Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – မြန်မာပြည်တွင်းအလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ရေး ဆွေးနွေးပွဲ ကျင်းပ


ဟန်သစ်နိုင် – မြန်မာပြည်တွင်းအလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ရေး ဆွေးနွေးပွဲ ကျင်းပ

(မိုးမခ) မေ ၁၊ ၂၀၁၅

အလုပ်သမား၊ အလုပ်အကိုင်၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးကို အထောက်အ ကူပြုနိုင်ရန်အတွက် အလုပ်သမားကိုယ်စားလှယ်များနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပင်လုံခန်းမတွင် ဧပြီ ၂၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ထိုဆွေးနွေးပွဲတွင် လူမှုဖူလုံရေဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ နိုင်ငံတော်သမ္မအကြံပေး ဒေါက်တာ ဦးဇော်ဦး၊ ILO အဖွဲ့နင့် အလုပ်သမားကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်၊ အလုပ်သမားများ တက်ရာက်ဆွေးနွေးခဲ့ကြသည်။ အလုပ်သမားများတွင် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများမှ အလုပ်သမားအသီးသီးတက်ရောက်ကြသည်။

လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်မှပြောကြားရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ ဆွေးနွေးညှိနှိုင်းတင်ပြမှုများကို အမျိုးသားကော်မတီမှ ဖြစ်သင့်ဖြစ်ထိုက်သော အနည်းဆုံးလုပ်ခကြေးငွေနှုန်းထာများကို ပြည်သူများသိအောင် သတင်းစာ၊ ဂျာနယ်များတွင် ကြေညာသွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍လည်း ထိုကြေညာချက်များကို ရက်ပေါင်း( ၆၀)အတွင်း ဖြစ်သင့်သည် မဖြစ်သင့်သည်များကို ကန့်ကွက်ဝေဖန်အကြံပေးနိုင်ကြောင်း၊ ထိုအကြံပြုချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့မှ စိစစ်ပြီး ဖြစ်နိုင်သည်များကို တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း၊ယန့ဆွေးနွေးမှုများသည် ညှိနှိုင်းမှုအဆင့်သာရှိနေပြီး အဆင့်ငါးဆင့်တွင် သုံးဆင့်ထိသာရောက်သေးကြောင်း ပြောကြားသည်။

ဆက်လက်၍ “အခြေအနေပေါ်မူတည်ပြီး တောင်းဆိုပါ မဖြစ်နိုင်တဲ့ဟာကိုတောင်းဆိုနေရင် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဖူး၊ ကျနော်တို့ဘက်ကသတ်မှတ်ပေးလိုက်တာကို အလုပ်ရှင်တွေဘက်ကလိုက်မလုပ်ရင်လည်း အလုပ်မဖြစ်ဖူး၊ ခင်များတို့တောင်းဆိုတာကို အလုပ်ရှင်တွေကမပေးရင်လည်း အလုပ်မဖြစ်ဖူး၊ နှစ်ဦးနစ်ဖက်ကိုယ်ချင်းစာတရားလေးနဲ့ နားလည်စေချင်တယ်” ဟု ပြောသည်။

စိုက်ပျိုးရေး အလုပ်သမားကိုယ်စားလှယ် ကိုဇာနည်သွေးမှဆွေးနွေးရာတွင် အနိမ့်ဆုံးလစာကို တစ်နိုင်ငံလုံးအနေထားဖြင့်တစ်ပြေးညီသတ်မှတ်နိုင်သော်လည်း အနိမ့်ဆုံးလုပ်ခလစာသည် မျှတသောဝင်ငွေတစ်ခု၏ အစိတ်အပိုင်းမျှသာဖြစ်ကြောင်း၊ အနိမ့်ဆုံးလစာအပြင် စားသောက်စရိတ်၊ လမ်းစရိတ်၊ (တန်ဖိုးနည်းသောနေရာများတွင်)နေထိုင်စရိတ်များကို လူမှုဖူလုံရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ပေးစေချင်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ “ပြည်ထောင်စုအစိုးရဆီတောင်းဆိုချင်တာက အငယ်စား၊ အလတ်စား လုပ်ငန်းရှင်တွေဆီက ယူနေသောမမြင်ရတဲ့အခွန်တွေကို ရပ်ပေးဖို့၊ မရပ်ပေးရင် တိုင်းပြည်ကဒီအတိုင်းပဲသွားနေမှာ” ဟုပြောသည်။

အလုပ်သမားကိုယ်စားလှယ် MTUF ဥက္ကဌ ဦးအောင်လင်းမှဆွေးနွေးရာတွင် တိုင်းပြည်အစိုးရဘက်ကလည်း ကိုယ့်ပြည်သူကို တာဝန်ခံမှု တာဝန်ယူမှုနဲ့ ပြည်သူ့ဘဝလုံခြုံရေးကို ဦးစားပေးပြီးဆောင်ရွက်ရမည့် အရည်အချင်းတစ်ရပ်ဖြစ်ဖို့လုပ်အပ်ကြောင်း၊ လုပ်ငန်းရှင်တွေဘက်ကလည်း ကိုယ့်လုပ်သားအပေါ်တွင်တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့အနေအထားဖြင့် ဆောင်ရွက်သင့်ပြီး စေတနာကောင်းဖို့လိုအပ်ကြောင်း၊ အလုပ်သမားများဘက်ကလည်း ရိုးသားမှု၊ ကြိုးစားမှုရှိရပြီး အချောင်မခိုသင့်ကြောင်းများ ပြောကြားခဲ့သည်။

ဆက်လက်၍ “စုတ်ပြတ်သတ်နေတဲ့ အလုပ်သမားတွေရဲ့ဘဝတွေကို စောင့်ရှောက်ပေးဖို့အတွက် နိုင်ငံတော်အစိုးရက ကာဗာလုပ်ပေးဖို့လိုတယ်၊ ဖြစ်အောင်အကောင်အထည်ဖော်ပေးဖို့လိုတယ် ၊ လူသားအရင်းအမြစ်ကို တန်ဖိုးထားပါ၊ တာဝန်ယူပါ” ဟုပြောသည်။

“ကျနော်တို့ မန္တလေးတိုင်း ဒေသကြီးတစ်ခုလုံးအနေနဲ့ တင်ထားတာက လုပ်ခလစာ တနေ့ ၆၀၀၀ တောင်းဆိုထားတယ်၊ အိုဗာတိုင်ကြေးမပါပေါ့၊ မန္တလေးတိုင်းဒေသကြီးမှာ လုပ်ငန်းအမျိုးအစားတွေကွာ ဟာမှုရှိတယ်၊ အနည်းဆုံးဖြစ်သင့်တာက တော့ တစ်နေ့ကို ၄၀၀၀၊ ၄၅၀၀ဖြစ်သင့်ပါတယ်၊ ဘာဖြစ်လို့လဲဆို တော့ လက်ရှိအစိုးရကလည်း အောက်ခြေဝန်ထမ်းကို ၁၂၀၀၀၀ပေးထားတယ်၊ ကျနော်တို့ကလဲ ပုဂ~လိကဝန် ထမ်းတွေဖြစ်တဲ့အတွက် အစိုးရထက်မများရင်နေပါစေ တစ်လ ၁၂၀၀၀၀ လောက်ပေးသင့်တယ် လို့ယူဆ ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်က စားသောက်ကုန်မြို့နယ်အဖွဲ့အစည်းက အတွင်းရေးမှူး ကိုသောင်းခိုင်က ပြောပြသည်။

မေလ ၂ရက်၊ ၃ရက်တွင် မန္တလေး၊ မုံရွာ၊ စကိုင်း၊ မကွေးစသည့်အထက်ပိုင်းမှ လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့်တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်မည်ဖြစ်သည်။ ထပ်မံ၍လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ဝန်ကြီးဌာနများ၊ ရပ်မိရပ်ဖ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားများ၏ ဆွေးနွေးမှုမှ အဆိုပြုမှုတစ်ခုရယူသွားမည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်အဆင့် အနိမ့်ဆုံး လုပ်ခလစာကို ဆွေးနွေးနေခြင်း ဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်အလိုက် လူမှုဖူလုံရေးအဆင့်နှင့်အညီ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ခြင်းများကို သီးသန့်ဆွေးနွေးခြင်းများ မထွက်ပေါ်လာသေးပေ။ အမေရိကန်ပြည်ထောင်စု၏ ပြည်ထောင်စုအဆင့် အနိမ့်ဆုံးလစာမှာ  ၁နာရီ ၇.၂၅ (၂၀၀၉ ခုနှစ်) ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်အဆင့် အနိမ့်ဆုံးမှာ ၁ နာရီ ၉  ဒေါ်လာ (၂၀၀၉ ခုနှစ်) ဖြစ်သည်။ ပြည်နယ်ဥပဒေအလိုက် ကွဲပြားချက်ရှိသည်ကို တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts