပယ်တစ်ခု ထူထောင်ပြီး မဟာထေရ်ကြီးတွေ ဖြစ်နေတာလည်းရှိပါတယ်။
အချို့ သော သံဃာကြီးတွေကတော့ ပညာရဲရင့်မှုအားနည်းလို့ ပွဲလည်မတင့်နိုင်တော့ရင် အာဏာလက်ရှိ အသိုင်းအ၀ိုင်းနဲ့ အပြန်အလှန် ဆရာ-ဒကာ အားပြုပြီး ကိုင်း-ကျွန်းမှီ လုပ်ကာ မတော်လောဘနဲ့ နာယက နေရာယူပြီး မိန့်မူးနေတာတွေလည်း အများကြီးပါ။ ဒီနေရာမှာ အချို့ နာယက ဆရာတော်ကြီးတွေဟာ တိုင်းဝန်ကြီးချုပ်၊ ၀န်ကြီး စတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆည်းကပ်ကြည်ညိုမှုကို ခံယူရာကနေ တချို့ကျ တပည့်က ဆရာကို ပြန်မွေးတာ ဖြစ်ပြီး တချို့ကတော့ ဆရာကိုယ်နှိုက်က တပည့်ကို မွေးယူရင်း တည်ဆောက် သွားတာမျိုးလည်း ရှိပါတယ်။ ဆိုလိုရင်းကတော့ သံဃမဟာနာယက ဆရာတော်ကြီးတွေထဲမှာကိုပဲ လူနတ်ချစ်ခင်ကြည်ညိုဖွယ်ရာ သီလ၀န္တ ပုဂ္ဂိုလ်ကြီးတွေလည်း အများအပြား ပါဝင်နေတာ တွေ့ရသလို ဓာတ်ဘုန်း နတ်ဘုန်း တောင်ပြုန်းမင်းနဲ့ မခြားတဲ့ ဘဘုရားတို့ရဲ့ ဆရာအရှင်တွေကိုလည်း ပေါ်ပေါ်တင်တင်ပဲ မြင်ရနိုင်ပါတယ်။
မကြသေးခင် နှစ်များဆီကတော့ ဦးဝိစိတ္တလေး (၀ီရသူ) ထောင်က လွတ်လာပြီး နောက်ပိုင်း နိုင်ငံရေးကျားကြီးတွေနဲ့ တွေ့ဆုံမှုတွေ အပြီးမှာ သံဃာ အင်စတီကျူးရှင်းထဲကို သီရိလင်္ကာက BBS – Bodu – Bala- Sena (ဗောဓု၊ ဗလ၊ သေန) သာသနာအရေး ခွန်အားပြည့်စစ်သည် အတွေးအခေါ်တွေ သွတ်သွင်းလာတာ အချိန်တိုအတွင်းမှာပဲ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှေက်ရေး (မဘသ) အဖွဲ့ အစည်းကြီး အဖြစ် အာဏာလက်ရှိ အစိုးရရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ ပေါ်ထွက်လာပါတယ်။ ဒါက ဦးဝိစိတ္တလေး ဟောပြောမှု သြဇာ သက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ နဂိုကတည်းက အမျိုးသားရေး စိတ်ကြွ သံဃာထုနဲ့ ပညာရေး ရေချိန်မှတ် နိမ့်နေတဲ့ စစ်အစိုးရ ရေအိုင်ငယ်ထဲက ဖားကလေးများ သဖွယ် မစွမ်းရင်း ရှိလို့ ကန်ဇွန်းခင်း ငြိကြတာလည်း ဖြစ်ပါတယ်။ ပြောရရင်တော့ ခေတ်အဆက်ဆက် အာဏာရှင်တွေ ရိုက်သွင်းထားတဲ့ မွတ်ဆလင်ဖိုးဘီးယား ရောဂါ အခံနဲ့ ရခိုင်ပြည်က နယ်စပ်တံခါး ချိုးဖျက်ခံထားရမှုတို့ အချိန်ကိုက်သွားတာဟာလည်း မဘသ အဖွဲ့ကြီး ရုတ်ချည်းအားကောင်းလာရခြင်းရဲ့ အကြောင်းအရင်းခံ ဖြစ်ပါတယ်။
ဆိုတော့ကာ လက်ရှိအာဏာပိုင် အစိုးရရဲ့ ကစားကွက်အောက်မှာ မဟန ဖြစ်စေ ၊ မဘသ ဖြစ်စေ ကိုယ့်အထာလေးနဲ့ ကိုယ် ဒကာမလျော့စတမ်း ကြိုးပမ်းအားထုတ်နေကြတာလည်း တွေ့ရနိုင်ပါတယ်။
ကျနော့် ကိုယ်ပိုင် အတ္တနောမတိ အမြင်နဲ့ ဝေဖန်ခွင့် ပေးလာမယ် ဆိုရင်တော့ မဟန သံဃာတော်ကြီးများဟာ မကောင်းတာ၊ မဟုတ်တာ လုပ်ဆောင်တာ နည်းပါးပြီး အကောင်း၊ အမွန်၊ အမြတ်၊ အမြင့်တွေနဲ့ပဲ နိစ္စဓူဝ ဟောပြော လုပ်ဆောင်နေကြတာက များပါတယ်။ သို့သော်လည်း တိုင်းပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အဆိုး၊ အပြစ်၊ အယုတ်၊ အညံ့ တွေ ဆိုရင်လည်း သဗ္ဗေသတ္တာ ကမ္မသကာ တရားနဲ့ မျက်နှာတော် လွှဲဖယ်တော်မူကြတယ် လို့ မြင်ပါတယ်။
မဘသ ဆရာတော်ကြီးများနဲ့ အင်အားကောင်းလှတဲ့ နောက်လိုက်တွေကတော့ သံဃ၊ သာသန စတဲ့ မွန်မြတ်လှတဲ့ ဝေါဟာရတွေနဲ့ မထိုက်လောက်အောင်ကိုပဲ အကောင်း၊ အမြတ်တွေကို မမြင်နိုင်ဘဲ သာသနာ့အရေး ဆိုသည်မှာ မွတ်ဆလင်ဆန့်ကျင်ရေး တစ်ခုတည်းသာရှိတော့သည့်ပမာ ပြောဟော လှုပ်ရှားနေကြတာ တွေ့ရပါတယ်။
ယခုအချိန်ထိတိုင်အောင် ဒီအင်အားစု (၂) စုမှာရှိတဲ့ ဦးဆောင် ဆရာတော်ကြီးများဟာ အသံထွက် မညီပေမဲ့ အစိုးရကိုဝေဖန်မောင်းမဲ စရာရှိလာရင်တော့ နှုတ်အဆိတ်ညီကြတာကိုလည်း အံ့စရာမလိုဘဲ တွေ့ရမှာဖြစ်ပါတယ်။ တဆက်တည်းပြောရရင်တော့ အတိုက်အခံဘက်က ဒကာ ဒကာများ ပြောမှားဆိုမှား ရေးမှားရှိလာရင်တော့ သူတော်ကောင်း အမျက် အပြင်ထွက်လာတာတွေလည်း အထင်အရှား မြင်ရပါတယ်။
ဆိုတော့ သံဃာ့ ဦးဆောင်အဖွဲ့ကြီး (၂) ခုက အာဏာပိုင် အစိုးရ အလိုကျ ကပြနေတယ်လို့ ကျနော် စကားတင်းဆို ပြီးပါပြီ။ ဒါဆို ဒို့သာသနာ၊ ဒို့ဘာသာ အရောင်အ၀ါ ဘယ်မှာလာ ထွန်းလင်းစရာ ကျန်ပါတော့မတုံးလို့ စိတ်နှလုံး ညှိုးချုံးဖွယ်ရာကြီးလား။ အဲလောက်ထိတော့ ကျနော် အဆိုးမမြင်မိပါဘူး ခင်ဗျာ။ အခု ပြည်ထဲမှာ မွတ်ဆလင်မဆဲ၊ အစိုးရနဲ့ အတိုက်အခံကိုလည်း မျက်နှာလွှဲထားပြီး ကိုယ့်အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်တော်မူနေကြတဲ့ ပညာတတ် သံဃာတွေ အများကြီးပါ။ ပြောရရင်ဖြင့် အဲသလို ကိုယ့်ဝန် ကိုယ့်တာ ထမ်းရင်း ဒကာ ဒကာမ ကပ်လှူသော ဆွမ်းကို ဓမ္မိယလဒ္ဓ စင်ကြယ်စွာ ဘုန်းပေးနေကြတဲ့ ဆရာတော်လေးတွေက ပိုလို့တောင် များပြားပါလိမ့်မယ်။
ဒီ ဆရာတော်လေးတွေဟာ မျက်နှာတော်ကို မှုံနေအောင်သပြီး မီးကြွေအတောင့် သင်္ကန်းလက်ကတော့ ထိုးကာ ထက်ဝယ်ဖွဲ့ခွေ စံပယ်နေတဲ့ Portrait ပုံတော်ကြော်ငြာများလည်း ရိုက်ကြမှာ မဟုတ်ပါဘူး။ တပည့်နောက်လိုက် အစုအဖွဲ့နဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက်၊ စာနယ်ဇင်းဂျာနယ်များမှာ ကလောင်စွမ်းနဲ့ အဓမ္မစကားတွေ နှုတ်ကြမ်းတာမျိုးလည်း တွေ့ရမှာ မဟုတ်ပါဘူး။ အာဏာပိုင်တွေ မျက်နှာလို မျက်နှာရ အတိုက်အခံတွေကို အမျိုးမျိုး အပြစ်ရှာပြီး မွတ်ဆလင်နဲ့ ပေးစားနေရလောက်အောင်လည်း အားယားတော်မူမနေကြပါဘူး။
အဲ သင်္ကန်း ဖိုသီဖတ်သီနဲ့ ကလေးထမင်းခွံ့ကျွေးချင်နေတဲ့ မြင်ကွင်းမျိုး၊ ထုပ်ဆီးတိုး ဖန်ခုံ နေတဲ့ တပည့်တွေကို ကင်မရာ လက်တည့်စမ်းနေတဲ့ မြင်ကွင်းမျိုး၊ တပည့်ဒကာမတွေနဲ့ ကွန်ပြူတာသင်တန်းမှာ တတန်းတည်း ထိုင်နေတဲ့ မြင်ကွင်းမျိုးနဲ့တော့ မြင်ချင်မြင်ရနိုင်ပါတယ်။ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ စာအုပ်ဆိုင် စာကြည့်တိုက်တွေမှာတော့ ကျနော်တို့ ဦးဇင်းတွေကို မမြင်ချင်အဆုံး ရှိကြပါလိမ့်မယ်။ သူတို့သာလျှင် ကျနော်တို့ အနာဂတ် သာသနာရဲ့ ထေရ အုတ်မြစ်တွေလည်း ဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ သာသနာ့ဝန်ထမ်းတွေဟာ ၀ိနည်းတော်ကို ရေသောက်မြစ်သဖွယ် အလေးထားပြီး စောင့်စည်း ထိန်းသိမ်းရတယ် ဆိုသော်ငြား၊ ဘုရားစကားကို ကိုယ့်အမှားနဲ့ အရောင်တင်ပြီး သူတော်စင် ဖြစ်ခွင့်မရှိတာ သာသနာဝင်မှာ အထင်အရှားပါ။
ကလိယုဂ်ခေတ်ဟု လူအများ အဆိုးမြင်ကြသော်လည်း ကျနော့် အတ္တနောမတိတွင်တော့ ပညာခေတ် ဟုသာ ထင်မြင်ပါသဖြင့် အလိမ္မာခေတ် ဉာဏ်ပညာခေတ်ကြီးမှာ မောဟ ဦးစီးသော နာယကကြီးတွေ ၊ ဒေါသ ဦးစီးသော အစွန်းရောက်ကြီးတွေ ၊ လောဘ ဦးစီးသော ခါတော်မီ လုပ်စားပုဂ္ဂိုလ်ကြီးတွေ ကျဆုံး၍ ပညာဦးစီးသော ဆရာတော် သံဃာတော်များဖြင့် ကျနော်တို့ သာသနာ အဓွန့်ရှည်စွာ တည်တံ့ပါမည့် အကြောင်း ပြု သမျှသော ကုသိုလ် များအား တိုင်တည်၍ ဆုတောင်းပါ၏။ ။
ဖိုးစီ (ရုံးတော)
၂၇ မေ၊ ၂၀၁၅
××××××××××
မိုးမခ တွင် ဖော်ပြခဲ့ပြီးသော ဖိုးစီ (ရုံးတော) ၏ စာများ —
၁) ကပ္ပိယဖိုးစီ – မဟန နှင့် နိုင်သြ ဆိုသည်
http://moemaka.blogspot.com.au/2011/12/kapiya-po-si.html
၂) ဦးဇောတိက နှင့် (၃) နာရီ
http://moemaka.com/archives/40029
http://www.moemaka.blogspot.com.au/2014/09/blog-post_530.html
၃) ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ
http://moemaka.com/archives/39986
http://www.moemaka.blogspot.com.au/2014/09/blog-post_759.html
၎) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာ တမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်
http://moemaka.com/archives/40003
http://www.moemaka.blogspot.com.au/2014/09/blog-post_551.html
၅) ဗလသေန တော့ မလိုချင်ပါ
http://moemaka.com/archives/40072
http://www.moemaka.blogspot.com.au/2014/09/blog-post_807.html
၆) မိနီကတော့ သေတာ သေတာပါပဲ
http://moemaka.com/archives/40089
http://www.moemaka.blogspot.com.au/2014/10/blog-post_40.html
၇) ဘောင်ဘင်ခတ်သူ
http://moemaka.com/archives/40138
http://www.moemaka.blogspot.com.au/2014/10/blog-post_53.html
၈) ခါချဉ် တစ်ကောင် တင်းတဲ့မာန်
http://moemaka.com/archives/40166
http://www.moemaka.blogspot.com.au/2014/10/photo-aung-htet.html
၉) ပိုးဟပ် တောင်ပံ ခတ်သံ
http://moemaka.com/archives/40277
http://www.moemaka.blogspot.com.au/2014/10/blog-post_38.html
၁၀) အမေ ၏ နိုင်ငံရေး
http://moemaka.com/archives/40305
http://www.moemaka.blogspot.com.au/2014/10/blog-post_79.html
၁၁) မန်းကျည်းတန်း ပုံပြင်
http://moemaka.com/archives/40401
http://www.moemaka.blogspot.com.au/2014/10/blog-post_670.html
၁၂) Sorry ပုံပြင်
http://moemaka.com/archives/40611
http://www.moemaka.blogspot.com.au/2014/11/sorry.html
၁၃) “ဟဲ့…” အမည်မှည့်
http://moemaka.com/archives/40857
http://www.moemaka.blogspot.com.au/2014/11/blog-post_877.html
၁၄) ဘုန်းကြီးတွေ လူလိုမသိဘူး
http://moemaka.com/archives/41120
http://www.moemaka.blogspot.com.au/2014/12/blog-post_99.html
၁၅) စနစ်ဆိုး ၏ အသုံးချခံ သား (၃) သား
http://moemaka.com/archives/41327
http://moemaka.blogspot.com.au/2014/12/blog-post_308.html
၁၆) ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား
http://moemaka.com/archives/41737
http://www.moemaka.blogspot.com.au/2015/01/blog-post_95.html
၁၇) တန်ရာတန်ကြေး
http://www.moemaka.blogspot.com.au/2015/02/blog-post_912.html
၁၈) မင်းစဉ် မင်းဆက် ယတြာ ကွက်များ