(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၅
ဘောလုံးနဲ့ လူ့ဘ၀ ….
လူ့ဘ၀နဲ့ ဘောလုံး ….
ဘာဆိုင်သနည်း ….
မဆိုင်လေးရယ်မှ အို..မဆိုင် လို့ အဆွေစာရှူသူက တွေးမိမှာဘဲ။ အငြင်းပွားပိုင်ခွင့် မိတ်ဆွေမှာ အပြည့်ရှိပါတယ်။ ဒါပေမယ့် စာကို ပြီးအောင်ဖတ်သွားမယ်ဆိုရင် ဒီလူ (ဒီအကောင်) ဘာပြောချင်သလဲဆိုတာ သိမှာပါ။
ပြီးခဲ့တဲ့ တစ်ပတ်က စာအုပ်ပုံကို ဖွရင်း ၀ယ်ထားတာကြာလှပြီး မဖတ်ဖြစ်တဲ့ Sir Alex Ferguson စာအုပ်ကြီး ထွက်လာတယ်။ ဘယ်ဖတ်ဖြစ်မလဲ။ ကိုယ့်အင်္ဂလိပ်စာ အရည်အချင်း ကိုယ်သိနေတာကိုး။ ပျင်းက ပျင်း။ ဖျင်းက ဖျင်း။ ဘယ်ချောင်ရောက်နေမှန်း မသိဘဲ အခုမှ ပြန်တွေ့တော့ “ဟယ်..ငါ့ဘာသာ အခန်းထဲတယောက်တည်းဖတ်တာ လူသောက်မြင်မကတ်တန် ကောင်းပါ ဘူး” ဆိုပြီး တဖြည်းဖြည်းချင်း ဖတ်မိတယ်။
ဒီနေရာမှာ ကျွန်တော် လျှာနည်းနည်း ရှည်ပါရစေ။ ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ အလှူခံမဏ္ဍပ်တွေက လော်စပီကာ မိုက်ခွက် ကိုင်လူကြီးတွေ ပြောနေကျစကားရှိပါတယ်။ “ဟုတ်ကဲ့…မရှိလို့ မလှူ၊ မလှူလို့ မရှိတဲ့ ခင်ဗျ။ ဟုတ်ကဲ့ ..ညောင်ပင်ကြီး လောက်လှူလဲ” ဘာညာဆိုပြီးပြောတာ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာမှာလဲ ဒီလိုသဘောဘဲလို့ ထင်ပါတယ်။ မဖတ်လို့ မသိ။ မသိတော့ မဖတ်။ ဒီလို သံသရာလည်နေခဲ့တာလို့ ဖတ်ရင်း ဖတ်ရင်း သိလာတယ်။
မြန်မာနိုင်ငံက ဘွဲ့ရတယောက်ဟာ အင်္ဂလိပ်စာအုပ်တအုပ်ကို ဖတ်ကြည့်မယ်ဆိုရင် လုံးစေ့ ပတ်စေ့ မသိရင်သာ နေမယ်။ အကြမ်းသဘောကို သိတာချည်းဘဲ။ အဲ…ဒါပေမယ့် ရှိတ်စပီးယားတို့၊ ဘောလ်တဲယားတို့ စတဲ့ အင်္ဂလိပ်စာပေတွေတော့ မဆိုလိုဘူးပေါ့။ ကျွန်တော်တို့ဆီက ဦးကြင်ဥတို့၊ ဦးပုညတို့စာတွေကို မြန်မာစာ ဖတ်ဘဲ ဖတ်တတ်တဲ့ နိုင်ငံခြားသား လာ ဖတ်ရင် “ဆံထုံးတော်ကြီး တမာသီး” တို့ ဘာတို့ကို ဘယ်မှာအရသာခံနိုင်မှာလဲ။ အခု ဆာအဲလက်စ်စာအုပ်ကတော့ မြန်မာနိုင်ငံက ဘယ်ဘွဲ့ရမဆို ဖတ်မယ်ဆိုရင် ဖတ်လို့ရတဲ့စာအုပ်ပါ။ ကျွန်တော် ကြွားချင်စိတ်အလျဉ်းမရှိတာ လိပ်ပြာလုံလုံနဲ့ ရှင်းရှင်းပြောထားစမ်းပါရစေ။ ကျွန်တော်ပြောတာ ဟုတ် မဟုတ် ရှာသာဖတ်ကြည့်ပါတော့။ မဖတ်တော့ မသိ။ မသိတော့ မဖတ် ဖြစ်နေကြမယ့် ညီ၊ ညီမငယ်တွေအပေါ်မှာ ဖြစ်သွားတဲ့ စိတ်စေတနာ တခဏရယ်ကြောင့် လျှာရယ် ရှည်ရန်ကောလို့ အပြစ်တင်ရင်လဲခံရမှာ မလွဲ။
ကျွန်တော်က မန်ယူပရိတ်သတ်။ ၁၉၉၉ ဥရောပ ချန်ပီယံဖလားဗိုလ်လုပွဲကို စကြည့်မိကတည်းက မန်ယူပရိတ်သတ် စစ်စစ် ကြီး ဖြစ်သွားတော့တာဘဲ။ အနိုင်မခံ အရှုံးမပေး။ နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်မယ်ဆိုတဲ့စိတ်။ ဘောလုံးမှာ ပွဲသိမ်း ခရာ မမှုတ်မချင်း ဘယ်အရာကိုမှ ကံသေ ကံမ မတွက်လေနဲ့။ ဒီလို စိတ်ဓာတ်တွေ ရှိခဲ့လို့ ပိုပြီးတောင် သဘောကျခဲ့သေးတာ။ အခုတော့ အဲဒီလိုစိတ်ဓာတ်မာကျောမှုမျိုး မန်ယူမှာ ပျောက်ကွယ်သလောက် ဖြစ်နေပြီထင်တယ်။ ဘိုးတော် ဖာဂူဆန်က တော့ သူ့စာအုပ်ထဲမှာ ရွိင်ကင်းကြီးဟာ ကွင်းထဲမှာ သူဖြစ်စေချင်တဲ့ စိတ်ဓာတ်မျိုးကို ပုံဖော်ပေးတဲ့သူ။ သူ့စိတ်ဓာတ်ကို ကိုယ်စားပြုတဲ့ သူလို့ ရေးထားတယ်။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အနိုင်မခံ အရှုံးမပေး ခေါင်းဆောင်တယောက်ရဲ့ လွှမ်းမိုးမှု ဟာ ဘောလုံးကွင်းထဲမှာမဆိုထားနဲ့ လူပေါင်း သန်းပေါင်းများစွာကိုတောင် ဦးဆောင်နိုင်ကြတာ မြန်မာလူမျိုး ကျွန်တော်က သိသပေါ့ဗျာ။
မန်ယူပရိတ်သတ်မို့လို့ အဘိုးကြီးစာအုပ်ဝယ်ဖတ်မိမှ အဘိုးကြီး ပြန်ရေးထားတာတွေထဲမှာ … ကျွန်တော် ဖြတ်သန်းခဲ့တဲ့ မန်ယူရဲ့အကြောင်းတွေ အများကြီးပါဘဲ။ ရွိုင်ကင်းရဲ့ မန်ယူနောက်ဆုံး နေ့ရက်တွေအကြောင်း။ ဖီးလ်နဗီးလ်နဲ့ နီကီဘတ်ကို အဘိုးကြီးက ချစ်ပေမယ့် သူတို့ဘ၀အတွက် ထွက်ခွာခွင့်ပေးခဲ့တဲ့အကြောင်း။ သူ့သားအရင်းဖြစ်သူကိုတောင် ရွိုင်ကိန်း၊ ပေါလ်စခိုးတို့နဲ့ ယှဉ်လိုက်တော့ နေရာမပေးနိုင်လို့ ပထမအသင်းမှာဘဲ ထားခဲ့တဲ့အကြောင်း။ ဒေးဗစ်ဘက်ဟမ်းနဲ့ အဘိုးကြီး ကြားထဲက အစိုင်အခဲ၊ အဖုအထစ်တွေကိုတော့ စာအုပ်ထဲမှာ မြင်လိုက်ရသလိုပါဘဲ။ ဂစ်စ်နဲ့ ပေါစ်စခိုးလ်ကို ကောင်းချီးပေး ရေးသလောက် ဘက်ဟမ်းကိုတော့ ဆယ်လီဗျစ်တီ ဖြစ်ချင်စိတ်များတဲ့သူ။ ကိုယ့်အမှားကိုယ် ဘယ်တော့မှ ၀န်မခံတဲ့သူလို့ ရေးထားတယ်။ အို.. အများကြီးပါ။ ထားလိုက်ပါတော့။
စာအုပ်ကိုဖတ်ရင်း ကျွန်တော်တွေးမိလိုက်တာက သြော်… ငါတောင် အသက်အတော်ကြီး ကြီးပါပေါ့လားလို့ပါ။ ကျွန်တော်တို့ သိပ်ကြိုက်တဲ့ ဂစ်၊ ပေါလ်စခိုးလ်၊ ဘက်ဟမ်း ဘောလုံးကန်စားလို့ မရတော့လို့ နည်းပြလိုင်း၊ အခြားလိုင်းတွေတောင် ပြောင်း ကုန်ပါပေါ့။ အဖိုးကြီး စကားငှားသုံးရရင် Second Half ကို ရောက်ကုန်ကြပြီပေါ့။ အဖိုးကြီးစာအုပ်ထဲက The Class of ’92 ထဲက လူတွေတယောက်မှ ဘောလုံးကန်စားလို့ မရတော့ဘူးလေ။ ကျွန်တော်တို့က ဖန်စီတွေ သိပ်လုပ်လွန်းတယ်လို့ ထင်ခဲ့ တဲ့ ရော်နယ်လ်ဒိုတောင်မှ အကောင်းဆုံး ဘောလုံးသမားဘ၀နဲ့ ဘောလုံးကန်စားလို့ရရင် နောင် သုံးနှစ်ပေါ့။ လေးနှစ်ပေါ့။ အချိန်တွေက ဘာမှမကြာလိုက်သလိုပါဘဲ။
ဆာအဲလက်စ်လည်း အနားယူပြီ။ ဂစ်လည်း နည်းပြလိုင်း ပြောင်းစပြုနေပြီ။ ဒေဗစ်ဘက်ဟမ်းလည်း ဟောလီးဝုဒ်ဘက် ခြေ ဦးလှည့်နေပြီ။ မန်ယူမှာလည်း နည်းပြ နောက်နှစ်ယောက်တောင် ပြောင်းသွားခဲ့ပြီ။ လူ့ဘ၀သက်တမ်းဆိုတာ သမုဒ္ဒရာထက် က ရေပွက်လေးတခုလိုဘဲလို့ ပညာရှိကြီးတွေ ပြောကြတာ ဟုတ်မှာဘဲ။ အထူးသဖြင့် ဘောလုံးသမားတွေ ဘ၀ကြည့်ပါအုံး။ သူတို့ဘ၀မှာ ဘောလုံးကောင်းကောင်းကန်စားလို့ရတာ ဆယ်နှစ်။ အလွန်ဆုံး ဆယ့်ငါးနှစ်ပေါ့။ အဲဒီအချိန်အတွင်းမှာ ဘ၀ အတွက် နောက်ဆံမတင်းရအောင် ပိုက်ဆံရှာရ။ အစားအသောက် ဆင်ချင်ရ။ အနေအထိုင် သတိထားရ။ ကျွန်တော်တို့ကသာ ဟိုလို လုပ်ပါလား။ ဒီလိုလုပ်ပါလားဆိုပြီး တီဗီဖန်သားပြင်ထဲက စွတ်ရွတ်ဆဲမိနေတာ။ သူတို့ ဘ၀တွေကို သေချာ တွေးကြည့် ရင် သိပ်သနားဖို့ကောင်းပါတယ်။ ကျွန်တော်တို့လို အိပ်ချင်တဲ့အချိန်မှ အိပ်ပြီး အလုပ်ကို အိပ်ချင်မူးတူးနဲ့ ထသွားလို့လည်း ဖြစ်တာမဟုတ်။ အဖော်အသင်းကောင်းလို့ နောက်ရက် ခေါင်းမထောင်နိုင်အောင် သောက်စားမူးယစ်လို့လည်း မဖြစ်။ ၀ိတ် ထိန်းရတယ်။ ကျန်းမာရေးကို ဒေါင်ဒေါင်မြည်နေအောင် ထိန်းရတယ်။ ရောနယ်လ်ဒိုဆိုရင် သူ့ကိုသူ သိပ်သတဲ့လူလို့ အဖိုး ကြီးပြောသွားတာ ဖတ်လိုက်ရတယ်။ သူ့ professional ကို သူ သိပ်ပြီး ဂရုစိုက်ထိန်းသိမ်းသူလို့ ပြောသွားခဲ့တယ်။ သူ့နည်း ပြသက်တမ်းမှာ ဂစ်စ်နဲ့ ရောနယ်လ်ဒိုဘဲ ကိုယ့်ကိုယ်ကို ဘောလုံးကန်ဖို့ အဆင်သင့်ဖြစ်နေအောင် အမြဲသနေတတ်သူ တွေနှစ်ယောက်ဘဲ တွေ့ဘူးသတဲ့။ အသိနဲ့အလုပ် နှစ်ခုကြားက အကွာအဝေးက သိပ်ဝေးပါတယ်။ အသိနဲ့ အလုပ်နဲ့ ကွဲလို့ လည်း ဂစ်လို အသက် ၄၀ နားအထိ ထိပ်တန်းအဆင့်မှာ ဘောလုံးကန်လို့ရတဲ့သူတွေ လက်ချိုးရေလို့ရနေတာ နေမှာပေါ့။ ပီယာလိုဆိုရင် သူ့ professional ဘ၀ကို သိပ်တန်ဖိုးထားတယ်လို့ ဖတ်ခဲ့ဘူးတယ်။
တလောက အင်္ဂလန်ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်ရဲ့ သတင်းလေးတခု ဖတ်လိုက်ရတယ်။ လူမွဲစာရင်း ခံယူလိုက်တယ်တဲ့။ မယုံနိုင်စရာပါဘဲ။ ၀မ်းနည်း စရာပါဘဲ။ ဆာအဲလက်စ်က သူ့စာအုပ်ထဲမှာ ဘောလုံးကစားကွက်တွေ။ အထူးသဖြင့် သူရဲ့ နည်းဗျူဟာတွေကို ရေးပြသွားတယ်။ အာစင်ဝင်းဂါးကြီးရဲ့ကစားဟန်ကို သူသဘောမတွေ့ဘူးတဲ့။ ကစားပုံလှပေမယ့် အ လုပ် ဖြစ်၊ မဖြစ် မွေးခွန်းထုတ်စရာဘဲတဲ့။ လက်တွေ့ကျကျ လေ့လာပြီးမှ ပွဲတစ်ပွဲအတွက် သူအမြဲ ပြင်ဆင်သတဲ့။ ဟုတ် မှာ ပါဘဲ။ ဒါကြောင့်လည်း သူ့ဘ၀မှာ သူမတူအောင် အောင်မြင်ခဲ့တာဘဲ နေမှာပေါ့။ အဖိုးကြီးကတော့ ဘောလုံးကွင်းထဲမှာတင် မကဘဲ သူ့ဘ၀အတွက် သေသေချာချာ လက်တွေ့ကျကျစဉ်းစားပြီး ပြင်ဆင်ခဲ့တယ်ဆိုတာ အထင်အရှားပါဘဲ။
ဆာအဲလက်စ်က သူ့စာအုပ်ထဲမှာ Patrice Evra ကို Rare Bird တဲ့။ ဘယ်သန် တောင်ပံခံစစ်သမားတွေဆိုတာ ရှားပါးငှက် တွေလိုဘဲတဲ့။ သိပ်ရှားသတဲ့။ ရှိလာပြန်ရင်လဲ သိပ်လှတဲ့ငှက်တွေတဲ့။ အဖိုးကြီးပြောသလိုသာဆိုရင် ရောဘတ်တိုကား လို့စ်ဟာ သိပ်ပြီးလှပခဲ့တဲ့ ရှားပါးငှက်ကြီးဖြစ်မှာလို့ တွေးမိတယ်။
အဖိုးကြီးက သူ့စာအုပ်ထဲမှာ ရီယိုဖာဒီနန်အတွက် အခန်းတခုခွဲပြီး ရေးသွားခဲ့တယ်။ အဲဒီအခန်းထဲမှာ ရီယိုဖာဒီနန်နဲ့ တယ်ရီ တို့ရဲ့ လူမျိုးရေး ခွဲခြားမှုကြောင့် ဖြစ်လာခဲ့တဲ့ အစိုင်အခဲကို ထည့်ရေးသွားခဲ့တယ်။ ရီယိုဖာဒီနန်ရဲ့အခန်းကို အဆုံးသတ်တော့ အဖိုးကြီးက ဒီလိုရေးသွားခဲ့တယ်။
“My view on racism is that I really don’t comprehend how anyone could hate anyone else on the basic of their colour.” တဲ့။
အင်္ဂလိပ်စာတခုဖတ်နေရင် dictionary ကြီးကို ခဏ ခဏ ထထ ကြည့်တတ်တဲ့အကျင့်ကို ကျွန်တော် မမွေးထားဘူး။ မသိတိုင်းသာ ထထကြည့်နေရရင် စာဖတ်ချင်စိတ်လည်း ပျောက်သွားတတ်တယ်မို့လား။ စာတကြောင်းကို ဖတ်ကြည့်။ နား မလည်ရင် နှစ်ခေါက်ပြန်ဖတ်။ နားမလည်သေးရင် နောက်တခေါက် ထပ်ဖတ်။ ပြီးရင် ဘာပြောချင်တယ်ဆိုတာကို ခပ်ရေးရေး သဘောပေါက်လာတယ်။ လုံးစေ့ ပတ်စေ့ နားလည်ပေမယ့် စာရဲ့အရသာကို ဒင်းပြည့် ကျပ်ပြည့် မရရင်သာရှိမယ်။ ဆက်စပ်တွေးပြီး ဘာပြောချင်တဲ့စကားလုံးဆိုတာ သိလာတယ်။ ဒါပေမယ့် ကိုယ်သိပ်သိချင်တဲ့စကားလုံးဆိုရင်တော့ ပျင်းမ နေဘဲ dictionary ကို ထကြည်မိတယ်။ အခုဘဲ comprehend ဆိုတဲ့ စကားလုံးကို သိသလိုလို၊ မသိသလိုလို။ စာကြောင်း တခုလုံးနဲ့ ဆက်စပ်ပြီး ဘာဖြစ်နိုင်သလဲစဉ်းစားကြည့်တော့ နားလည်၊ သဘောပေါက်တာကို ပြောတာနေမှာလို့ တွေးမိတယ်။ ရှက်ရှက်နဲ့ ၀န်ခံစမ်းပါရစေ။ အဲဒီစကားလုံးကို မသိတာတော့အမှန်မို့လို့ dictionary ကြည့်တော့ သဘောပေါက် နားလည် သည်တဲ့။ မိမိခံယူချက်နဲ့ မိမိနားလည်သဘောပေါက်တာမို့လို့ understand လို့ မသုံးဘဲ comprehend လို့ သုံးတာနေမှာ ဘဲလို့လဲ တွေးမိတယ်။
ဆရာကြီး မြသန်းတင့်တို့လို မြန်မာစာနဲ့ လှပသပ်ရပ်နေအောင် ဘာသာမပြန်တတ်ပေမယ့် သူဘာပြောချင်သလဲဆိုတာ ကျွန်တော် နားလည်သွားတယ်။ “လူတယောက်နဲ့ တယောက် အသားအရောင်ကိုလိုက်ပြီး မုန်းနေကြတာ ကျွန်တော်ဖြင့် ဘယ်လိုမှာ သဘောပေါက် နားလည်လို့မရဘူး” လို့ ပြောတာနေမှာလို့ ခပ်ရဲရဲကြီး ဘာသာပြန်ပြီး နားလည်လိုက်တယ်။
ဘောလုံးမှာ ကျွန်တော်တို့ နားလည်ကြတယ်။ ဘောလုံးပွဲတွေ ကြည့်တတ်လာကြတယ်။ ဘောလုံးပွဲရဲ့အလှတွေကို မြင်နိုင် ကြတယ်။ ဇွဲ၊ သတ္တိ၊ မာကျော ခက်ထန်မှု၊ အရှုံးမပေးတဲ့စိတ်ဓာတ်။ ကျွမ်းကျင်လိမ္မာမှု၊ လျင်မြန်ဖြတ်လတ်မှု၊ အကွက်မြင် တတ်မှု၊ ကြိုစားအားထုတ်မှု စတဲ့ ဘောလုံးသမားကောင်းတွေမှာရှိတတ်တဲ့အရည်အချင်းတွေ ကျွန်တော်တို့ ဘောလုံး ပွဲကြည့်ပရိတ်သတ်က မြင်အောင် ကြည့်တတ်ကြတယ်။ အားမလို အားမရဖြစ်တယ်။ အော်တယ်၊ ဟစ်တယ်၊ ဆဲတယ်၊ ဆို တယ်။ တနာရီခွဲ၊ နှစ်နာရီလောက် ဘ၀အမောတွေကို မေ့ထားလို့ရတယ်မို့လား။ ဘောလုံးပွဲကြည့် ပရိတ်သတ်တယောက် အနေနဲ့ လွတ်လပ်စွာ ဆဲဆို အော်ဟစ်အားပေးပိုင်ခွင့် အပြည့်ရှိတယ်လို့ ကျွန်တော် မြင်တယ်။ ဘောလုံးပွဲကောင်းကောင်း ကြည့်တတ်တဲ့ပရိတ်သတ်တယောက်မှာ အသင်းစွဲကင်းသွားတတ်တယ်လို့လည်း မြင်တယ်။ တရားမျှတမှုကို ပိုပြီး ကြည့် တတ်လာတယ်။ လူသားတွေရဲ့အလှတရားတွေကို ပိုမြင်တတ်လာတယ်။ ကိုယ်အားပေးတဲ့အသင်းက ဘောလုံးသမား တရားမျှတမှုကင်းနေရင်တောင် “ကွာ ဒီကောင် သောက်တလွဲလုပ်ပြန်ပြီ။ အကျင့်မကောင်းဘူးကွာ” လို့ ကိုယ့်ရဲ့ ငယ်ပေါင်း ကြီးဖော်လို ဝေဖန်တတ်လာတယ်။
လူ့ဘ၀တခုကိုကျတော့ ဘောလုံးပွဲတပွဲကြည့်သလို နားလည်သဘောပေါက်ဖို့ ခက်ပါတယ်လေ။ အလှတရားတွေကို မြင် အောင်ကြည့်တတ်ဖို့ အလှတရားတွေကို ကြည့်တတ်တဲ့ပတ်ဝန်းကျင်မှာ ဖြတ်သန်းခဲ့ရဦးပါမှ။
အခုတော့ ဘောလုံးပွဲတွေကို ကျွန်တော် ကောင်းကောင်းကြည့်တတ်လာခဲ့ပြီ။ မန်ယူကို အားပေးပေမယ့် တဖက်အသင်းကို မမုန်းတတ်တော့ဘူး။ ကျိုးပါစေ။ ကန်းပါစေဆိုတဲ့စိတ်တွေ ငယ်စဉ်ကလိုမရှိတော့တာ သေချာနေပြီ။ ဘောလုံးပွဲတွေ ကြည့် ရတာ ပိုပြီးအရသာရှိလာသလိုဘဲ။ လူ့ဘ၀ထဲမှာကျတော့ ဘာသာရေးခွဲခြားမှုတွေ၊ လူမျိုးရေး ခွဲခြားမှုတွေ၊ လူမျိုးခွဲခြားမှုတွေ၊ လူတန်းစားခွဲခြားမှုတွေ၊ အသင်းအစု ခွဲခြားမှုတွေ၊ ကျွန်တော် နားမလည်သေးပါဘူးဗျာ။