မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၇၂)

 မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၇၂)
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅

• ၂၀၁၅ ပြည်ထောင်စုနေ့

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဒီနေ့ဟာ မာအေးတို့ အထူးတလည် အလေးအနက်ထားခဲ့တဲ့ ဖေဖေါ်ဝါရီလ -၁၂ ရက်နေ့ ၊ပြည်ထောင် စုနေ့ဖြစ်ပါတယ်ရှင်။ မာအေးတို့နိုင်ငံမှာ လွတ်လပ်ရေးဗိသုကာကြီး “ဗိုလ်ချုပ်အောင်ဆန်း”  ရှိခဲ့စဉ်က  မြန်မာနိုင်ငံတော်အစိုး ရ”  အနေနဲ့  ဦးဆောင်စည်းရုံးလက်မှတ်ရေးထိုးခဲ့ကြတဲ့  “ပင်လုံစာချုပ်” ချုပ်ဆိုအောင်မြင်ခဲ့တဲ့ အထိမ်းအမှတ်နေ့ဖြစ်တာ ကြောင့် “ပြည်ထောင်စုနေ့” ရယ်လို့ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်ရှင်။

မာအေးရဲ့ “ရှာဖွေလေ တွေ့ရှိလေ” အဖြစ်နဲ့ စပ်စုထားတဲ့ ပင်လုံစာချုပ်အစလေးနည်းနည်း အမှတ်တရ ဖတ်ပြပါရစေနော်။ “မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကေါင်စီမှအဖွဲ့ဝင်တချို့နှင့် စပ်ဖများ အားလုံးတို့အပြင်၊ ရှမ်းပြည်နယ်များ၊ ကချင်တောင် တန်းဒေသများနှင့် ရှမ်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော၊ ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတစ်ရပ်တွင် ကြားဖြတ်အစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ် ရေးကို ပိုမို၍ လျှင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအ တိုင်း သဘောတူညီကြလေသည်” ပါတဲ့ရှင်။

အဲဒီတုန်းက “တောင်တန်းသားများစည်းလုံးညီညွတ်ရေး အဖွဲ့ (တ-စ-ည-ဖ ) ဆိုတာရှိပါတယ်။ ဒီအဖွဲ့ရဲ့ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များထောက်ခံချက်အရ၊ တောင်တန်းသားများရဲ့ ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်ပြီးတော့ နယ်စပ် ဒေသများကိစ္စနဲ့ ပတ်သက်ပြီးဆောင်ရွက်ဖို့ ဘုရင်ခံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ခန့်ထားရမယ် ဆိုတာ ပထမသဘောတူကြတဲ့အချက်ပါဘဲ။ကျန်တာတွေကတော့ ထုံးနည်းဥပဒေအရ ဆောင်ရွက်ဖို့တွေ ဖြစ်ပါတယ်။ အဓိကအချက် (၉) ချက်ကို သဘောတူညီကြစွာလက်မှတ်ရေးထိုးခဲ့ကြပါတယ်ရှင်။ ကချင်တောင်တန်း၊ ချင်းတောင်တန်းလို့ဘဲ သုံးနှုန်းထား တာတွေ့ရ ပါတယ်။ “ရှမ်းပြည်နယ် ပဒေသရာဇ်နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ် ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်” ဆိုတာလဲ တွေ့ရတယ်။

“နယ်စပ်ဒေသများ၏ နယ်သူနယ်သားများတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ်အသိအမှတ်ပြုထားသောအခွင့်အရေးများတို့ကိုခံစားနိုင်ခွင့်ရှိစေရမည်” တဲ့။ အော်…အဲဒီတုန်းကတည်းက ကိုယ့်တိုင်းပြည်မှာ “ဒီမိုကရေစီ” စကားသုံးခဲ့ တာပါလားလို့ သိရတာပေါ့ရှင်။

ပင်လုံစာချုပ်မှာ ၁၉၄၈ ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသူများကတော့….

နိုင်ငံတော်အစိုးရကိုယ်စားပြုတာ … ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။ ကချင်ကော်မီတီက ဆမားဒူးဝါးဆင်ဝါးနောင်၊ဦးဇော်ရစ်၊ဦးဒိန်ရတန်၊ဦးဇော်လ၊ ဦးဇော်လွန်း၊ဦးလဗန်းဂရောင်း၊ ချင်းကော်မတီက ဦးလွှာမှုန်း၊ ဦးသောင်ဇာခပ်၊ ဦးကွယ်မန်းနဲ့ ရှမ်းကော်မတီက စဝ်ဖလုံများဖြစ်ကြတဲ့ ခွန်ပန်းစိန်၊စဝ်စံထွန်း၊ စဝ်ရစ်ဖ၊ စဝ်ရွှေသိုက်၊ စဝ်ထွန်းအေး၊ စဝ်ဟုံဖ၊ စဝ်နွံ၊ သထုံ စဝ်ဖလုံ၏ ကိုယ်စားလှယ်ဦးဖြူ၊ ဦးထွန်းမြင့်ဦး၊ ဦးခွန်ထီး၊ ဦးကြာပု၊ ခွန်ဖုံးနဲ့ ဦးခွန်စောတို့ ဖြစ်ကြပါတယ်ရှင်။

ပင်လုံစာချုပ်ကို အရင်းအတိုင်းသိချင်ကြပါရင် ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလထုတ် PEOPLES VISION (113 ) မှာ ရှာဖတ်နိုင်ကြ ပါတယ်ရှင်။

ပြည်ထောင်စုကြီးအဖြစ် ပူးပေါင်းထားပြီးတာမိုပတောင်ပေါ်ရယ် မြေပြန့်ရယ် ခွဲခြားနေစရာမလို၊ သံသယဖြစ်စရာမလို၊ ညီအ ကိုမောင်နှမတွေလို အေးအတူပူအမျှ ခံစားစံစားနေသွားကြဖို့ဘဲလိုတယ်ဆိုတဲ့သဘောမျိုးတွေနဲ့ ၁၉၆၂-၆၃ ခုနှစ်လောက် ကစပြီးတော့ ပြည်ထောင်စုတေးသီချင်းတွေကို ဂီတစာဆိုတွေ ရေးလာကြတာလဲ သောတရှင်တို့ သိကြ ကြားခဲ့ကြရမှာပါ။

ပင်လုံစာချုပ်ရေးထိုးခဲ့ရာမှာ အထွဋ်အမြတ်ထားခဲ့တဲ့ မြန်မာတို့ရဲ့ “ ပြည်ထောင်စုအလံတော် ” ဟာလဲ တိုင်းနဲ့ပြည်နယ်များဆီ တနှစ်ကိုတခါ ၊ တနေရာပြီးတနေရာ၊ တမြို့ပြီး တမြို့ လှည့်လည်အလေးပြုခံ ကြွချီပေးခဲ့ဖူးပါတယ်။ ၁၉၆၃ ခုနှစ်ရဲ့ ပထမ ပြည်ထောင်စုပွဲခင်းကြီးကို၊ မန္တလေးတောင်ခြေက ရာပြည့်ကွင်းကျယ်ကြီးထဲမှာ ဆင်နွှဲခဲ့ပါတယ်။ ပျော်ပွဲရွှင်ပွဲ၊ ကြည့်ချင်ပွဲတွေ ၊ဌာနဆိုင်ရာလုပ်ငန်းများရဲ့ ပြခန်းပြကွက်တွေဟာ ကြည့်မဆုံးအောင် ဘဲစည်ကားသိုက်မြိုက် သည်းခြေကြိုက်တွေဖြစ်ခဲ့ပါတယ်ရှင်။အခုကြားရမယ့် “ပင်ချင်းယှက်၍ နွယ်ချင်းခက်သော်” သီချင်းကတော့ ဟိုတုန်းက နေ့တိုင်းလွှင့်တဲ့ ဘားအံပြည် ထောင်စုနေ့အတွက် ဆိုခဲ့တဲ့သီချင်းဖြစ်ပါတယ်ရှင်။

(ပင်ချင်းယှက်၍ နွယ်ချင်းခက်သော်မှ ….)

ဂနိုင်မြေ မြိုင်ခြေတော…သာမောဖွယ်ရာ- ရှုကြည့်၍မဆုံး ၊ တောလုံးလင်းဖြာသာသာယာယာ xx

ပင်ရှည်ပင်ပု အစုစုမြင်သောခါများ အသိတရားရှိထားစိတ်အဝင်မှာ ဟောဟိုမှာကြည့်စမ်းပါ့၊ ပင်ခြေမြင့်မြင့်အဆင့်ဆင့်တက်ခါ၊ တပင်ထီးထီး သစ်ပင်ကြီးမှာ ကြီးမားခိုင်မာ ကြွားဝင့်ထယ်ဝါစွာ၊ မြေမှာမပြိုလဲ ခိုင်မြဲစွာ အဓွန့်ရှည်ကြာရှိလိမ့်မလားရယ်လို့ ထင်မြင်ယုံမှားဘွယ်ရာ… အော်သို့ပါသော်လဲ မုန်တိုင်းကြမ်းကြမ်း တိုက်ခတ်ရမ်းလေသော်… မတ်တတ်ကယ်မနေသာ မြေ မှာ ပြိုလဲရရှာ xx

တပင်ကို တပင်ယှက် နွယ်ခက်၍သာ၊ တပင်အရိပ်တပင်ခိုကာ စုပေါင်းညီညာ ရှိကြသောအခါ၊ ထာဝစဉ်စိမ်းလန်းစိုပြေစွာ၊ လေပြင်းမုန်တိုင်း တိုက်ခတ်သော်လဲ မတတ်သာ xx

သည်ဥပမာ လူဆိုသည်မှာ တဦးတယောက်ထဲ ခွဲထွက်မနေသာ၊ အစဉ်အဆက်အခင်မပျက် ယှဉ်တွဲလျက်သာ (အန္တရာယ် ဟူသမျှ အတူတကွ တွန်းလှန်မှာ) ၂ xx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts