Han Thit Naing သတင်းဆောင်းပါး

ဟန်သစ်နိုင် – တကျော့ပြန် ပြည်သူ့ခေတ်မိတ်ဆက်ပွဲက စကားဝိုင်း ပြောကြသမျှ


ဟန်သစ်နိုင် – တကျော့ပြန် ပြည်သူ့ခေတ်မိတ်ဆက်ပွဲက စကားဝိုင်း ပြောကြသမျှ
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅

အသစ်ပြန်လည်ထုတ်လုပ်လာသော ပြည်သူ့ခေတ် ဂျာနယ်မိတ်ဆက်ပွဲမှ စီးပွားရေးပညာရှင် ဦးကျော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဝန်ကြီးဦးရဲထွဋ်တို့၏  ပြည်သူ့ခေတ်နိုင်ငံရေးစကားဝိုင်းဆွေးနွေးပွဲကို စင်ထရယ်ဟိုတယ်တွင် ဇန်နဝါရီ ၁၃ရက်က ကျင်းပပြုလုပ်ခဲ့သည်။

စီးပွားရေးပညာရှင် ဦးကျော်ဝင်းမှ ဆွေးနွေးရာတွင်မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းများ ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် အနာဂတ်တွင် စီးပွားရေးတိုးတက်ကောင်းမွန်သော နိုင်ငံဖြစ်လာမည်ဟု ကမ္ဘာကအသိမှတ်ပြုမျှော်လင့်ထားကြောင်း၊ အုပ်ချုပ်သောအစိုးရမကောင်းခဲ့သောကြောင့် ပြည်သူများဆင်းရဲနေကြောင်း၊ ကျင့်သုံးသောမူဝါဒနှင့် လူကိုမပြောင်းလဲသ၍ ပြည်သူများကြာရှည်စွာ ဆင်းရဲမွဲတေနေမည်ဖြစ်ကြောင်း၊ နိုင်ငံကပြည်သူတစ်ယောက်သည်  ကူညီချင်သောစိတ်ဓာတ်အရင်းချာနှင့် ပြောဆိုမှုများ၊ လုပ်ရပ်များနှင့် ဝေဖန်တဲ့ဝေဖန်မှုတိုင်းကို တက်နေသောအစိုးရအဖွဲ့မှ ခံယူဖို့လိုကြောင်း၊ ဝေဖန်မှုတိုင်းကို အထင်မြင်လွှဲ သရော်မှုများရှိနေလျှင် ပြည်သူရဲ့နှလုံးသားနှင့်  ဝေးသထက်ဝေးသွားမည် ဖြစ်ကြောင်းများ ဆွေးနွေးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးဆွေးနွေးရာတွင် မိမိတို့သည် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို မနှစ်သက်၍ ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း မကြိုက်သော်လည်း  လွှတ်တော်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ဖို့တောင်းဆိုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ပြည်သူအများဆန္ဒနှင့် နီးကပ်နေကြောင်း၊ အစိုးရမှ ပြင်ဆင်မှုများကို ကန့်ကွက်နေလျှင် ပြည်သူများနှင့် ဝေးနေပြီး တစ်ထပ်တည်းကျမည် မဟုတ်ကြောင်းများ ဆွေးနွေးခဲ့သည်။

ဝန်ကြီးဦးရဲထွဋ်မှဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ခြောက်ပစ်ကင်းသည်ဟုလည်း မယူဆကြောင်း၊ အခြေခံဥပဒေမှ ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲများ လုပ်ငန်းစဉ်များသည် အစပဲရှိသေးကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည်ရှည်လျားသဖြင့် ပါဝင်ပတ်သက်သူများ ရင့်ကျက်လာချိန်တွင် ထပ်မံအဆင့်ဆင့်ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင် ပြဿနာကို သိအောင်အရင်ကြိုးစားပြီး ဖြေရှင်းနိုင်သလောက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ မဖြေရှင်းနိုင်လျှင် နောက်အစိုးရမှ ဆက်လက်သွားမည့် ခိုင်မာသည့်ဥပဒေကိုတည်ဆောက်သွားရန်လိုကြောင်းများ ဆွေးနွေးခဲ့သည်။

ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှဆွေးနွေးရာတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် အချုပ်အခြားအာဏာသည် ပြည်သူလူထုမှဆင်းသက်လာသည်မဟုတ်ပဲ တစ်ဦးတစ်ယောက်တည်းမှဆင်းသက်နေကြောင်း၊ သမတရာထူးအရည်အချင်းတွင်လည်း သားသမီး၊ သမက်၊ ချွေးမစသည့်ကန့်သတ်ချက်များသည် ဘယ်နိုင်ငံဘယ်ဥပဒေမျှမရှိကြောင်း၊ လွှတ်တော်ထဲတွင် ကိုယ်စားလှယ် လျော့သွားပါက ကြားဖြတ်ရွေးကောက်ပွဲမလုပ်ပဲ လွှတ်တော်ဖျက်မည်ဟု အကြံပြုနေခြင်းများသည် ထုတ်ပြန်ထားသောဥပဒေနှင့် မညီညွှတ်ကြောင်း၊ မီဒီယာများဖမ်းဆီးထောင်ချခြင်းနှင့် လူ့အခွင့်အရေးအတွက် စီတန်းလှည့်လည်ဆနပြနေခြင်းများကို ပုဒ်မများတပ်၍ အရေးယူနေခြင်းများသည် ပြုပြင်ပြောင်းလဲရေးအတွက် ပြေလျော့ခြင်းနည်းလမ်းများ မဟုတ်ကြောင်းများဆွေးနွေးသည်။

ပြည်သူခေတ်ဂျာနယ် မိတ်ဆက်ပွဲတွင် နိုင်ငံရေးမိတ်ဆွေများ၊ စာပေသမားများနှင့် သတင်းမီဒီယာသမားများ တရာကျော်တက်ရောက်ခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts