“စာနယ်ဇင်းတိုင်း ခေတ်သမိုင်း” ဟူသော ဆောင်ပုဒ်ရှိခဲ့ဖူးသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုင်းသည် သမိုင်းကိုဖော်ပြ ထင်ဟပ်နေသည်ဟူသော အဘောဖြစ်သည်။
“သတင်းစာများသည် သမိုင်းကိုဖော်ပြနေကြသည်” ဟူသော စကားလည်းရှိသည်။ “ဒီနေ့သတင်း မနက်ဖြန်သမိုင်း” ဆိုတာ လည်းရှိသည်။ ဤစကားများသည် အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ရေးသားဖော်ပြခွင့်ရှိသော အကျုံးဝင်သည်။
အဖြစ်မှန်အခြေအနေမှန်ကို ရေးသားတင်ပြခွင့်မရှိသော “ သတင်း အမှောင်ခေတ် ” တွင် ထုတ်ဝေခဲ့သည့် စာနယ်ဇင်းများတွင် သမိုင်းအမှန်ကို ရှာဖို့ခက်သည်။ ကျွန်တော်တို့ဖြတ်သန်းလာခဲ့ကြရသော မဆလ၊ နဝတ၊ နအဖ စစ်အာဏာရှင်ခေတ်များတွင် စာပေစိစစ်ရေးဟုခေါ်သော စာပေကင်ပေတိုင်က လက်သံပြောင်ပြောင်ဖြင့် ခုတ်ခဲ့၊ ထစ်ခဲ့၊ ပါးပါးလှီးခဲ့၊ နုတ်နုတ်စင်းခဲ့၍ မဂ္ဂဇင်းဂျာနယ်များတွင် ရေးခဲ့သော သမိုင်းဖြစ်ရပ်မှန်တွေ ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရသည်။ လူမသိ သူမသိလိုက်ရဘဲ အစ ဖျောက်ခံခဲ့ကြရဖူးသည်။
ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ယခုဆိုလျှင် ၂၇ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ရှစ်လေးလုံးအစ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှထုတ်ဝေခဲ့သည့် စက်မှုအားမာန် လက်ရေးစာစောင်မှ “ဖုန်းမော်နှင့် သွေးစွန်းသော တနင်္ဂနွေ” သမိုင်းဖြစ်ရပ်မှန် ဆောင်းပါးကလေးကို ဖော်ပြလိုက်ရပါသည်။
၁၂-၃-၈၈ နေ့ည ၈း၃၀ နာရီတွင် အနောက်ကြို့ကုန်းရပ်ကွက် ကိုဟင်းလမ်းရှိ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်တွင်း၌ အရက်မူး နေသော အရပ်သားအချို့နှင့် ကျောင်းသားအချို့တို့ စကားများရန်ဖြစ်ကြရာမှ အရပ်သားများလက်ချက်ကြောင့် ကျောင်း သားတဦးခေါင်းကွဲပြီး ဆေးရုံတက်ခဲ့ရသည်။ အခြားတဦးလည်း ဒဏ်ရာအနည်းငယ်ရခဲ့သည်။
ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ ကျောင်းမှဆရာအချို့နှင့် တာဝန်ရှိသူများလိုက်လာပြီး အနောက်ကြို့ကုန်းရပ်ကွက် ပြည် သူ့ကောင်စီရုံးတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ ရပ်ကွက်ကောင်စီကလည်း အရပ်သား ၅ ဦးကို ဖမ်းပေးခဲ့သည်။
သို့သော် ၁၃-၃-၈၈ ညနေပိုင်းတွင် ချုပ်နှောင်ထားသော အရပ်သား ၅ ဦးစလုံးကို လွှတ်ပေးလိုက်ကြောင်း ကျောင်း သားများသိရှိကြပြီး ရပ်ကွက်ကောင်စီရုံးတွင် ဆန္ဒပြဆူပူခဲ့ကြသည်။ ထိုအချိန် ဘီပီအိုင်လမ်းမတွင် လမ်းလျှောက်နေကြသော ကျောင်းသား ၈ ဦးမှာ မီးအပျက်တွင် အရိုက်ခံလိုက်ရပြန်သည်။
ဤတွင် ကျောင်းသားများသည် ရန်ဖြစ်ခဲ့သော ရပ်ကွက်မှလူငယ်တို့၏အိမ်ကို ခဲများဖြင့်ဝိုင်းပေါက်ကြသည်။ ထိုအခါ ရပ် ကွက်မှလူများထွက်လာပြီး ပြန်လှန်ပစ်ခတ်ကြရာမှ အဓိကရုဏ်းစတင်ဖြစ်ပွားသည်။ ဘီပီအိုင်လမ်းရှိ ကျောင်းသားများနှင့် ကြို့ကုန်းဆောင်ရှိ ကျောင်းသားများပါ အဓိကရုဏ်းထဲသို့ပါဝင်လာရာမှ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ကိုဟင်းလမ်း၊ ဘီပီ အိုင်လမ်းမများပေါ်တွင် အရပ်သားများနှင့် ကျောင်းသားများ တဖက်နှင့်တဖက် အပြင်းအထန်တိုက်ခိုက်ခဲ့ကြရာမှ ကျောင်း သား ၁၅၀ ခန့် ဘီပီအိုင်လမ်းထဲတွင် ပိတ်မိသွားသည်။
ထိုသို့ အကြပ်အတည်းဖြစ်နေစဉ် ဘီပီအိုင်အဝိုင်းထိပ်ရှိ စားသုံးသူ သမဆိုင်မီးလောင်သည်။ ရပ်ကွက်သားများ အိမ်ပြန်ကြ သဖြင့် ကျောင်းသားများထွက်ပေါက်ရလာကြကာ အင်းစိန်လမ်းမသို့ ပြန်ထွက်လာကြသည်။ အထိနာသဖြင့် ဒေါသထွက်နေ ကြသော ကျောင်းသားများသည် မီးငြိမ်းသတ်ရန်လာသော မီးသတ်ကားကို ဝင်ခွင့်မပြုပဲ အကြမ်းဖက်တားဆီးကြတော့သည်။
အင်းစိန်လမ်းမသို့ အရပ်သားများ လိုက်ထွက်လာကြရာမှ အရပ်သားများနှင့် ကျောင်းသားတို့ အင်းစိန်လမ်းမတလျောက် အပြင်းအထန် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ ကျောင်း၏ အုတ်ရိုးနံရံနှင့် ကပ်နေသော စာသင်ဆောင်များ၊ ရန်ကုန်စက်မှု တက္ကသိုလ်ဆိုင်းဘုတ်များကို ဖျက်ဆီးရန် အရပ်သားများကြိုးစားလာရာမှ အဓိကရုဏ်းမှာ ထိန်းသိမ်း၍ မရတော့ချေ။
ဤသို့ဖြစ်ပျက်နေစဉ် ည ၁၁နာရီခန့်တွင် ရဲများက ရန်သူနှင့် ထိုးစစ်ဆင်သကဲ့သို့ လှံစွပ်ထိုးတပ်လာပြီး ဘီပီအိုင်၏ မျက်နှာ စာကို နေရာယူလေသည်။ ပါမောက္ခချုပ်က ကျောင်းသားများကို နောက်ဆုတ်ခိုင်းသဖြင့် ကျောင်းသားများက ဆုတ်ပေး လိုက်ကြသည်။
ရဲများနေရာယူပြီးသောအခါ သေနတ်ပြောင်းများကို ကျောင်းသားများဘက်သို့ လှည့်လိုက်ကြသည်။ ရဲများနှင့် ထပ်ကြပ်မ ကွာ မောင်းဝင်လာသော မီးသတ်ကား ၁၀ စီးမှလည်း တပြိုင်နက် ရေများဖြင့်ပက်ကြသည်။ ကျောင်းသားများ ရေမွန်းနေ သည့်ကြားမှ မီးသတ်ကားများကို ပြန်လည်တိုက်ခိုက်ကြသည်။ ထိုအခါ မီးသတ်ကားဘေးတွင် နေရာယူထားသော ရဲများ ထံမှ သေနတ်ပစ်ဖောက်သံ စတင်ကြားရသည်။ ပထမ ၄ ချက်ခန့်မှာ မိုးပေါ်ထောင်ပစ်သော သေနတ်သံများဖြစ်ပြီး နောင် တွင် မျက်ရည်ယိုဗုံးများ စတင်ပေါက်ကွဲသည်။ မျက်ရည်ယိုဗုံးများကြားမှ M- 16 သံများပါ ထွက်ပေါ်လာသည်။ ခန့်မှန်းခြေ မျက်ရည်ယိုဗုံး အလုံး ၃၀ ကျော် ပေါက်ကွဲခဲ့သည်။ ရီမင်တန် ၁၂ ဗို့ သေနတ်များဖြင့် ပစ်သည်ဆိုသော်လည်း ကျည်ဆန်များမှ M-16 ကျည်ဖြစ်နေသည်။
ကျည်ဆန် ၆ တောင့်သာပစ်သည်ဆိုသော်လည်း ဖုန်းမော်၏ ရင်ဘတ်တွင် ၁ ချက်၊ ဆီးစပ်တွင် ၁ ချက်၊ စိုးနိုင်နောက်ကျောတွင် ၁ ချက်၊ မြင့်ဦးနောက်ကျောတွင် ၁ ချက်၊ လက်မောင်းပေါက်သွားသော ကျောင်းသားတွင် ၁ ချက်၊ ခြေသလုံး ရှပ်မှန်သူ ၁ ချက်၊ ရေပန်းတွင် အချက်ပေါင်းများစွာရှိသော ကျည်ပစ်ရာများ၊ ကျောင်းတိုင်ကိုထိသောကျည်ဆန်များ၊ ကျောင်းရှေ့ ကွန်ကရစ်လမ်းကို ထိမှန်သောကျည်ပစ်ရာများ၊ စာကြည့်တိုက်မှန်များကိုထိသော ကျည်ပစ်ရာများတို့က အကန့်အသတ်မရှိ ပစ်ခဲ့ကြောင်း သက်သေခံနေသည်။
ဖုန်းမော်မှာ ကျောင်းသားများလက်ပေါ်တွင်ပင် ကွယ်လွန်ခဲ့သည်။ စိုးနိုင်မှာ ဆေးရုံပေါ်တွင် တတိယအကြိမ် ခွဲစိတ်မှု အပြီး တွင် ကွယ်လွန်သွားခဲ့သည်။ မြင့်ဦးမှာ ဒဏ်ရာကျက်ပြီးမှ ဆရာဝန်ကြီးများက မခွဲလျှင်လည်း ရပါသည်ဟု ဆိုသော်လည်း M -16 ကျည် သက်သေခံအဖြစ် ကျန်ခဲ့မည်စိုး၍ ခွဲစိတ်မှုခံယူခဲ့ရသည်။ ဆေးရုံပေါ်တွင် သေနတ်ဒဏ်ရာဖြင့် တစ်ဖက်မှ အခြားတဖက်သို့ပင် မစောင်းနိုင်သောလူနာများကို သံခြေကျင်းခတ်ထားသည်။ ခဲ၊ တုတ်၊ ဓားဒဏ်ရာရသူများကိုလည်း ဒဏ်ရာသက်သာလာသည်နှင့် ဖမ်းဆီးချုပ်နှောင်လိုက်ကြသည်။
၁၃-၃-၈၈ ည ပစ်ခတ်မှုအပြီးတွင် ကျောင်းသားများက အချက် ၇ ချက်ပါသောတောင်းဆိုချက်ကို အာဏာပိုင်များထံ တင်ပြ ခဲ့သည်။ အထက်ပါဖြစ်ရပ်အပေါ် “စက်မှု အားမာန်” ၏အမြင်မှာ အစိုးရ၏ အာအိုင်တီကျောင်းသားအပေါ် တစ်ဖက်သတ် အငြိုးထားမှု၊မဆလ၏ကောင်စီများက ပြဿနာကိုဖြေရှင်းရာတွင် သောက်သုံးမကျမှု၊ တက္ကသိုလ်၏ တာဝန်ရှိသော ပုဂ္ဂိုလ် များ၏ တာဝန်မယူမှု စသည်တို့ကြောင့် မဖြစ်သင့်သောကိစ္စများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု မြင်သည်။ သာမန် ရန်ဖြစ် သောကိစ္စကို သေနတ်ဖြင့်ဖြေရှင်းသော အစိုးရမျိုးကိုလည်း ကျွန်တော်တို့ မသိ၊ မမြင်၊ မကြားဘူးခဲ့ကြောင်း တင်ပြလိုက်ပါ သည်။
သမိုင်းဆိုသည်မှာ ဖုံးကွယ်၍မရပါ။ သွေးစွန်းခဲ့သော မြန်မာ့သမိုင်း စာမျက်နှာများကို ပို၍ပင် ဖုံးကွယ်မရပါ။ စတုတ္ထမဏ္ဍိုင် ပီသစွာ ရေးသားလိုက်ရပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတွင် တက်ကြွသော၊ ရဲရင့်သော၊ စွန့်လွှတ်စွန့်စားရဲသော ကျောင်းသား၊ ပြည်သူ၊ ရဟန်းသံဃာအပေါင်းအား အလေးပြုလိုက်ရပါသည်။
(စက်မှုအားမာန်စာစောင်ကို ၁၉ ၈၈ သြဂုတ်လမှ စက်တင်ဘာလအတွင်း တပတ် ၂ ကြိမ် ဂျာနယ်အဖြစ် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ထုတ်ဝေခဲ့သည်။ တာဝန်ခံ စီစဉ်သူတဦးမှာ ကိုဖေမောင်သိန်း (ကွယ်လွန်) (ကာတွန်းဆရာကြီး ဦးဖေသိန်း၏ သားကြီး) ဖြစ်သည်။ စာစောင်အဖွဲ့တွင် ကိုခင်မောင်ရင်၊ ကိုရန်နိုင်တို့နှင့်အတူ မိုးမခက ကာတွန်းမောင်ရစ်လည်း ပါဝင်ခဲ့သည်။ )