နေ၀န်းနီ (မန္တလေး) – ကျေးလက်​သင်္ကြန်​ပွဲ

နေ၀န်းနီ (မန္တလေး) –  ကျေးလက်​သင်္ကြန်​ပွဲ
(မိုးမခ) မတ်လ ၅၊ ၂၀၁၅

ဆောင်းကုန်​လို့ ​နွေကူးစ တန်​ခူးလရာသီက နှစ်​​ဟောင်းကုန်​၍ နှစ်​သစ်​သို့ ကူး​သောကာလ အလှထူးသည့်​ ဤတန်​ခူးလ ရာသီတွင်​ နှစ်​ကျင်းပမြဲဖြစ်​​သော အတာသင်္ကြန်​ပွဲ​တော်သည်​ တန်​ခူးလ၏အလှကို အဓိကဖြည့်​စွက်​​ပေး​နေသည်​။ အတာ ဟူ​သောအဓိပ္ပါယ်​မှာ ကူး​ပြောင်းခြင်းဟူ၍​ ကောက်​ယူကြသည်​။ ကူး​ပြောင်းခြင်း အဓိပ္ပါယ်​ရသဖြင့်​ အတာသင်္ကြန်​ဟု သမုတ်​​ခေါ်တွင်​သည်​ဟု ကျွန်​​တော်​ထင်​မိသည်​။ ကျွန်​​တော်​သည်​ ဤတန်​ခူးလရာသီသို့​ရောက်​​လေတိုင်း သင်္ကြန်​ပွဲ​တော်​ကျမည့် ရက်​ကို လက်​ချိုးရေတွက်​ရသည်​မှာ အ​မောပင်​ဖြစ်​သည်​။ နှစ်​စဉ်​နှစ်​တိုင်း သင်္ကြန်​ရက်​များအတွင်းတွင်​ မြို့တွင်း၌ ​ရေပတ်​ခံလှည့်​လည်​ကာ နှစ်​သစ်​ကို အ​ပျော်​သက်​သက်​ဖြင့်​ ကုန်​ဆုံး​စေခဲ့သည်​။ ယခင်​ပြီးခဲ့သည့်​နှစ်​တွင်​ တမူထူးခြားလှသည်​။ ထိုအ​ကြောင်း​တွေကို မိုးမခချစ်​သူ​တွေ​ကို ဖောက်​သည်​ပြန်​ချ​ပေးခြင်းဖြစ်​သည်​။ ကျွန်​​တော်​၏ စာ​ရေး​ဖော်​မိတ်​​ဆွေ ဆရာမ နွိုင်​သဲနီ၏ဖိတ်​ကြားမှုအရ ကျွန်​​တော်​သည်​ ဆရာမ၏ဇာတိဖြစ်​​သော ​ကျောက်​ပန်း​တောင်းမြို့နယ်​၊ ဘုရားကြီးကုန်းရွာ​လေး သို့ သင်္ကြန်​မတိုင်​မှီကပင်​ ဆရာမနှင့်​အတူ​ ရောက်​ရှိ​နေခဲ့သည်​။ ကျွန်​​တော်​၏စိတ်​ဘဝတွင်​ ​ကျေးလက်​သင်္ကြန်​ဖြစ်​၍ ​ပျော်​မှ​ပျော်​ရပါ့မလားဆိုပြီး စိုးရိမ်​စိတ်​တို့ကသာ လွှမ်းမိုး​နေ​ပေသည်​။ သို့​သော်​လည်း ဘုရားကြီးကုန်းရွာ​လေးက ကျွန်​​တော့်​အား ထူးခြားလှသည့်​ တန်​ခူးလရာသီအလှနှင့်​ စတင်​မိတ်​ဆက်​​ပေးသည်​။ ဘုရားကြီးကုန်းရွာ​လေး၏ အလှနှင့်​စာဖွဲ့မကုန်​နိုင်​​သောတန်​ခူးလရာသီအလှတို့က တင့်​တယ်​စွာယှဉ်​တွဲ၍ လှ​ပေသည်​။ ကျွန်​​တော်​သည်​ အင်​မတန်​လှပ​သာယာ​သော ဤ ဘုရားကြီးကုန်းရွာ​လေး၏​ နွေပန်းချီရှုခင်း​တွေကို ခံစား​ငေးစိုက်​ရင်း ရဲရဲ​တောက်​ စိန်​ပန်းပင်​မြင့်​ထက်​ဆီမှ ​နွေဥသြတွန်​သံ နားထဲကြားမိခိုက်​တွင်​ ကျွန်​​တော်​ ဆရာ​မောင်​စိန်​ဝင်း (ပုတီးကုန်း) ၏ကဗျာ​လေးကို နှုတ်​မှထွက်​၍ ရွတ်​လိုက်​မိသည်​။

သ​ပြေခက်​​တွေက
နွေရက်​မှာ တ​ဝေ​ဝေ
ပန်းပိ​တောက်​ကိုလည်း
လွမ်း​လောက်​စရာလို့ထင်​မ​နေနဲ့
နှစ်​သစ်​ရဲ့အတာ​ရေ
ဘာ​တွေကို​ဆေးမလည်း
အရွက်​​ခြွေချ​ပေမယ့်
အခက်​​တွေက တ​ဝေ​ဝေနဲ့
လေအလာ ​ကြွေမှာမ​ကြောက်​သူမို့
ပိ​တောက်​ကို ယာယီမနွမ်း
စိန်​ပန်း​တွေရဲ ….

ကဗျာရွတ်​လို့ဆုံးသွား​တော့ ဆရာမက လက်​ခုတ်​တီးအား​ပေးသည်​။ ထို့​နောက်​​တော့ အဘဦးဖိုးကွန်းက ကျွန်​​တော်​တို့ နှစ်​​ယောက်​ကို ​တွေ့​သောအခါ လှမ်း​ခေါ်သည်​။

“​ဟေ့…. မိချိုရေ မြို့ကဧည့်​သည်​ ​ခေါ်ခဲ့ပါအုံးဟ”
“ထန်းလျက်​နဲ့ ​ရေ​နွေးကြမ်း​လေး တိုက်​ချင်​လို့ပါ”

မိချိုဆိုတာ ​တော့ ရွာခံ​ဒေသကလူ​တွေက ဆရာမ နွိုင်​သဲနီအား အချစ်​စနိုးဖြင့်​​ခေါ်​သော နာမည်​ဖြစ်​သည်​။ အဘဦးဖိုးကွန်း ခြံ​ထောင့်​ရှိ ပိ​တောက်​ပင်​ကြီးမှာလည်း ပင်​လုံးညွတ်​မျှ ထိန်​ထိန်​​ဝေပွင့်​ဖူး​နေကြပြီဖြစ်​သည်​။ ကျွန်​​တော်​အ​နေနှင့်​ အဘဦးဖိုး ကွန်း​ကျွေး​သော ထန်​လျှက်​နဲ့ ​ရေ​နွေးကြမ်း​သောက်​ရင်း ​ကျေးလက်​သင်္ကြန်​ပွဲကို ပါဝင်​ဆင်​နွှဲရန်​ ​ပျော်​ရွှင်​စပြုလာသည်​။

သင်္ကြန် ​အကြို​နေ့တွင်​​ရေပက်​ကစားသူတို့မှာ သ​ပြေခက်​များဖြင့်​ တဦးကို တဦး နံ့သာ​ရေများဖြင့်​ပက်​ဖျန်းကာ ဘုရားကြီး ကုန်းရွာလေး၏ သင်္ကြန်​ကိုဖွင့်​လှစ်​လိုက်​သည်​။ ရွာလည်​ရှိ စု​ပေါင်း​ရေပက်​မဏ္ဍပ်​မှာလည်း မြို့​ပေါ်ကဲ့သို့​ ရေပက်​ခံကားများ မရှိ​သော်​လည်း ​ရေပက်​ခံလည်းများဖြင့်​ စည်​ကားလှ​ပေသည်​။ ဗုတို၊ မိပန်း၊ တာ​တေ စသည့်​ သူတို့က​လေးတသိုက်​က လည်း ​အတာသင်္ကြန်​ကို ပါဝင်​ဆင်​နွှဲကာ ​ပျော်​မဆုံး တပြုံးပြုံးဖြစ်​​နေကြသည်​။ သူတို့က​လေး​တွေ၏စိတ်​ထဲတွင်​ သင်္ကြန်​ရက်​​လေးများကုန်​ဆုံးသွားမည်​ကို နှ​မြောစိုးရိမ်​​နေပုံသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ ဗုတိုဆို​သော်​က​လေးက ရွာဦး​စေတီ ဘက်​သို့လှည့်​ကာ လက်​အုပ်​က​လေးချီပြီး “သကြားမင်းကြီး​ ဆေးတံ​မေ့လို့ ပြန်​လာယူပါ​စေ” ဟု ဆု​တောင်း​နေသည်​။ အင်္ကြန်​ အကြတ်​​နေ့မှာ စတုဒီသာ​​တွေ​ ကျွေးကြသည်​။ သာ​အေးတို့ ကာလသားတသိုက်​ကလည်း အဘဦးဖိုးကွန်း၏ ပိ​တောက်​ပင်​မှ ပိ​တောက်​ပန်းများကို ခဲရာခဲဆစ်​ခူးယူကာ ကွမ်း​တောင်​ကိုင်​​ရွှေမိတို့အပျိုတသိုက်​ကို ပိုး​ကြေး ပန်း​ကြေး ​ပေး​နေကြသည်​။ သင်္ကြန်​ အကြို၊ အကျ၊ အကြတ်​၊ အတက်​၊ နှစ်​ဆန်းတစ်​ရက်​သို့ ကူး​ပြောင်းလာခဲ့သည်​။ ထို့​နေ့တွင်​ နံနက်​ပိုင်း မှာ သက်​ကြီးပူ​ဇော်​ပွဲကျင်းပကြပြီး ည​နေပိုင်းမှာ​တော့ ဘုန်း​တော်​ကြီးများပင့်​ဖိတ်​ကာ ပရိတ်​တရားနာယူကြသည်​။ ဤနည်း ဖြင့်​ ဘုရားကြီးကုန်းရွာ​လေး၏ နှစ်​သစ်​ကြိုပွဲ​လေး​ပြီးဆုံးခဲ့​လေပြီ …..။  ။

လေးစားလျှက်
နေဝန်းနီ (မန္တ​လေး)

ဓာတ်ပုံ မူရင်းလင့်