ဦးရွှေအောင် – အမျိုး၊ ဘာသာ၊ သာသနာ

ဦးရွှေအောင် – အမျိုး၊ ဘာသာ၊ သာသနာ
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၁၅
(ပြန်လည်ဆန်းသစ်ခြင်း)

ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုး၊ ဘာသာ၊ ဗုဒ္ဓသာသနာတော်ကို ဤကမ္ဘာမြေပြင်၌ အဓွန့်ရှည်စွာ တည်ရှိစေရန် အားထုတ်ရာ၌ မြတ်ဘုရား၏ အဆုံးအမတော်အတိုင်းသာ တည်ရှိစေရန် အားထုတ်ခြင်းဖြစ်၏။  အခြားသောနည်းဖြင့် တည်ရှိစေရန် အားထုတ်သောကြောင့် တည်ရှိလာပါကလည်း ထိုကဲ့သို့သော တည်ရှိခြင်းမျိုးကို ကျွန်တော်တို့သည် မမြတ် နိုး။   မမြတ်နိုးသည့်အလျောက် အလေးအမြတ် မပြုကြ။  ဤသည်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ သွန်သင်ချက်အရ ကျွန်တော် တို့၏ ကိုယ်ပိုင်ခံယူချက်ဖြစ်၏။

မြတ်စွာဘုရား၏ အဆုံးအမတော်ကို “ဓမ္မ၀ိနယ” ဟုခေါ်၏။  ယင်း၏ မြန်မာပြန်အနက်မှာ “တရားသဖြင့် ဆုံးမခြင်း” ဟူ၍ဖြစ် ၏။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အားလျော်စွာ “ဓမ္မ၀ိနယ” ကို ဦးထိပ်ပန်ဆင်လျက် မြန်မာလူမျိုးကို ဤ ကမ္ဘာမြေအပြင်၌ အဓွန့်ရှည်စွာတည်စေခြင်းငှာ တရားသဖြင့်သာ အားထုတ်လိုသူများ ဖြစ်ကြ၏။

မြတ်ဘုရား၏ ဒေသနာတော်အရ မတရားခြင်းကို  “အဓမ္မ” ဟုဆို၏။  အနိုင်ကျင့်ခြင်းကို “အ၀ိနယ” ဟုဆို၏။  မတရားသဖြင့် အနိုင်ကျင့်ခြင်းကို “အဓမ္မ အ၀ိနယ” ဟုဆို၏။  ကမ္ဘာ့သမိုင်းတွင် “အဓမ္မအ၀ိနယ” နည်းဖြင့် ဆိုင်ရာဆိုင်ရာ လူမျိုး၊ ဘာသာ စာပေ၊ သာသနာများ ထူထောင်ခဲ့သည်ကိုလည်း တွေ့ရ၏။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဆောင်ရွက်ရာ၌ ငါ့အမျိုးမှ ငါ့အမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာ၊ ငါ့သာသနာမှ ငါ့သာသနာ ဟူသော အစွဲအလမ်းမျိုး ကျွန်တော်တို့၌ မပြင်းထန်။ အကယ်၍ ပြင်းထန်ပါကလည်း “ဓမ္မ၀ိနယ” နှင့် ညီမည်မဟုတ်။

“ဓမ္မ၀ိနယ” ကို အခြေခံအုတ်မြစ်အဖြစ် မယူဘဲ အမျိုး၊ ဘာသာ၊ သာသနာကို တည်ဆောက်မည်ဆိုပါက မြန်မာနိုင်ငံ၌ စစ် မှန်သော ငြိမ်းချမ်းမှုနှင့် စစ်မှန်သောချမ်းမြေ့မှုကို ရရှိရန်ခက်ခဲပါ၏။

ကမ္ဘာ့သမိုင်းကို ကြည့်လျှင် ငါ့မိသားစုကောင်းစားရေးသာ ပဓာနဟူသော သက်ဦးဆံပိုင်စနစ်သည် ဓမ္မတာနှင့် ဆန့်ကျင်သော ကြောင့် ကျဆုံးခဲ့ရကြောင်း တွေ့မြင်ရ၏။  ငါ့လူမျိုးကောင်းစားရေးသာ ပဓာနဟူသော ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒများသည် လည်း ဓမ္မတာနှင့် ဆန့်ကျင်သောကြောင့် ကျဆုံးခဲ့ကြရကြောင်းတွေ့ရ၏။  သို့ဖြစ်လေရာ အတ္တအပေါ်အခြေခံသော ၀ါဒဟူ သမျှသည် စစ်မှန်သော ငြိမ်းချမ်းမှုနှင့် စစ်မှန်သော ချမ်းမြေ့မှုကို မဖြစ်စေနိုင်သဖြင့် တခုသောနေ့၊ တခုသောအချိန်တွင် မလွဲမသွေ ကျဆုံးမည်ဖြစ်ကြောင်း ယုံမှားသံသယ မရှိအပ်ပါချေ။

အဓမ္မကျင့်စဉ်ဖြင့် လိုက်နာကြသောအခါ မိမိတို့၏အမျိုးမှ အမျိုး၊ မိမိတို့၏ ဘာသာမှဘာသာ မိမိတို့၏သာသနာမှ သာသနာ ဟူ၍မြင်ကြ၏။  ဤသို့သောအမြင်ကို ဗုဒ္ဓအမြင်အရ “ဣဒမေ၀ သစ္စံ၊ မောဃမညံ” ဟုဆို၏။

ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့သာသနာသည်သာ သစ္စာနှင့်ယှဉ်၏၊ အခြား လူမျိုး၊ ဘာသာ၊ သာသနာတို့သည် သစ္စာနှင့်မယှဉ်။  အချည်းနှီးသာဖြစ်၏။ ဤသို့ယူပါက မိစ္ဆာဒိဋ္ဌိအယူကို ယူခြင်းဖြစ်သည်ဟူ၍ဆို၏။
xxxxxxxxxxxxxxxxxxxxxxxxxxx

ဗုဒ္ဓဝါဒနှင့်အညီ အမျိုး၊ ဘာသာ၊ သာသနာ ကြီးပွားတိုးတက်အောင် ဆောင်ရွက်နိုင်စေရန် ဆရာကြီး ဦးရွှေအောင်၏ အမျိုး ဘာသာ သာသနာ (၁)၊ ဗျာဒိတ်ပန်း မဂ္ဂဇင်း၊ ဇန်န၀ါရီလ (၁၉၉၂) နှင့် အမျိုး ဘာသာ သာသနာ (၁)၊ ဓမ္မဂီရိစာစောင်၊ ဖေဖော်ဝါရီ (၁၉၉၃) ဆောင်းပါးများကနေ ကောက်နှုတ် ပြန်လည်ဖော်ပြလိုက်ပါသည်။  အမျိုး၊ ဘာသာ၊ သာသနာကို စစ်မှန်သည့် မြတ်နိုးခြင်းမျိုး၊ စောင့်ရှောက်ခြင်းမျိုး ပြုနိုင်ကြပါစေ။