သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အယ်ဒီတာမင်းများ တည်းဖြတ်ခွင့် မရှိ

 

ငြိမ်းချမ်းအေး – အယ်ဒီတာမင်းများ တည်းဖြတ်ခွင့် မရှိ

(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၁၄

BBC Burmese က “ဂန်ဂျီမြစ်” လို့ ဘာကြောင့် သုံးသလဲ။  (အိန္ဒိယ ဂန်ဂျီမြစ်ထဲမှာ အလောင်း ၁၀၀ ကျော် တွေ့ရှိ — http://www.bbc.co.uk/burmese/world/2015/01/150114_india_ganges_bodies_recovered

သတင်းဖတ်သူ လူအများအတွက် “ဂင်္ဂါမြစ်” က ရင်းနှီးပြီးသား မဟုတ်လား။

အိန္ဒိယ ယဉ်ကျေးမှု သက်ရောက်ရာ အရှေ့တောင်အာရှ တခုလုံး ဟိမဝန္တာ၊ ဂင်္ဂါ၊ ယမုံနာ၊ သူရဿတီ ကနေ ရာမ၊ လက္ခဏ၊ သီတာ၊ ဒဿ၊ ဟနုမာ အထိ ဒီစကားလုံးတွေ၊ ဆက်စပ် အနုပညာ ပစ္စည်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ရာ အယူဝါဒတွေနဲ့ မွေးဖွားကြီးပြင်း ဖက်တွယ်လာခဲ့တာပဲ။  အခြေတည် ရင်းနှီး တွင်ကျယ်ပြီး အသုံးသာ သုံးသင့်ပါတယ်။

အသက်မွေးဝမ်းကျောင်း စာနယ်ဇင်း ပညာမှာ စကားလုံးတွေ၊ နာမည်တွေကို အရေးတယူ လုပ်ရပါတယ်။ စနစ်တကျ ရှိရပါတယ်။

နိုင်ငံရပ်ခြား အမည်တွေရဲ့ အသံထွက်ယူ စာလုံးပေါင်းရမှာအစ တသမတ်တည်း ဖြစ်ရပါတယ်။  (ဥပမာ – စင်္ကာပူ၊ စင်ကာပူ)

ကိုယ့် စာနယ်ဇင်းတိုက် မှာ ကိုယ်ပိုင် စာလုံးပေါင်းမူ စာအုပ်ပြုစုထားရတယ်။  ဒါဟာ စာလုံးပေါင်းသတ်ပုံကျမ်း ပြင်ပ ကိစ္စပါ။  ကမ္ဘာ့ခေါင်းဆောင် အမည်တွေ၊ အရပ်ဒေသ၊ မြစ်၊ တောင် နာမတွေ အစရှိသလို ဒါမျိုးတွေ အားလုံး အတွက် ကိုယ်ပိုင် စာလုံးပေါင်းမူ ထားရတယ်။  ကိုယ်ပိုင်မူ တည်ဆောက်ရမှာလည်း ဆိုခဲ့တဲ့ ဂင်္ဂါမြစ်လိုမျိုးက ဗမာပြည်က လူအများကြား နားယဉ်ပြီး အသုံးကိုပဲ ယူသင့်ပါတယ်။

နာမည် အပြင် မြန်မာစာ စာလုံးပေါင်း ကိစ္စ မှာလည်း စာနယ်ဇင်း ဟာ မူ သတ်မှတ်ဖို့ လိုပါတယ်။  ဥပမာ “တစ်” ကိစ္စ။  နေဝင်းမူ၊ နဝတ၊ နအဖ မူအတိုင်း နေရာတိုင်းမှာ စသတ် တွေ လိုက်ထည့်မလား၊ မထည့်ဘူးလား။  ရှေးအသုံး၊ ခေတ်အသုံး ‘ပဲ’၊ ‘ဘဲ’၊ ‘ဖူး’၊ ‘ဘူး’ ကို ဘယ်လို ယူသုံးမလဲ သတ်မှတ်ရပါတယ်။  ပြီးတော့ ကိုယ့်မူအတိုင်း ကိုယ့်စာနယ်ဇင်းမှာ တပြေးညီ နေရာတိုင်း တသမတ်တည်း သုံးသင့်ပါတယ်။

နောက်တခု သတိပြုပြီး မူဝါဒ ချမှတ်သင့်တာက အခေါ်အဝေါ် ကိစ္စပါ။  ဥပမာ – တိုင်းပြည်နဲ့လူမျိုး အမည်ကို စစ်အစိုးရ လူမျိုးကြီး ဇာတ်သွင်းခဲ့တဲ့ လူမျိုး အမည် “ဗမာ”၊ တိုင်းပြည် အမည် “မြန်မာ” ကို လက်ခံမလား၊ မခံဘူးလား ကို ကိုယ့်စာနယ်ဇင်း မှာ မူတခု သတ်မှတ်သင့်ပါတယ်။  ခုတော့ အများစုက တရားဝင် နိုင်ငံ အမည် “မြန်မာ” ကို လက်ခံထားကြတာ သတိထားမိတယ်။

နောက် တခုက ဆတ်ဆတ်ထိ မခံ စန်းစန်းတင့် ဖြစ်တဲ့ အသုံးအနှုန်း ရွေးချယ်မှုမှာလည်း ကိုယ့် စံထားရပါတယ်။  ဥပမာ – “ရိုဟင်ဂျာ”။

နောက် အလေးထားသင့်တာကတော့ မြန်မာလိုရှိပြီး အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုပဲ ရေးဖို့ မူ ချမှတ်တဲ့ ကိစ္စပါ။  ပညာဆိုင်ရာ စကားလုံးများနဲ့ တွင်ကျယ်ပြီး မွေးစားစကားလုံးများ ကလွဲလို့ ကျန်တာတွေအတွက် မြန်မာစကားလုံးပဲ သုံးသင့်ပါတယ်။

နောက် အရေးကြီးဆုံး တချက်ကတော့ မြန်မာစာ အရေးအသားနဲ့ စာလုံးပေါင်းပေါ့။  ဒီကိစ္စမှာတော့ ဂျာနယ်တချို့ အရေး အတိုင်း ဆိုရရင် တကယ့် “ရှမ်းရှမ်းတောက်” ပါပဲ။  ကျောင်းတုန်းက သူငယ်ချင်း “လယ်ကြီး (လယ်ဝေးသားမို့ပါ)” စကားငှားသုံးရရင် တကယ့်ကို “တောက်တောက်လျှမ်း” ထူးချွန်ကြပြီး မြန်မာစာနဲ့ ကိုယ့်ထမင်းအိုး အလုပ်ကို ရိုသေကြတာပါပဲ။

ပြည်တွင်း က ရုပ်သံလိုင်းတွေ၊ အသံလွှင့်တွေက ခေတ်လူငယ်များဆိုရင် မြန်မာစစ်စစ်တွေဖြစ်ပါလျက် မြန်မာစာ စာလုံးပေါင်းတင်မက အသံထွက် အမှန်ပါ မထွက်တတ်၊ မသိတော့တာ ဝမ်းနည်းစရာပါ။ “သမီး ခင်လင်ကျာ ရေးတဲ့ ဖေဖေ ဗိုလ်လင်ကျာ” တွေ ဖြစ်နေတာဟာ သမိုင်းတင်မသိတာ မဟုတ်၊ မိခင် ဘာသာစကားပါ မတတ်ကြောင်း ပြနေတယ်။  “တာတေစနေသား” စာအုပ်ပြန်ထုတ်တဲ့ ပွဲမှာ ခေတ်သတင်းထောက် လူငယ်က စာရေးဆရာ အလာ စောင့်ရတဲ့ အဖြစ်မျိုးက ကြေကွဲစရာပါ။  စစ်အစိုးရ အဆက်ဆက် အတိတ် သမိုင်းကို ဖျောက်ခဲ့တဲ့ အကျိုးကျေးဇူးတွေပေါ့။

ခု ယေဘုယျ စာနယ်ဇင်း အများစု ဖြစ်ပျက်နေပုံ ကတော့ ဆိုခဲ့သလို ရိုးရိုး မြန်မာစာ စာလုံးပေါင်းသတ်ပုံကိုတောင် အလေးမထားဘဲ အလွဲတွေ အများကြီးပြုကြ၊ သမိုင်းကို မသိဘဲ အမှားတွေ ရေးကြ၊ ပြောကြ၊ အင်္ဂလိပ်စာလုံးပျက်တွေ (အမှန်လည်း မဟုတ်) ညှပ်သုံးတဲ့ ဓလေ့လည်း ဝေဝေဆာဆာ ဖြစ်နေကြတော့ တခြား မူဝါဒ ချမှတ် စံသတ်မှတ်သင့်၊ တသမတ်တည်း ဖြစ်သင့်တာတွေ မဖြစ်တာ အများကြီး တွေ့ရတယ်။ ကိုယ့် စာနယ်ဇင်း လက်စွဲ သတ်ပုံမူ စာအုပ် ပြုစုထားတဲ့ အလေ့လည်း ရှိကြပါသေးရဲ့လား မသိပါ။

ကျနော် ကတော့ စာရေးရမှာ တကိုယ်တော် ကိုယ်ပိုင်မူ ထားပါတယ်။  “အယ်ဒီတာများ တည်းဖြတ်ခွင့် မရှိတဲ့” စကားလုံးတွေ ကျနော့် မှာ ရှိပါတယ်။  ဥပမာ – ကျနော့် မူမှာ “မြန်မာ” ရေးရင် မြန်မာ (ဗမာ) လူမျိုး သီးသန့်၊ “ဗမာ” ဆိုရင် တိုင်းပြည် တခုလုံးနဲ့ ဆိုင် လူမျိုးစု အားလုံးပါ။  ဒါတောင် တခါတလေ လွတ်သွားတတ်တယ်။

ဥပမာ – ရေကြည်ရာမြက်နုရာ ဆောင်းပါး ခေါင်းစီး ကျနော့်မူရင်းမှာ တိုင်းပြည်နာမည် မပါဘူး။  ဧရာဝတီ က တည်းဖြတ်ရာမှာ ခေါင်းစဉ်ကို ပိုအားကောင်းအောင် နိုင်ငံအမည် ဖြည့်လိုက်တော့ တရားဝင် အမည် “မြန်မာပြည်” ဆိုတာ သုံးခဲ့တယ်။

ကျနော့် စာတွေမှာ “တစ်” လို့ ရေးရင် တကယ် “တစ်” ချင်လို့၊ အရာရာ “တစ်” မလုပ်။  “ရိုဟင်ဂျာ” ဆိုရင် တကယ် “ရိုဟင်ဂျာ” ချင်လို့၊ “ဘင်္ဂါလီ” ဆိုရင် တကယ် “ဘင်္ဂါလီ” ချင်လို့။  “ဗမာ မွတ်ဆလင်” (ဗမာပြည်က မွတ်ဆလင်များ) ဆိုရင် “ဗမာ မွတ်ဆလင်”။  တခါတလေ ရင့်သီးတဲ့ သဘောမဟုတ်ဘဲ “ကုလား” လို့ ရေးထားရင် တကယ် ပေါ့ပေါ့ပါးပါး သုံးချင်လို့။  အိန္ဒိယ အနွယ်၊ တရုတ် အနွယ် သုံးထားရင် တကယ် အဲဒီအတိုင်း လေးလေးနက်နက် သုံးချင်လို့ စသလို ကျနော် စာရေးရာမှာ ကိုယ်ပိုင် သတ်မှတ်ချက်တွေ ရှိတယ်။  တစိမ်း အယ်ဒီတာများ ဆိုရင် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကြိုတင် အသိပေးလေ့ရှိတယ်။

ကျနော့် အလေးထား ဆတ်ဆတ်ထိမခံဆုံး ကိစ္စကတော့ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း အစရှိတဲ့ အရေခွံလဲ ဗိုလ်ဟောင်းများ နာမည်ပါ။  ကျနော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ သုံးရင် “ဆိုသူက” တို့၊ “တက်လုပ်နေသူက” တို့ ဆိုတဲ့ ရှေ့က အထူးပြုတွေ ထည့်ရေးလေ့ရှိတယ်။  သူတို့ရဲ့ သရုပ်မှန်ကို မပျောက်အောင်ပါ။  ဒါကို သမ္မတကြီးတို့၊ ဥက္ကဋ္ဌကြီးတို့ လာလုပ်ချင်ရင် ကျနော် မူအရ “လုံးဝ” လက်မခံပါဘူး။

ကျနော်က တကယ်တော့ ကိုစန်းစန်းတင့် ပါ။  အွန်လိုင်းမှာ လူတချို့ရဲ့ ဓာတ်ပုံတွေက ကျနော့်ကို အော်ဂလီဆန်စေသလို စာနယ်ဇင်းတွေက စကားလုံးတွေကလည်း ကျနော့် ကို အမြဲ ပျို့အန်စေတတ်ပါတယ်။ ဥပမာ – ဟိုတလောက ဆိုခဲ့တဲ့ “အမည်မည်းစာရင်း” လို မျိုးပေါ့။

ဘယ်အရာမဆို မူဝါဒ အခြေခံ ခိုင်မာမှ ရပ်တည်ချက်မှန် သိက္ခာကျန်မယ်လို့ ယုံကြည်တယ်။ ဗမာ့စာနယ်ဇင်း (ပုံနှိပ် + အွန်လိုင်း + အသံလွှင့် + ရုပ်သံ) အားလုံး အသေးအဖွယ် နာမည်ကိစ္စက အစ အုပ်စိုးသူ အစိုးရ မဖားရေး အထိ မူဝါဒ ချမှတ် တသမတ်တည်း ခိုင်မာ နိုင်ကြပါစေ။

ငြိမ်းချမ်းအေး

ဇန်နဝါရီ ၁၅၊ ၂၀၁၄

 

(ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts