Yan Naung (Bo Ta Htaung) တူမောင်ညို သူတို့အာဘော် ဝေဖန်ရေးရာ

တူမောင်ညို – မတ်လ ၅ ရက်နေ့ အကြမ်းဖက်မှု

ဓာတ်ပုံ ရန်နောင်(ဗိုလ်တထောင်)၊ မတ် ၅၊ မြို့တော်ခန်းမရှေ့၊ ရဲတပ်ဖွဲ့ဝင်များက လူထုကို အကြမ်းမဖက်မီ ဓာတ်ပုံ၊ အဆိုပါ ရဲတပ်ဖွဲ့နှင့် ၎င်းတို့နောက်ခံ တာဝန်လက်ပတ်သူများ၏ အကြမ်းဖက် ရိုက်နှက်မှုတွင် အများပြည်သူ၊ ကျောင်းသားများနှင့်အတူ မိုးမခ၏ သတင်းထောက် ရန်နောင်လည်း အကြမ်းဖက်ရိုက်နှက်ခံခဲ့ရသည်။
 
တူမောင်ညို – မတ်လ ၅ ရက်နေ့ အကြမ်းဖက်မှု
(မိုးမခ) မတ် ၇၊ ၂၀၁၅
 
“မတ်လ ၅ ရက်နေ့ အကြမ်းဖက်မှု” သည် (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ ဖက်ဆစ်သဘောထား၊ ဖက်ဆစ်ဓလေ့စရိုက်၊ ဖက်ဆစ်လုပ်ရပ်ကို ဗြောင်ဖော်ပြလိုက်ခြင်းသာဖြစ်ပါသည်။
 
 (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ သည် ပါးစပ်မှ “ညှိနှိုင်းဆွေးနွေးရေးနိုင်ငံရေယဉ်ကျေးမှုသစ်” ဟု  လျှာအရိုး မရှိတိုင်း လိမ်ညာ ပြောဆိုနေသော်လည်း လက်တွေ့အပြုအမူက မိုက်မဲကောက်ကျစ်၍ ဆင်ခြင်တုံတရား လုံးဝ မရှိကြောင်း၊ သွေးစွန်းလက်ယဉ်နေသည့်  ဖက်ဆစ်အကြမ်းဖက်မှုကိုသာ စွဲစွဲမြဲမြဲ၊ မိုက်မိုက်မဲမဲကျင့်သုံးလေ့ရှိကြောင်း တတိုင်းပြည်လုံး၊ တကမ္ဘာလုံးက ကွက်ကွက်ကွင်းကွင်း မြင် တွေ့ခဲ့ကြရပြီ။ 
 
သပိတ်မှောက် ကျောင်းသားလူငယ်များနှင့် (NNER) ဘက်မှ  သဘောထားကြီးစွာ၊ ရိုးသားစွာ၊ အမြော်အမြင်ရှိစွာ၊ ငြိမ်းချမ်းစွာ အစဉ်တစိုက် တောင်းဆိုဆွေးနွေးနေသော “ပညာရေး ဥပဒေကိစ္စ” ကို ကြံ့ဖွံ့အစိုးရအနေဖြင့် ယခုကဲ့သို့ ကောက်ကျစ်ညစ် ပတ်ယုတ်မာ မှုများဖြင့် မဖြေရှင်းဘဲ၊ သဘောရိုးဖြင့်သာ ဖြေရှင်းသင့်ပါသည်။ သပိတ်မှောက်ဆန္ဒပြမှုများကို ပင့်ဖိတ်ခေါ်ယူနေသူမှာ ကြံ့ဖွံ့အစိုးရ ကိုယ်တိုင်သာ ဖြစ်နေသည်။ အကြမ်းဖက်မှုကို စတင်ကျူးလွန်သူမှာ အစိုးရအာဏာပိုင်များဘက်က ဖြစ်သည်ဆိုသည်မှာလည်း ထင်ရှား ပါသည်။ ပိတ်ဆို့အကြပ်ကိုင်တားဆီးမှုများ၊ အကြမ်းဖက်မှုများကို ရပ်တန်းက ရပ်သင့်ပါပြီ။ 
မည်သူတွေမှာ တာဝန်ရှိသလဲ 
 
ဤကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် လှီးလွဲဖြေဆိုသကဲ့သို့ မီဒီယာများက လေ့လာစုံစမ်းဖော်ထုတ်ရမည့်ကိစ္စလုံးဝမဟုတ်။ “တာဝန်ရှိသူတာဝန်ခံရမယ်” ဆိုသည့် စကားကို  လွှတ်တော်တက် ဖက်ရှင်ဝတ်စုံများ တစ်ရက်မျှ မထပ်အောင်ဝတ်ဆင်သကဲ့ ပြောဆို တတ်သော ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ရှောင်လွှဲမှု (ဝါ) တာဝန်ပျက်ကွက်မှုသာဖြစ်သည်။ 
 
“မတ်လ ၅ ရက်နေ့ အကြမ်းဖက်မှု” အတွက် ပထမဆုံးနှင့် အကြီးမားဆုံး၊ အဓိကတာဝန်ရှိသူမှာ သမ္မတ(ဗိုလ်)ဦးသိန်းစိန်နှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို တို့ နှစ်ဦးဖြစ်သည်။   
ဒုတိယတာဝန်ရှိသူမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး (ဗိုလ်) ဦးမြင့်ဆွေ နှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့ နှစ်ဦးဖြစ် သည်။ 
 
ဖော်ပြပါ အထက်အမိန့်အဆင့်ဆင့်ကို နာယူလက်ခံ၍ လက်တွေ့အကြမ်းဖက်ခဲ့ကြသော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် သူ၏ “အရံအင်အား (ဝါ) လုံခြုံမှုအထောက်အကူ” ဟုဆိုသော “တာဝန်လက်ပတ်နီ” ပတ်ထားသော တေလေဂျပိုးများပင်ဖြစ်သည်။
 
အစိုးရပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးသည် “အကြမ်းဖက်မှု”ကို “ဗြောင်လိမ်ညာမှု” ဖြင့်  ထုံးစံအတိုင်း ကာကွယ်ဖာထေးနေ သည်။ မုသာဝါဒဝန်ကြီးသည် သူကျွမ်းကျင်လှသောလိမ်ညာမှုဖြင့် အစိုးရနှင့်မဆိုင်၊ “ရန်ကုန်တိုင်းအစိုးရ” ကိုမေးဟူ၍ လွှဲချ၊  ကာကွယ် ဖာထေးနေပြီး၊  သတင်းစာကနေ ဖုံးကွယ်ပုံဖျက်ရေးသားဖော်ပြခဲ့သည်။  
 
တကယ်တော့ “မတ်လ ၅ ရက်နေ့ အကြမ်းဖက်မှု” သည် (နဝတ-နအဖ) စစ်အစိုးရက  အကြမ်းဖက်ခဲ့သော ကမ္ဘာအေး ဘုရားလမ်းမပေါ်ကအကြမ်းဖက်မှု၊ (၂၀၀၃) ဒီပဲယင်းအကြမ်းဖက်မှု၊ (၂၀၀၇) ရွှေဝါရောင်အရေးအခင်းအကြမ်းဖက်ခံရမှု၊ သမ္မတ (ဗိုလ်) ဦးသိန်းစိန် ကြံဖွံ့အစိုးရက ကျူးလွန်ခဲ့သော လက်ပံတောင်းအကြမ်းဖက်မှု၊ မိတ္ထီလာ၊ ထန်းကုန်း၊ ဥက္ကံ၊ လားရှိုး၊ မန္တလေး တို့တွင် ပေါ် ပေါက်ခဲ့သော ဘာသာရေးလူမျိုးရေးဗန်းပြ အကြမ်းဖက်မှုများ၊ ရွှေပြည်သာအလုပ်သမားများ အကြမ်းဖက်ခံရမှုများနှင့် ခွဲခြား၍မရသော တဆက်တစပ်တည်းလည်းသော ဖက်ဆစ်အကြမ်းဖက်လုပ်ရပ်များသာဖြစ်သည်။ 
 
(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် ဖော်ထုတ်ခြင်းမပြုခဲ့သော၊ ရဲတပ်ဖွဲ့က လက်ပိုက်ကြည့်နေခဲ့သော “ဘယ်က လာမှန်း မသိတဲ့ ဒုတ်ဓါးကိုင် အကြမ်းဖက်လူအုပ်ကြီး” ကို အရက်ကိုးမောင်းတိုက် “တာဝန်လက်ပတ်နီ” ပတ်ပေးကာ ဗြောင်ပွဲထုတ်လိုက်သည့် လုပ်ရပ်လည်းဖြစ်ပါသည်။ 
 
သို့ပါ၍ “မတ်လ ၅ ရက်နေ့ အကြမ်းမှု” အတွက် လက်သည်တရားခံကို ကော်မရှင်ဖွဲ့၍ ရှာဖွေစုံစမ်းနေစရာမလိုတော့ပါ။ ဤအကြမ်းဖက်မှုကို စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည်မှာ သိပ်ကို ထင်ရှားပါသည်။  “တာဝန်လက်ပတ်နီ” ဂလေဂချေများ ဘယ်ကထွက်သလဲ/ဘယ်ကို ပြန်ဝင်ပြေးသလဲ မြို့တော်ခန်းမထဲကထွက်လာပြီး၊ မြို့တော်ခန်းမထဲ ပြန်ဝင်ပြေးသွားကြသည် မဟုတ်ပါ လား။ 
 
သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ရန်ကုန်တိုင်းနယ်လုံဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူးတို့သည် မိမိတို့၏ တာဝန်ရှိမှုကို မည်သို့ အတိုင်းအတာ၊ မည်သို့သော ပုံစံဖြင့် တာဝန်ခံကြမလဲ။ ဘယ်သူ့အား ဓါးစားခံအဖြစ်၊ တရားခံအဖြစ်ပုံချ၍ မည်သူ တွေ ကိုယ်လွတ်ရုန်းကြမည်နည်း။ သမ္မတသည် အစိုးရအဖွဲ့တွင် တာဝန်အရှိဆုံးဖြစ်သည်၊ ဤလုပ်ရပ်ကို ဆန့်ကျင်ရှုံ့ချကန့်ကွက်ရမည်၊ စံပြအဖြစ်သူကိုယ်တိုင်က တိုင်းပြည်နဲ့လူထုထံ ဤအပြုအမူ၊ ဤလုပ်ရပ်များ နောက်နောင်မဖြစ်ပွားစေရပါဟု ဝန်ခံကတိပြုရမည်၊ ဝန်ချ တောင်းပန်စကားပြောရမည်။ အလားတူပင် ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဤသို့ အကြမ်းဖက်ရမ်းကားမှုလုပ်ရပ် အတွက် တိုင်းပြည်နဲ့ လူထုထံ ဤအပြုအမူ၊ ဤလုပ်ရပ်များ နောက်နောင်မဖြစ်ပွားစေရပါဟု ဝန်ခံကတိပြုရမည်။ ဝန်ချတောင်းပန် စကားပြောရ မည်။ 
 
ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းနယ်လုံဝန်ကြီး၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး တို့သည် သမ္မတနှင့်ပြည်ထဲရေးဝန်ကြီးတို့၏ တာဝန်ခံမှုကို ရိုသေလေးစားသည့်သဘော၊ မိမိ၏တာဝန်ရှိမှုအတွက် လက်ရှိတာဝန်များမှအသီးသီး နှုတ်ထွက်ပေးရမည်။ 
 
ပြည်ထောင်စုလွှတ်တော်နာယက (ဗိုလ်) ဦးရွှေမန်း လွှတ်တော်အနေနဲ့လည်း ဤ “မတ်လ ၅ ရက်နေ့ အကြမ်းဖက်လုပ်ရပ်” အား လွှတ်တော်က ဆန့်ကျင်ကန့်ကွက်ကြောင်း “အရေးကြီးအဆို” တင်သွင်း၍ ကန့်ကွက်ရှုံ့ချရန်လိုအပ်ပါသည်။ ဤအရေးကြီး အဆို အားကန်ပက်လက်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဗိုလ်)ဦးအောင်ကိုကတင်သွင်းသင့်ပြီး၊ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ထောက်ခံဆွေးနွေးမည်ဆိုလျှင် လွန်စွာသင့်တော်မည်ဖြစ်ပါသည်။ 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts