Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ချစ်စံအိမ် – ၂၀၂၈ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအထူးပွဲပြ

ချစ်စံအိမ် – ၂၀၂၈ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအထူးပွဲပြ
(ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဧပြီ ၇၊ ၂၀၁၅

သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပြီး ဇာတ်ညွှန်းဆုဩချယ် နှင့် နေစိုးသော် တို့ ရေးဖွဲ့ထားသည့် “ ချစ်စံအိမ်—၂၀၂၈ ” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအထူးပွဲကို ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ဧပြီလ (၅) ရက်နေ့က ပြသခဲ့သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် လူမင်း၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေတိုး၊ မြင့်မြတ်၊ ပြေတီဦး၊ နေမင်း၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ချစ်သုဝေ၊ စိုးပြည့်သဇင်၊ သင်ဇာဝင့်ကျော်၊ မိုးဟေကို၊ ဝတ်မှုံရွှေရည် တို့ ခေါင်းဆောင်ပါဝင်ထားကြသည်။

ဇာတ်လမ်းအကျဉ်းမှာ မိဘများမရှိတော့သည့်နောက် ကိုဦး၊ ကိုဖူး၊ ကိုလတ်၊ ကိုတိုး၊ ကိုနှောင်း၊ကိုထွေး၊ ကိုငယ်တို့ညီအစ်ကို (၇)ဦးမှာ အတူတကွ နေထိုင်ခဲ့ကြပြီး  ကိုဦးမှာ အကြီးဆုံးပီပီ အကိုကြီးအဖအရာ ဆိုသလို ညီများကို အုပ်ထိန်းပြီး မိဘအမွေအနှစ်ဖြစ်သော Seven Brothers ကားရေဆေး၊ဆီထိုး လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ ကိုဦး (လူမင်း) က ဦးဆောင်ကာလုပ်ကိုင်နေသော်လည်း ကိုဖူး(ပြေတီဦး) က ကဗျာရူး၊ ကိုလတ်(နေတိုး) က ဘောလုံးရူး၊ ကိုတိုး (မင်းမော်ကွန်း) က ဂီတရူး၊ ကိုနှောင်း(နေမင်း)က မင်းသားရူး၊ ကိုထွေး(ထွန်းထွန်း) က Dancer ရူး၊ အငယ်ဆုံး ကိုငယ်က အလှအပကြိုက်အခြောက်လေးလို ပျော့ပျော့နွဲ့နွဲ့ဖြစ်သည်။ သူတို့ဒဏ်ကိုမခံနိုင်၍ အိမ်တွင်လာအလုပ်လုပ်သော အိမ်ဖော်များ ထွက်ပြေးကြသည်ချည်းဖြစ်သည်။

ဤအခြေအနေတွင် နယ်မှရောက်လာသောဘကြီးဖြစ်သူ ဦးသာဂရက ကိုဦးကို အိမ်ထောင်ပြုရန်တိုက်တွန်းသည်။ သူ၏ဇနီးဘက်မှတော်စပ်သည့်တူမလေးမှာ အရည်အချင်းရှိ၍ အစစအရာရာ တော်ကြောင်းနှင့် ကိုဦးနှင့်လက်ဆက်ပေးရန် ရည်ရွယ်ကြောင်းပြောပြပြီး နယ်မြို့သို့ ခေါ်သွားသည်။ ကိုဦးက မိုးပွင့်ကိုတွေ့တော့ သဘောကျကာ နယ်မှာပင် လက်မှတ်ထိုးယူခဲ့လက်ထပ်ယူပြီး ရန်ကုန်သို့ မိုးပွင့်ကိုခေါ်လာသည်။

ညီများမှာလည်း ချစ်သူကိုယ်စီရှိ၏။ ကိုဖူးချစ်သူက ညွန့်ညွန့်(အိန္ဒြာကျော်ဇင်)၊ ကိုလတ်ချစ်သူက သျှင်ငြိမ်း(မိုးဟေကို)၊ ကိုနှောင်းချစ်သူက သက်လျာ(ချစ်သုဝေ)၊ ကိုထွေးချစ်သူက လဲ့လဲ့ (သင်ဇာဝင့်ကျော်)၊ ကိုငယ်ချစ်သူက သူဇာ(စိုးပြည့်သဇင်)။ သို့သော်တူညီသောအချက်မှာ သူတို့ကို မိန်းကလေးများဘက်က တအိမ်မှ သဘောမတူကြချေ။

ကိုဦး ၏ မိန်းမ မိုးပွင့် နှင့် ကျန်ညီအကိုများ ပြဿနာများ ဖြစ်ကြပုံ၊ ညီအစ်ကိုများ၏ ဇနီးမယားများနှင့်ပတ်သက်၍ ညီအစ်ကိုချင်းချင်း ရန်ဖြစ်ကြပုံများကို ဟာသနှောကာရိုက်ကူးထားခြင်းဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးအား သင်္ကြန်အပြီးတွင် ရုံတင်ပြသတော့မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts