နိမှသောင် ရုပ်ပွား
သောတရှင်များ ကျန်းမာတော်မူကြပါစေရှင် …။
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်း သာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ။ ဒီကနေ့တော့ ပြောလက်စနဲ့မို့ အလှူအကြောင်း နည်းနည်းဆက်ပြောချင်ပါသေးတယ်။ တရွာတပုဒ် ဆန်းဆိုတာမျိုး ကြုံရတာတခုရှိလို့ပါ။ မာအေးတို့ဖက်မှာက ရှင်ပြုမင်္ဂလာမှာ အလှူဝင်တို့ အလှူကြီးရက်တို့ဆိုတာတွေ မရှိသလောက်ပဲလေ။ ရှင်လောင်းလှည့်ပွဲကျင်းပတဲ့အခါ၊ ဦးစွာ ဘုရားစေတီများဆီသွားရောက်ဖူးမျှော် ရှိခိုးဦးတိုက်တယ်။ ဘုရားဖူးကအပြန်မှာ အဆင်ပြေတဲ့ နတ်ကွန်းတို့ နတ်စင်တို့မှာ မောင်ရင်လောင်းတွေကို အန္တရာယ်ကင်းအောင်စောင့်ရှောက် ဖို့အပ်တယ်။ အမျှဝေမှုပြုတယ်။ အဲဒီလို ရှင်လောင်းလှည့်ရာကပြန်တော့ တင့်တယ်လှပတဲ့မဏ္ဍပ်ကိုသော်လည်းကောင်း၊ ဟိုတယ်တခုခုရဲ့ ခန်းမဆောင်ကိုလည်းကောင်း ဝင်လာပြီး ဧည့်ခံကျွေးမွေးလုပ်ကြတာ ရန်ကုန်မြို့ ပေါ်ပွဲမျိုးပေါ့ရှင်။
တချို့နယ်တွေမှာကျတော့ ရှင်လောင်းလှည့်ကအပြန်မှာ မဏ္ဍပ်တွင်းခင်းကျင်းထားတဲ့နေရာရောက်ရင် ရှင်လောင်းသွင်းလို့ ခေါ်ကြတဲ့ ဘိသိက်သွင်းကြတာလဲရှိပါတယ်။ အလှူဝင်ရက်၊ အလှူကြီးရက်လို့လဲ သတ်မှတ်တာလဲ များပါတယ်။ ညနေ အလှူဝင်ရက်မှာ နာမည်ကျော်ဆိုင်းအဖွဲ့များ တီးမှုတ်ဖျော်ဖြေစေတယ်။ အလှူကြီးနေ့မှာလဲ ဧည့်ခံလေ့ရှိပါတယ်။
မယ်ဘေ့ကုန်းရွာကလေးမှာကျတော့ အလှူဝင်နေ့ညနေပိုင်းမှာ မောင်ရင်လောင်းတွေ နတ်ပြတဲ့ကိစ္စသီးသန့်ကြိုပြီးကျင်းပတာတွေ့ရလို့ ခါတိုင်းကြုံဖူးတာတွေနဲ့ တမူကွဲ မတူဘဲနေတယ်လို့ ပြောချင်တာပါ။ ဒီအလှူကလဲ ဖိတ်စာမပါ ဘာမပါနဲ့ ဗျို့ဟစ်လှူတာမျိုးကျနေတာဘဲ။ အချိန်မတိုင်ဘဲ လူတွေကခဲနေတာ ရှိုးပွဲတောင် ရှုံးလောက်မယ်ထင်ပါရဲ့။ ကျောင်း ပြည့်လောက်တယ်။ ပွဲဝင်လာတဲ့ ဆိုင်းအဖွဲ့ဟာ ဗျောမခေါက်နိုင်ဘဲ အဆိုတော်လေးတွေနဲ့ နောက်ထတွေနဲ့ ပျော်ပျော်ကြီးတီးခတ်ပေးကြရရှာတယ်။
စိန်မန်းတင်ဆိုတဲ့ မာအေးမိတ်ဆွေ ဆိုင်းဆရာကြီး ဦးမန်းတင်ရဲ့သားဟာ သူ့ဖခင်လို လက်သံမျိုးပါဘဲ။ သူ့ဆိုင်းကို ရိုးရာ မပျက် ပတ်စာကပ်တီးပါတယ်။ ဖျော်ဖြေတဲ့သီချင်းတွေကလဲ မြန်မာသံစစ်စစ်တွေဖြစ်တာကြောင့် မာအေးအတော်ဝမ်းသာမိပါတယ်။အများအားဖြင့် နိုင်ငံတကာ “စီ” အသံကိုက်နဲ့ ဆိုင်းတွေက တီးနေကြတာမို့လို့ပါ။ကိုယ့်အတွက် အသက်အရ၊ ကျန်းမာရေးအရ အရင်လို မဆိုင်နိုင်မှာလဲပူတော့ ပူမိသေးတာပေါ့ရှင်။ ဒါပေမယ့် ပရိသတ်က စည်ကားနေပြီလေ။ အလှူရှင် တို့ကလဲ တပုဒ်နှစ်ပုဒ်တော့ ဆိုပေးပါဦး ။ အဝေးကရွာတွေက လာကြတဲ့သူတွေမို့ပါလို့ ပြောလာကြတော့ ဆိုပေးလိုက်တာ ပေါ့ရှင်။
ဆိုင်းအသံမြင့်မြင့်နဲ့ သိချင်းမဆိုဖြစ်တာ ကြာပြီလို့တွေးမိတော့ အာယားမ၊ ကျွဲမ၊ ကေါက်စိုက်မ၊ ကက်ဆက်ခွေထုတ်ဖို့ အသံသွင်းတဲ့အချိန်က ဂီတမောင်ကလေးနှစ်ကောင် အကျိုးဆောင်ခဲ့တာလေး ပြေးမြင်အောင်းမေ့သည်ရှင့်။ မာအေး အသက်လေးဆယ်ကျော်ငါးဆယ်တွင်း ထင်ပါရဲ့။ ဒီသီချင်းတွေ အသံသွင်းရာမှာ အဓိကက ဆိုင်းဖြစ်နေတာကိုးရှင့်။ ဆရာ တူမောင်ကလေး စိန်စတင်းကို သူမအားတဲ့ကြားက ဇွတ်အတင်းခိုင်းခဲ့ပါတယ်။ မောင်စတင်းက ဆိုင်းရိုးရာမပျက် ၊နိုင်ငံတ ကာ စီရှပ်သံစဉ် (Key C #) ရောက်တဲ့ ပတ်စာတတ်တီးတဲ့ရွာစားပါ။ အသံမြင့်တာပေါ့။ စိန်စတင်းဆိုင်းအဖွဲ့နဲ့အတူ တွဲဖက်တီးမှုတ်ရမယ့် တူရိယာပညာရှင်တွေကိုတော့ တပည့်သားထရမ်းပက်ဝင်းဦးကို ဦးဆောင်ခိုင်းခဲ့ပါတယ်။
ကိုယ်က ခွန်အားအပြည့်နဲ့ဆိုနိုင်ခဲ့တော့ကါ၊ ဘာကီးနဲ့တီးတီး သိကိုမသိပါဘူး။ သီချင်းကိုရအောင် လိုက်ဆိုဖို့လောက်သာနားလည်ခဲ့တာကလား။ ကိုယ့်မောင်နှစ်ယောက်အသ့ကို မသိမသာခိုးခိုးတင်ထားကြတာတောင် မသိပေါင်၊ အော်ငါ့နှယ် အော်ရလှ အော်ရလှတယ်နဲ့ဘဲ နှစ်ရက်ထဲ အခွေသုံးခွေကျအောင်ဆိုဖြစ်ခဲ့ပါတယ်။ မောင်စတင်းကလဲ ဇွဲကောင်းသလား မမေးနဲ့။ ဝမ်းကိုက်နေတဲ့ကြားက မငြီးမညူမထမ်းကို တီးခဲ့ပါတယ်။ အေဝမ်းဦးစံနဲ့ တပည့်ကျော်ကိုခင်ဦးတို့အသံဖမ်းပေးကြတာ သူ့အိမ်မှာပါဘဲ။ အားလုံးအသံသွင်းလို့ပြီးပြီဆိုတော့မှ မာအေး အသံကုန်ဟစ်ဆိုဖြစ်အောင် အသံတွေ တင်တီးဖို့ ကြံစည်ခဲ့ကြတာလို့ပြောမှ သိတော့ ရယ်ကြရရှာတာပေါ့။ သူတို့နှိပ်စက်လို့ အော်နိုင်သွားတယ်ဆိုလဲ ကျေးဇူးတင်ရမှာပါဘဲ။ မောင်လေး ဝင်းဦးကတော့ သွားရှာပြီ။ မောင်စတင်းလဲ ရှာတွေ့ဦးမှပါလို့ သတိရရင်း သီချင်းဆက်ဆိုပေးခဲ့တာပေါ့ရှင်။
အလှူကြီးနေ့ကတော့ ထမင်းရေချောင်းစီးပါဘဲ၊ သံဃာစင်ပေါ်မှာလဲ ရဟန်းသံဃာထေရ်ရာ ဒုလ္လဘကြည်ညို မဝစရာဖူးတွေ့ရပါတယ်။အဖေဖက်ကအမျိုး၊ အမေဖက်ကအမျိုး၊ နှစ်ဖက်အမျိုးတွေစု သာသနာပြုကြ၊ သာသနာ့ဘောင်တင်ကြတာ ဝမ်းသာစရာပါဘဲ၊ ညတိုင်းဘုရားဆောင်မှာ ကျောင်းရှိသံဃာတော်များသာမက ရွာထဲကအမျိုးကောင်းသား အမျိုးကောင်း သမီးများက လာရောက်ဝတ်ရွတ်ကြတဲ့ ဓမ္မတရားသံများ မွှန်းထုံထားတဲ့ အောင်တော်မူကျောင်းတော်ရိပ်မှာ ချွေးသိပ်ကုသိုလ်ယူတာနဲ့တူလှပါတယ်။
ထူးထူးခြားခြား “နိမှသောင်” ဘွဲ့ချီထားတဲ့ မတ်ရပ် ဗုဒ္ဓ္ဓရုပ်ပွာေးတ်ာတစ်ဆူကိုလဲ မယ်ဘေ့ကုန်းရွာထဲမှာဖူးခဲ့ရပါသေးတယ်။ အဲဒီဗုဒ္ဓ္ဓ္ဓရုပ်ပွားတော်မြတ်ဟာ အခုအောင်တော်မူဓါတ်ကျောင်းတော်ကြီးမှာ သတင်းသုံးတော်မူဆဲ ဖြစ်တဲ့ သက်တော် ရှစ်ဆယ်ကျော် စနေသားဆရာတော်ဘုရားကြီးရဲ့ မိသားစုများ နေထိုင်ရာ အိမ်ကြီးကို ကောင်းကင်က ကြွမြန်း လာတော်မူကါ ၊ အမိုးကဖေါက်ပြီး ဘုရားစင်ပေါ်မှာ အလိုအလျောက် ရပ်တန့်အပူဇော်ခံခဲ့ပါသတဲ့။ တရွာလုံးက ထင်ထင်ရှားရှား တွေ့မြင် သိရှိကြတဲ့ ဒီဗုဒ္ဓ္ဓ္ဓ္ဓရုပ်ပွားတော်ဟာ နှစ်ကျိပ်ရှစ်ဆူဘုရားများဒေသစာရီကြွမြန်းတော်မူပုံ သဏ္ဍာန်မျိုးပါ။ အမြင့်ဥာဏ်တော် နှစ်ပေခွဲလောက်ရှိမယ်လို့ ခန့်မှန်းကြည့်မိပါတယ်။
အလှူကြီးက ပြီးမြောက်အောင်မြင်ခဲ့တာမို့ ပတ်စာခွါလို့ ဖျာသိမ်းချိန်တောင်ရောက်ခဲ့ပါပြီ။ နောက်တချီတောင်းဆိုမှုက မပြီးမပြတ်လိုပါဘူး ဖြစ်နေပါတယ်။ ကိုယ်လဲ အဝတ်တွေဘာတွေတောင်ပြောင်းဝတ် ၊လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတုန်းမှာ မနားပါနဲ့ဦး၊ ဧည့်ခံချိန်မှာ ဘုန်းဘုရားများက ဆွမ်းဘုန်းချိန်မို့ ဘာသံမှ မကြားလိုက်ရလို့ တပုဒ်လောက် တော့နာကြားချင်သတဲ့။ သီချင်းရတာကလဲ ကုန်လောက်ပြီလေ။ ဂီတဟောဟာရလိုလိုနဲ့ ရွှင်ဖွယ်ရာ ပြောရရင် သင်ရိုး ကျွတ်ပြီဆိုပါတော့ ။ အသံကြားပြီးတာပေါ့လို့ ဆိုင်းဆရာလေးလဲ ပတ်စာပြန်အတပ်ခိုင်းပြီး ဗျောညွန့် သံ ကြွေးလိုက်တဲ့ခဏ အရှင်များကလဲ မဏ္ဍပ်ထဲ ပြန်အကြွ စိတ်ထဲပနံရလိုက်တာလေ။ နားသာထောင်ကြည့်ပေတော့ သောတရှင် ။
(အရှေ့ကိုလျှောက်ပါလို့ ၊အနောက်ကိုတဲ့ မျှော်လိုက်ရင် ) ၂ x တံခွန်တိုင်ရွှေကုက္ကားနဲ့ (ဘုရားလေးလေ) ၂ x ဘုရားကိုမြင်xx (စာပုလွေ မောင်ထမ်းလို့ ) ၃ x (ကျောင်းလမ်းကိုတဲ့ ဝင်) ဘယ်စာ မောင်သင်မလို့တုန်း ၊ဘယ်စာကို ဘယ်နှစ်ခါ မောင်သင်မတုန်း ၊ဘယ်စာကို ဘယ်နှစ်ခါ မောင်သင်မလို့မတုန်း၊မေလေးကို သံချိုနှော ( ပြောလေလေးလေး )၃ x ပြောခဲ့ပါဦးxx