သတင်းဆောင်းပါး

ပညာရေး၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ပညာရေး၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး

(ချင်းတွင်းမဂ္ဂဇင်း၊ ဖေ့စ်ဘွတ်) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅

ကြွလာကြတဲ့ ဧည့်ပရိတ်သတ်များခင်ဗျား …

ကျွန်တော် ပြောမှာက ပညာရေး၌ ဗဟိုချုပ်ကိုင်မှုနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချရေး (Centralization Vs Decentralization) အကြောင်း ဖြစ်ပါတယ်။

ယခုလို ပြောခွင့်ရတဲ့အတွက် ကျောင်းသား/ကျောင်းသူတွေကို ကျေးဇူးတင်ပါတယ်။ ကျောင်းသားတွေ ဆန္ဒပြကြလို့သာ ယခုပြောခွင့်ရတာ ထင်ပါရဲ့ဗျာ။ ဒါမျိုးကို NNER ကတဆင့် ပြောဖူးပေမယ့် အရာမထင်ပါဘူး။ ယခုလည်းပဲ ဒါမျိုးတွေကို အမျိုးသားပညာရေးဥပဒေကြီး ပြင်ဆင်တဲ့အခါနဲ့ နည်းဥပဒေ ရေးဆွဲတဲ့အခါ ထည့်သွင်းစဉ်းစားတန်ကောင်းပါရဲ့လို့ မျှော်လင့်ရတာပဲ။

 ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေဟာ ဒီနည်းအားဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကြီးကို အထောက်အကူဖြစ်စေတယ်လို့ ကျွန်တော်ကဖြင့် စဉ်းစားပါတယ်။ ထပ်ပြောပါရစေခင်ဗျာ … ကျောင်းသားတွေ ဆန္ဒပြမှုတွေဟာ စောနေသေးတယ်၊ အဆင့်ကျော်တယ် ပြောနေကြပေမယ့် ဒီနည်းအားဖြင့် မူဝါဒရေးဆွဲသူတွေကို သတိထားမိစေအောင် လုပ်နိုင်လို့ ကျွန်တော်တို့ ပညာရေးပြုပြင်ပြောင်းလဲမှုကြီးကို အထောက်အကူဖြစ်ပါတယ် ခင်ဗျား။

ကျောင်း၊ တက္ကသိုလ်သည် မည်သူမည်ဝါကို တာဝန်ခံရမှာလဲ။

ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးဖြစ်စဉ်ကို တာဝန်ခံဖို့ဖြစ်ပါတယ်။

• ယုံကြည်သက်ဝင်မှုတစ်ခုကို တာဝန်ခံဖို့ မဟုတ်ပါ။

• ထောက်ပံ့လှူဒါန်းသူတွေကို တာဝန်ခံဖို့လည်း မဟုတ်ပါ။

• ကောင်စီ/ကော်မတီကို ဥပဒေအားဖြင့် တာဝန်ခံရမှာ ဖြစ်သော်ငြား အနှစ်သာရအားဖြင့် တာဝန်ခံဖို့ မဟုတ်ပါ။ ကောင်စီ/ကော်မတီ၏ တာဝန်မှာ အရည်အချင်းပြည့်ဝသူတို့၏ လက်ထဲတွင် ကျောင်း၊ တက္ကသိုလ်ကို ထည့်ဖို့သာ ဖြစ်ပါတယ်။

ကျောင်း/တက္ကသိုလ်သည် အစိုးရတစ်ရပ်ကို တာဝန်ခံရမှာလား။

အစိုးရသည် ကျောင်း၊ တက္ကသိုလ်တစ်ရပ်ကို “ဖြစ်” အောင် လုပ်နိုင်သည်။ သို့သော် “ပျက်”အောင်လည်း လုပ်နိုင်ပါသည်။ “ဖြစ်” အောင် လုပ်လိုသော် ကျောင်းများ လွပ်လပ်အောင် လုပ်ပေးရပါလိမ့်မည်။ အစိုးရသည် ကျောင်းများအား ဥပဒေအရ တည်ရှိခွင့်နှင့် လုပ်ပိုင်ခွင့်ပေးသည်မှာ မှန်ပါသည်။ သို့နှင့်ပင် တက္က သိုလ်များ ကျောင်းသားများ၏ ပညာသင်ကြားရေး အလုပ်အား စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိပါသလော။

မရှိပါဟု မစ်ကယ်ဂျွန် ဟူသော ပညာရေးနားလည်သူ ဆရာတစ်ဦးက ပြောပါသည်။ အစိုးရ တစ်ရပ်က ပညာရေးကို စီရင်သောကြောင့် ကိုယ်ကျိုးနည်းခဲ့ရပြီ။

ကျွန်တော့်အနေနဲ့ အထက်ပါ အယူအဆကို မူအဖြစ်ထား၍ ပြောပါသည်။ ဆက်လက်နားထောင်ကြပါ ခင်ဗျား။

ပရိတ်သတ်များခင်ဗျား …

စနစ်တစ်ခုက အကြောင်းအရာတစ်ခုကို လိပ်ပတ်လည်အောင် စဉ်းစားရတာချည်းပါ။ မြန်မာလိုတော့ လိပ်ပတ်လည်အောင်ပါ။ ဒွန် ဆိုတဲ့ စကော့တလန် အက်ဒင်ဘာဂ်တက္ကသိုလ် ပါမောက္ခက “ကဲန်းနာ့စ် ဘောင်” (အင်္ဂလိပ်လို Ceannas Index) နဲ့ ကြည့်ပါတဲ့။

ကဲန်းနာစ်ဆိုတဲ့ စကားဟာ ခေါင်းဆောင်မှုလို့ အဓိပ္ပာယ်ရပါတယ်။ မှန်ဘီလူး ၇ခုနဲ့ စစ်ဆေးပေးပါလို့ ဆိုပါတယ်။ ကဲန်းနာစ် မှန်ဘီလူး ၇ ခုဟာ အောက်ပါအတိုင်းပါပဲ။

(၁) ဥယျာဉ်မှူးမှန်ဘီလူး

(၂) ပန်းပုဆရာမှန်ဘီလူး

(၃) သိပ္ပံဆရာမှန်ဘီလူး

(၄) အိမ်ဆောက်သူမှန်ဘီလူး

(၅) မိဘမှန်ဘီလူး

(၆) တီးဝိုင်းဆရာမှန်ဘီလူး

(၇) ရွာသူ၊ ရွာသားမှန်ဘီလူး

ပညာရေးမူဝါဒကို အဲဒီမှန်ဘီလူး ၇ ခုနဲ့ ကြည့်ကြပါစို့။

နားလည်သင့်တဲ့ ဝေါဟာရတွေ

ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း (Decentralization)။ ဗဟိုအစိုးရနဲ့ တာဝန်နဲ့အာဏာတွေကို ကျောင်းတွေဆီ၊ တိုင်းနဲ့ပြည်နယ်များဆီကို လွှဲခြင်း။ ခွဲခြမ်းတာဝန်လွှဲလိုက်ခြင်းပါပဲ။ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်းကတော့ ငွေကြေးဆိုင်ရာတာဝန်တွေကို တာဝန်လွှဲတာပဲ။

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ၃ မျိုးရှိပါတယ်။

(၁) တနေရာတည်းမှာ စုနေတာကိုလျှော့ခြင်း (အင်္ဂလိပ်လို deconcentration ဖြစ်ပါတယ်)။ ဗဟိုကတော့ ကိုင်ထားတုန်းပဲ။ ဒေသန္တရဆိုင်ရာတွေ အောက်ခြေတွေကို စီမံခန့်ခွဲမှုတချို့တွေကိုလွှဲတော့ လွှဲလိုက်ပြီ။

(၂) လွှဲအပ်ခြင်း(Delegation)။ ဗဟိုကလွှဲတော့ လွှဲလိုက်တယ်။ ပြန်ယူနိုင်အောင်လည်း လုပ်ထားတယ်။

(၃) လျှော့ပစ်လိုက်ခြင်း(Devolution)။ အောက်ကို အာဏာကုန်လွှဲတာ၊ အမြဲတမ်းလွှဲလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်လို ပညာရေးစနစ်ပြောင်းလဲရေးမှာ ဒုတိယအမျိုးအစားက အသင့်တော်ဆုံးပဲတဲ့။ အကြောင်းပြချက်များကို ဆက်လက် ဖတ်ရှုတော်မူပါ။ Delegated decentralization ပေါ့ ခင်ဗျာ။

ကဲန်းနာစ် မှန်ဘီလူး

(၁) ဥယျာဉ်မှူး မှန်ဘီလူး

ဥယျာဉ်မှူးကတော့ ကိုယ့်ဥယျာဉ်မှာ ပေါက်တဲ့အပင်ဟာ တခြားဥယျာဉ်မှာ ပေါက်ချင်မှ ပေါက်မယ် ဆိုတာ သိတယ်။ အရှည်တွေးတတ်တယ်။ အခုအစေ့စိုက် အခုအပင်ပျိုးပေတဲ့ နှစ်ပေါက်အောင် စောင့်ရမှာ ဒါမှမဟုတ် နှစ်အကြာကြီး စောင့်ရတယ်ဆိုတာ သိတယ်။ မြေ၊ ရေ၊ လေ၊ နေ၊ သြဇာဓာတ် စသည်ဖြင့် အမျိုးမျိုးသော အကြောင်းအရာတွေ အချိန်တွေ ကုန်ရွေ့တာနဲ့အမျှ ပေါင်းပြီးတော့မှ ဥယျာဉ်ဆိုတာ ပုံပေါ်တာ (ဗျူဟာမြောက် လှပလာတဲ့ကားချပ်လို့ ဆိုချင်ဆိုပါ) ကိုသိတယ်။

မြန်မာက သမိုင်းရှိတဲ့နိုင်ငံ၊ အမျိုးမျိုးသော ယျဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာစကားတွေ၊ ပထဝီတွေ ရှိတဲ့နိုင်ငံ။ ရန်ကုန်မြို့တော်ကြီးမှာ သင့်တဲ့အပင်ဟာ တောအရပ်မှာ ပေါက်ချင်မှပေါက်မယ်။ လိမ္မာတဲ့ဥယျာဉ်မှူးကတော့ သိတာပေါ့။ မြေနဲ့ဥတုနဲ့ကိုက်အောင် လျော်အောင် သူ့ဥယျာဉ်ကို ပြုစုမှာပဲ။

မြန်မာ့ပညာရေးကလည်း ကွာခြားတာတွေကို ထည့်သွင်းစဉ်းစားရမှာပဲ။ ဟိုဥယျာဉ်မှူးကို ဟိုလို၊ ဒီဥယျာဉ်မှူးကိုတော့ ဒီလို သူတို့ဥယျာဉ်ကို သူတို့ တာဝန်ယူပါစေ။ ဥယျာဉ်မှာ ရှိတဲ့ ဒေသခံ အသိုက်အဝန်းကိုလည်း ပါဝင်တာဝန်ခွဲယူစေ။

ယခု ပညာရေးဥပဒေဟာ ကျောင်းအဆင့်ထိ လျှော့မချပါဘူး။

မိခင်ဘာသာစကားသင်ကြားရေးကို ဥပမာပေးချင်တယ်။ တိုင်းရင်းသားတွေ သူတို့ဘာသာစကားနဲ့ သင်ရမှ စာ ကောင်းကောင်း တတ်မှာပေါ့။ သူတို့ဥယျာဉ်နဲ့ သူတို့ အပင်စိုက်ရရင် ပျော်ကြမှာ။ တိုင်းပြည်ကြီး ငြိမ်းချမ်းမှာပဲ။

 နောက်ဥပမာတစ်ခုက ချင်းပြည်နယ်မှာဆိုရင် မိုးရွာလွန်းတဲ့မိုးအခါ ကျောင်းသွားဖို့ အဆင်မပြေဘူး။ ကျောင်းဖွင့်ရာသီက နွေနဲ့ဆောင်း ဖြစ်သင့်တယ်။ ကျောင်းဝတ်စုံအစိမ်းကလည်း ပါးလှပ်လွန်းတော့ အလွန်အေးတဲ့ ရာသီဥတုနဲ့ အဆင်မပြေဘူး။

ခုထိကတော့ တိုင်းရင်းသား ဘာသာစကား သင်ဖို့ကိစ္စကို ကျောင်းတွေအထိ လွှဲမပေးသေးဘူး။ သင်ရိုးညွှန်းတမ်းလည်း “ကြာနီ ကြာဖြူ ကြာညိုနှေလို့ တို့ယာတောမှာ ပွင့်ကြတယ်” ဆိုတာတွေ ရွှေတိဂုံဘုရားအကြောင်းတွေ သင်ဖို့ထက် သူတို့နဲ့နီးကပ်တဲ့ အကြောင်းအရာ ပါရမှာ မဟုတ်လား။

အောက်ခြေအဆင့်ထိ လုပ်ပိုင်ခွင့်ကို လုံးဝလွှဲလိုက်ခြင်း Devolution ကို သုတေသနလုပ်ထားတာတွေ ရှိတယ်။ ဒေသန္တရအစိုးရအဖွဲ့နဲ့ ကျောင်းတွေမှာ ဝန်ပိကုန်တတ်တယ်။ ဝန်နဲ့အား မမျှတာတွေ ရှိတယ်။ လုပ်နိုင်တဲ့ နယ်တွေကတော့ ဖွံ့ဖြိုးပြီး မလုပ်နိုင်တဲ့ နယ်တွေက ကျန်ရစ်ပြီး မညီမျှတာတွေ ဖြစ်တတ်တယ်။

ယူနီဆက် စာတမ်းတစ်စောင်က ဒေသန္တရကွာခြားမှု (Regional disparities) တိုးစေတယ်လို့ ဆိုတယ်။ မရည်ရွယ်တဲ့ အကျိုးသက်ရောက်မှုတွေ ရတတ်သတဲ့။ လိမ္မာတဲ့ ဥယျာဉ်မှူးက ဗဟိုက ထိန်းထားတာတွေလည်း အစမှာတော့ အရေးကြီးတယ်လို့ စဉ်းစားတတ်တယ်ဆိုပဲ။ ပေါ်လစီအသစ် နည်းအသစ်တွေကို အမြစ်တွယ်ဖို့ အချိန်ပေးရမယ်ဆိုပဲ။ ဗဟိုဆိုတာ Quality Assurance System, University Grants Commission စတာတွေကို ခေါ်တာပါ။ သူတို့နဲ့ လုပ်ရမှာ။

(၂) ပန်းပုဆရာ မှန်ဘီလူး

ပန်းပုဆရာက စိတ်ကူးကွန့်မြူးတတ်တယ်။ တီတီထွင်ထွင် ရှိတယ်။ မသေချာမှုနဲ့ နေတတ်တယ်။ သူ့ခံစားမှုတွေ စိတ်လှုပ်ရှားမှုတွေကို အသုံးချဖို့လည်း ဝန်မလေးလှဘူး။ တီထွင်ဖန်ဆင်းတဲ့ ဖြစ်စဉ်ကြီးဆိုတာ စိတ်လှုပ်ရှားမှု ခံစားမှုနဲ့လည်း ဆက်နေတာကိုး။

ဗဟိုက ချုပ်ကိုင်ထားမှုကို လျှော့တယ်ဆိုတာ အဲသလို စွန့်ဦးတီထွင်တဲ့ စွမ်းအင်ကိုရဖို့ ဖြေလွှတ်လိုက်တာပဲ။ ဗဟိုချုပ်ကိုင်မှုဆိုတဲ့ လမ်းကတော့ စာသင်ကျောင်းတွေရဲ့ တီထွင်နိုင်စွမ်းကို လည်မျိုညှစ်တာပဲ။ ကျောင်းတွေရဲ့ လက်တွေ့စမ်းသပ်မှုတွေ သုတေသနလုပ်တာတွေကို ငြင်းပယ်တာပါပဲ။

တင်းကျပ်တာ ချုပ်ချယ်တာ အဲသလိုစနစ်ရဲ့ ပြဿနာက စကတည်းက ခေတ်နောက်ကျသွားမှု (Built in Obsolescence) လို့ ပြောရမှာပဲ။ ဗဟိုက ညွှန်ကြားမှုကိုပဲ စောင့်နေရတာကိုး။

အထက်က တင်ပြခဲ့သလိုပဲ မြန်မာဆိုတဲ့ နိုင်ငံရဲ့ယဉ်ကျေးမှု၊ ဘာသာစကား၊ ပထဝီအနေအထားတွေက ဗဟိုက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ဖို့ တော်ပါ့မလား။ ဗဟိုချုပ်ကိုင်မှု လျှော့တယ် ဆိုတာ နှိမ့်ချမှုကလေးတော့လည်း လိုတယ်။ ဗဟိုက လူတွေအနေနဲ့ သူတို့အနေနဲ့ အဖြေအားလုံးတော့လည်း ရှိမနေဘူး၊ ကျောင်းတွေနဲ့ အတူတကွ အလုပ် လုပ်ရမယ်လို့ သိသင့်တယ်။

ကျောင်းအဆင့်အတန်းအဆင့်ထိ တီတီထွင်ထွင် လုပ်ခြင်းတွေရောက်အောင် အားပေးရမှာ ဆိုပဲ။

လူတွေက အပေါ်က လူတွေအတွက်ပဲ ထားလိုက်ရမယ့် အချင်းအရာတွေ မဟုတ်ဘူးတဲ့။

အဲသလိုဖြစ်ဖို့က ဗဟိုကချည်းဆွဲတဲ့ သင်ရိုးညွှန်းတမ်း မဟုတ်ရဘူး။ သင်ရိုးညွှန်းတမ်းမှာ သင်နည်းရော မာတိကာရော ပါတယ်။ ဥယျာဉ်မှူးမှန်ပြောင်းနဲ့ ပြန်ကြည့်။ ဆရာတွေချည်းကလည်း သင်ရိုးညွှန်းတမ်းအကုန် တီထွင်ဖို့လည်း မဟုတ်ပါဘူး။ အားလုံး အသစ်လုပ်ရမယ်တော့လည်း မဟုတ်ဘူး။

ရှိနေတဲ့အရင်က ကောင်းတဲ့အရာတွေ ပျောက်ဆုံးမကုန်အောင်တော့လည်း ကျန်နေရမယ်။

ဗျူရိုကရက် စနစ်ကြီးဆိုတာက အသေးစိတ် ရီပို့တွေ ဗဟိုကို ပို့ရမယ်လို့ ဆိုလိုတာပဲ။ (ယခု ကျွန်တော်တို့ လုပ်နေရသလိုပ။) အချက်အလက်တွေဟာ လိုတော့လိုတယ်။ ဗဟိုဟာ ဒေတာ အငတ်တွေ မဟုတ်ရပါဘူး။ ဒေတာတွေနဲ့ စူးစမ်းချင်တာပဲ ဖြစ်ရမှာ။

(၃) သိပ္ပံဆရာ မှန်ဘီလူး



သိပ္ပံဆရာကတော့ ဓမ္မဓိဋ္ဌာန်ကျတယ်။ သက်သေတွေ အချက်အလက်တွေနဲ့ ကမ္ဘာကြီးကို ရှုမြင်တယ်။ ယုတ္တိကျကျ ဆန်းစစ်တယ်။ ကျိုးကြောင်း ရှိ/မရှိကြည့် လက်တွေ့စမ်းသပ်မှုတွေ လုပ်ပြီးမှ အလုပ်လုပ်တဲ့သူ။

NNER က ပညာရေးဟာ သုတေသနအရ လူတစ်ယောက်ရဲ့ ပညာရေးအောင်မြင်မှုဟာ အချက် ၃ချက်ပေါ်မှာ အခြေခံတယ်။

(က) သင်ရိုးညွှန်းတမ်းကောင်း

(ခ) သင်နည်းသင်ပုံ အရည်အသွေးကောင်း

(ဂ) ဆက်နွှယ်မှုကောင်း (Caring relationship ကို ဆိုလိုတာပါ။)

သင်ရိုးညွှန်းတမ်းကို အာရုံအလွန်စိုက်ကြတယ်။ ဒါပေတဲ့ ဘာကို သင်မှာ အပြင် ဘယ်လိုသင်မှာကိုလည်း အာရုံစိုက်ဖို့လိုတယ်။ ပညာရေးစနစ်တွေ ပြောင်းလဲအောင် လုပ်ကြမယ်လို့ ဆိုတယ်။ “သင်ရိုးညွှန်းတမ်း” ထက်လွန်ပြီး ရောက်အောင် မသွားနိုင်ကြတာကို တွေ့ရလေ့ရှိတယ်။

ဒေတာတွေကို ကောက်ဖို့လိုပေတဲ့ (ဆိုလိုတာက စာမေးပွဲစစ်ပြီး ကျောင်းတွေ အကဲဖြတ်ဖို့ လိုပေတဲ့) အလွန် ဂရုတစိုက် ရွေးချယ်ထားတဲ့ ဒေတာတွေကပဲ အကျိုးဖြစ်ထွန်းမှာပါ။ ပိုက်ဆံအကုန်အကျများတဲ့ စံစာမေးပွဲ standardized test တွေ မများဖို့ ရှောင်ရမယ်၊ မများဖို့ နိုင်ငံတကာပညာရှင်တွေက အကြံပေးပါတယ်။ NNER က အကြံပေးတဲ့ formative assessment ကို သုံးဖို့ ကောင်းပါ တယ်။

(၄) အိမ်ဆောက်သူ မှန်ဘီလူး



အိမ်ဆောက်တဲ့သူကတော့ အိမ်ဆောက်ဖို့ အစီအစဉ်ရှိရတယ်။ ငွေ၊ ပန်းရံ၊ လက်သမား စတဲ့ လူရှိရတယ်။ ပညာရေးစနစ် တည်ဆောက်ရာမှာလည်း အစီအစဉ်ရှိရမတဲ့။ ပညာရှင်တွေ အကြံပြုတာက အပေါ်ကငြမ်း (Scaffolding) ပဲလုပ်၊ ကျန်တာကို ဒေသန္တရဆိုင်ရာ စီမံဖို့ ခွင့်ပြုရမတဲ့။ Local ownership & variation လို့ သူတို့က ဆိုပါတယ်။ပညာရေး ပြုပြင်တည်ဆောက်ဖို့ ပိုင်ဆိုင်ခွင့် ကွဲပြားခွင့် ပေးရမယ်လို့ ပြောပါတယ်။

Operational decision တွေကို ကျောင်းတွေက ချမှတ်ရမယ်။ အလွန်ရှင်းလင်းတဲ့ ဗျူဟာဘောင် clear strategic framework ကိုပဲ အပေါ်က ချမှတ်။ ဒါမျိုးချမှတ်မှပဲ ဖြစ်မယ်။ အဲဒါကို quality assurance system တည်ဆောက်လိုက်ရင်ပြီးပြီ။ Quality assurance system ကို လူသူလေးပါး လေးစားတဲ့ လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ လုပ်ဖို့ပဲ။ အဲဒီ assurance system က ဒေသန္တရ အသေးစိတ်တွေမှာ မပါဖို့တော့လည်း လိုတယ် ဆိုပါတယ်။

ဥပမာအနေနဲ့ ကျွန်တော်တို့က ဆရာ-ကျောင်းသားအချိုးထိ လိုက်ပြောနေရင် တကယ်ကျတော့ ဆရာတွေကို non- teaching time လို့ခေါ်တဲ့ ပရော်ဖက်ရှင်နယ် သင်ယူချိန် ပြင်ဆင်ချိန်ကို ပေးနိုင်ဖို့လည်း လိုသတဲ့။ ဆရာတွေဟာ တသမတ်တည်းသော ရည်ရွယ်ချက် consistency of content သို့မဟုတ် တိုင်းပြည်အတွင် ဗျူဟာမြောက် လားရာပန်းတိုင်ကို သူတို့အပေါ် တင်တာကို လက်ခံကြတာချည်းပဲလို့ သုတေသနက ဆိုပါတယ်။ Quality assurance system ကြီးက အဲဒါကိုပဲ ပေးရမှာပါ။

(၅) မိဘမှန်ဘီးလူး



မိဘဆိုတာကတော့ အများသိတော်မူကြတဲ့အတိုင်း သားသမီးတွေကို ကာကွယ်တယ်၊ အထောက်အပံ့ ကူညီပေးတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ လူ့အဖွဲ့အစည်းမှာ တန်ဖိုးတွေ ရှိတယ်။ အဲ့ဒီတန်ဖိုးတွေကို မိဘတွေက လက်ဆင့်ကမ်းတယ်။ မိဘတွေဟာ သူတို့ သားသမီးတွေရဲ့ နောင်ရေးအတွက် သူတို့ လိုအပ်တာတွေကို စတေးနိုင်တယ်။ မိဘ မှန်ဘီလူးနဲ့ ကြည့်ရမယ်။ NNER က inclusive education ကို ပြောပါတယ်။

ယခုပညာရေးဥပဒေမှာ မသန်စွမ်းသူတွေအတွက် အဲ့ဒီပညာရေးမျိုး မပါပါဘူး။ လူ့အခွင့်အရေး လူ့လွတ်လပ်ရေးတွေဟာ ပညာရေးဥပဒေမှာ ပါပါရဲ့လား။

ပညာရေးဥပဒေတွေမှာ ဒါမျိုးတွေကို တတိယဦးစားပေးကြတာများတယ်လို့ ဆိုပါတယ်။ သင်ရိုးညွှန်းတမ်း ပညာရေးစီမံခန့်ခွဲမှုတွေပြီှးမှပဲ စဉ်းစားကြတာတဲ့။ ဒါပေတဲ့ …

ပထမအချက်၊ စာသင်ခန်းနဲ့ ကျောင်းမှာ တန်ဖိုးတွေ ရှိနေရမယ်။ ဒုတိယအချက်၊ အဲ့ဒီတန်ဖိုးတွေ ရောက်အောင် ဘယ်လိုရောက်အောင် ပို့မလဲ။ ကျွန်တော်တို့ ပညာရေးစနစ်မှာ ပါသင့်ပါတယ်။

စနစ်တခု အောင်မြင်ဖို့အရေးမှာ တန်ဖိုး ၃ခု လိုပါတယ်လို့ဆိုပါတယ်။

• Trust ယုံကြည်ခြင်း

• Learning သင်ယူခြင်း

• Integrity အကျင့်စာရိတ္တရှိခြင်း

Trust မရှိတော့ရင် ဗျူရိုကရေစီ တည်ဆောက်ရတော့သတဲ့။ အားလုံးကို လိုက်ပြီးတိုင်း မှန်ကန်ကြောင်း သက်သေပြဖို့အတွက် တင်းကျပ်အောင် လုပ်တော့တာပဲ။

ယခု ပညာရေးဥပဒေကြီးက ကျောင်းတွေ၊ ဆရာတွေ၊ ကျောင်းသားတွေအတွက် space ပေးပါသလား။ ဆရာသမဂ္ဂတွေ ရှိရမှာပေါ့။ လူ့အခွင့်အရေးပါ ခင်ဗျား။

Relational trust ဆိုတာလည်း ရှိသေးတယ်။ ကျောင်းသား၊ ဆရာနဲ့ ဆက်ဆံရာမှာ ယုံကြည်မှုအပေါ် အခြေခံပါသလား။ သို့မဟုတ် မယုံကြည်မှုအပေါ် အခြေခံပါသလား။ ယခု ပညာရေးဥပဒေကြီးဟာ ကျွန်တော်တို့အနေနဲ့ ကျောင်းသားတွေအနေနဲ့ ယုံကြည်မှုအပေါ် အခြေခံပြီး ဆွဲထားတယ်လို့ ယုံရမှာ အတော်ခက်ပါတယ်။

Omnipresent management လို့ ခေါ်တဲ့ အရာရာမှာ စီမံအုပ်ချုပ်ခြင်း ကဲနေပါသလား။

(၆) တီးဝိုင်းဆရာ မှန်ဘီးလူး



တီးဝိုင်းဆရာ (Conductor) က တစ်ဦးချင်းရဲ့ အရည်အချင်းကို အလွန်လေးစားတယ်။ ပူးပေါင်းပါဝင်မှုကိုလည်း အလွန် အလေးထားတာ။ တီးဝိုင်းထဲပါတဲ့ လူတိုင်းကို နေရာပေးတယ်။ “နေရာ” ကို ဖန်တီးတယ်။ စာသင်ကျောင်းတွေရဲ့ ခေါင်းဆောင်တွေကိုလည်း ညွှန်ကြားချက်လက်စွဲစာအုပ် (Manuals) တွေ ပေးလိုက်ရုံနဲ့ မရဘူး။ Variation လို့ခေါ်တဲ့ တရွာတပုဒ်ဆန်းဆိုလည်း (ပင်မလည်း မပျက်စေရဘူးတဲ့) လုပ်ခွင့်ပေးရတယ်။ Local context is everything ဆိုပဲ။

ယခု ပညာရေးခေါင်းဆောင်တွေ (ဝါ) ကျောင်း တက္ကသိုလ်ခေါင်းဆောင်တွေ ဆင်ခြင်ကြဖို့ပဲ။ ယခုပညာရေးထိပ်ပိုင်းက ညွှန်ချုပ်စတာတွေကတော့ တပ်ကအရာရှိတွေပါပဲ။ အပေါ်က ခိုင်းတာပဲ လုပ်တဲ့လူ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးတဲ့လူတွေ တခြားသူတွေကို လေးစားတဲ့လူတွေ ဖြစ်နိုင်ပါသလား။

(၇) ရွာသူရွာသားမှန်ဘီလူး



သူကတော့ လူတိုင်းကို တန်းတူဆက်ဆံတာပါပဲ။ ရာထူးဌာနန္တရတွေ မရွေးတတ်ပါဘူး။ နှိမ့်ချမှုလေးလည်း ရှိတယ်။ လေးစားမှုလေးလည်း ရှိတယ်။ အသိုက်အဝန်း community ဆိုတာ ဒီလိုနည်းနဲ့ ဖြစ်လာတာပါ။

ကျောင်းတွေဟာ ရပ်ရွာကို တုံ့ပြန်ရမယ်။ NNER က ကျောင်းစီမံခန့်ခွဲမှုဘုတ် (School Administration Board) တွေကို ကျောင်းအုပ်ချုပ်မှုအတွက် ဖွဲ့ဖို့ အကြုံပြုထားပါတယ်။ ကျောင်းအုပ်ချုပ်မှုဘုတ်ရဲ့ တာဝန်နဲ့ နေရာဟာ ဘာလဲလို့ အလွဲသုံးစား မလုပ်နိုင်အောင် စဉ်းစားဖို့ပါပဲ။ တိုင်းရင်းသားတွေ ယဉ်ကျေးမှုဆိုင်ရာ တတ်ကျွမ်းသူတွေ ပါဖို့ပါပဲ။ မူလတန်းကျောင်းမှာ အသက်မွေးဝမ်းကျောင်း ကျောင်းတွေမှာ အထက်တန်းအကဲဒမစ်ကျောင်းမှာ စသည်ဖြင့် သူ့နေရာနဲ့သူပေါ့။

တစ်ခုက ဒါမျိုးကို အပေါ်က အမိန့်ပေးတာနဲ့မရဘူး။

NNER က စာသင်သားတွေကို နေရာကြောင့် အမျိုးကြောင့် ဓလေ့ကြောင့် ကိုးကွယ်သည့် ဘာသာတရားကြောင့် ဆင်းရဲခြင်း၊ ကျား မ၊ မသန်စွမ်းမှု စသည်ကြောင့် မခွဲခြားရဘူးလိုတော့ တင်ပြထားတာပါပဲ။

ပရိသတ်များ ခင်ဗျား …

မှန်ဘီလူး (၇) ခုစလုံးနဲ့ ကြည့်တဲ့အခါ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ လိုအပ်ကြောင်း ထင်လင်းလို့ နေပါတယ်။ ယခု ပညာရေးဥပဒေကြီးမှာ မိခင်ဘာသာစကားသင်ကြားရေး၊ လူတိုင်းအကျုံးဝင်ပညာရေး (Inclusive education) စတာတွေ ပြင်ဖို့ လိုပါတယ်။ Assessment တွေကို ဘယ်လိုလုပ်မလဲ မသိဘူး။ တက္ကသိုလ်ပညာရေးမှာလည်း ကျောင်းသားသမဂ္ဂ ဆရာသမဂ္ဂ ဖွဲ့ခွင့်တွေ ပါရမှာပဲ။ နည်းဥပဒေမှာ စောင့်ကြည့်ပါလို့တော့ ပြောတာပဲ။ ဒါပေတဲ့ ကျောင်းသားတွေရဲ့ မေးခွန်းက မိခင်ဥပဒေမှာမှ မပါရင် နည်းဥပဒေမှာ ပါမယ်ဆိုတာကို သူတို့က ယုံရမှာလားတဲ့။ သူတို့ ပြောတာကို အရင်က ဂရုမစိုက်တာကိုး။

နိဂုံး

အစပထမပိုင်းမှာ တင်ပြသလို ကျောင်းသားဆန္ဒပြပွဲတွေဟာဖြင့် ပညာရေးမြှင့်တင်မှု ဆရာကြီးများကို သတိပြုစရာများကို သတိပြုမိအောင် ဖြစ်လာစေတာမို့ ကောင်းပါတယ် ခင်ဗျား။

ကျောင်းသားဖြစ်စေ ဆရာဖြစ်စေ NNER စတဲ့ တခြားသူများကိုဖြစ်စေ ထိုက်သင့်သလောက် အဲ့ဒီဆရာကြီးများက နားမထောင်ကြပါဘူး။ ဒီဘက်ကကြည့်တော့ အဲ့ဒီပုဂ္ဂိုလ်ကြီးတွေဟာ ဦးဘဂျမ်းကာတွန်းထဲကလို ပုဂ္ဂိုလ်ကြီးတွေချည်း ဖြစ်ပါတယ်။

တခါက အိမ်တအိမ်ကို ဓားပြတိုက်ပါတယ်။ နောက်တစ်ရက်မှာ ရဲက လာစစ်ပါတယ်။ ခက်နေတာက ၂ ခုလုံးမှာ ပါတဲ့ ပုဂ္ဂိုလ်တွေက အတူတူဖြစ်နေပါတယ်။ ဒါနဲ့ပဲ ဓါးပြအတိုက်အခံ ပုလိပ်အစစ်ခံရတဲ့ အိမ်ရှင်က ငါ့နှယ်ခက်ပါဘိတော့သကွလို့ ညဉ်းပါတယ်။

အခုလည်း ဒီလိုပါပဲ။ ပညာရေးကို မြှင့်တင်မယ်ဆိုလည်း ဒီလူတွေ၊ ပညာရေးကို ဒီအခြေထိ ကိုယ်ကျိုးနည်းအောင် လုပ်တဲ့သူတွေဟာလည်း ဒီလူတွေပါ။ ဒါကြောင့် ဒီလူတွေဟာ လူကြီးတွေ ဆိုသော်ငြား ကျောင်းသူကျောင်းသားတွေက သူတို့ကို မယုံကြည်နိုင်ပါဘူး။ ကျာင်းသူကျောင်းသားတွေဟာ သူတို့ကို မယုံနိုင်ကြတာ မှားပါသလား ခင်ဗျား။

ပညာရေးကော်မတီ၊ တက္ကသိုလ်များညှိနှိုင်းရေးကော်မတီဆိုတာတွေမှာ လွတ်လပ်တဲ့ ပညာရှင်တွေ၊ အမြော်အမြင်ရှိလူကြီးများ၊ ဆရာကိုယ်စားလှယ် ကျောင်းသားကိုယ်စားလှယ်တွေ ပါချင်တယ်။ အစိုးရခန့်မပါရ မဟုတ်ပါဘူး။ ပါရမှာပါ။ သို့ပေတဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ အမြော်အမြင်ရှိခြင်းစတဲ့ လောကပါလတရားတွေ တက္ကသိုလ်တွေမှာ ထွန်းကားအောင် လုပ်တဲ့အဖွဲ့ ဖြစ်သင့်တယ်။ ဒါကြောင့် အဲဒီကော်မတီတွေဟာ အထက်ပါပုဂ္ဂိုလ်တွေ အညီအညွတ် အပြေအပြစ် အားထုတ်တဲ့ အဖွဲ့ဖြစ်ရမယ်။ စေလိုရာစေတဲ့အဖွဲ့ မဖြစ်ရဘူးလို့ စဉ်းစားကြတယ် ခင်ဗျား။

အဲ… ကျောင်းသားသမဂ္ဂဆိုတာမျိုး နာမည်ကိုပဲ ကြောက်နေတဲ့ ကော်မတီမျိုးဖြစ်လို့က ဘယ်သင့်တော်ပါ့မလဲ။ ဒေါက်တာမောင်သင်းရေးတဲ့ စာအုပ်ထဲကလို ဖြစ်သင့်တာပေါ့။ သူရေးတာက –

“ကျောင်းသားအဖွဲ့အစည်း (Student Union)။ ။ အဓိကအားဖြင့် မှတ်ပုံတင်ပြီး တက္ကသိုလ်တက်နေတဲ့သူတွေ အားလုံးပါဝင် ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းပါ။ အိန္ဒိယ၊ ဂျပန်၊ ဟောင်ကောင်၊ အမေရိကန်တို့မှာ ရှိပါတယ်။ အများအားဖြင့် လူမှုရေး (ပညာသင်ထောက်ပံ့ပေးတာလည်း ပါပါတယ်) လုပ်ကြတာ များပါတယ်။ အိန္ဒိယနှင့် ဟောင်ကောင်မှာတော့ နိုင်ငံရေးပါတီတွေနှင့် ဆက်သွယ်မှု ရှိပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်သမိုင်းက ကျောင်းသားသမဂ္ဂကတော့ ပညာရေး၊ ကျောင်းသားအရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီအရေးတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။ ကျောင်းရဲ့ သင်ကြားမှု၊ ဌာန၊ ဘာသာရပ်၊ ဆရာ၊ ဆရာမတွေရဲ့ အားနည်းချက်တွေ ထောက်ပြပြီး ပိုမိုကောင်းမွန်အောင် အကြံပြုပါတယ်။

ရန်ကုန်တက္ကသိုလ်ဥပဒေ (၁၉၂၀) နှင့် မန္တလေးတက္ကသိုလ်ဥပဒေ (၁၉၅၇) တို့အရ ကောင်စီမှာ သူတို့လည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခွင့်ရပြီး၊ ကျောင်းသားများဘက်မှ အမြင်ကို တင်ပြခွင့်ရပါတယ်။ သူတို့ ဘယ်လိုအကောင်းဆုံး သင်ကြားချင်တယ်၊ သင်ကြားလိုတဲ့ ဘာသာရပ်နှင့် သင်ယူလိုတဲ့ ပုံစံကို တင်ပြခွင့် ပြုထားတယ်၊ ရည်ရွယ်ချက်က တက္ကသိုလ်ပညာရေး ပိုမို ဖွံ့ဖြိုးရေးအတွက်ပါပဲ။ ဥပဒေနှင့်အညီ တရားဝင်ရှိရမည့် အဖွဲ့အစည်းပါ။”

ဒေါက်တာမောင်သင်းရဲ့ ကျောင်းသားသမဂ္ဂရှိသင့်ကြောင်း ရေးတဲ့စာပါ။ ဒါပေတဲ့ အကြောင်းကြောင်းကြောင့်ပဲလား မသိဘူး။ ကျောင်းသားသမဂ္ဂလို့ မရေးရဲရှာဘူး။

ကျေးဇူးတင်ပါတယ်ခင်ဗျား။

အညွှန်း။ Myanmar Education: Centralization vs. Decentralization by Mark Walker and Don Ledingham

(မိုးမခ မှတ်ချက် – ချင်းတွင်းမဂ္ဂဇင်း ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ဆောင်းပါးမှာ စာရေးသူအမည် ဖော်ပြထားတာ မရှိပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts