မောင်စွမ်းရည် – သူငယ်ချင်း ဒေါက်တာအောင်ခင် အတွက်
ဂုဏ်ပြုနှုတ်ဆက်ကဗျာ လေးချိုး
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၅
သြော် … ဆွေအရင်းရယ်လို့ သေမင်းကိုတားလို့ မဖြစ်နိုင်ဘု
ထားရစ်ပေတော့ သူငယ်ချင်းရေ။
ရွှေမန်းမှာ ကြုံကြိုက်လို့ ဆုံခိုက်မှာ စာအတူသင်ရ
တူယှဉ်ကာ ကစား၊ တူယှဉ်ကာ စားတဲ့ပြင်
သွားအတူ လာအတူနဲ့ ကူစရာရှိ၊ ကူလာဘိသမို့
ပျူငှာသည့် သဟာဆွေ။ ။
သြော် … ချွေးတမြမြနဲ့ အလေး မရာကာ အပြေးထထပြီး
မေးသမျှကိုလဲ တွေးတွေးဆဆ သူဖြေလို့
ပေးငှအလှူ အထွေထွေမှာလဲ ကူပေသမို့ လက်မနှေး။
ဆရာဝန်ဘ၀မှာလဲ တာဝန်ကျရာမှာ ငွေအသပြာ မမက်ပေဘု
ဆွေသဟာတွေတွက် ခက်သမျှလွယ်စေတဲ့ပြင်
အသက် ဘ၀တွေ သူကယ်တင်ခဲ့
တကယ်ပင် အရေးကြုံတော့ အရေးတော်ပုံကာလမှာ
အပြေးအခုန် ဆရာကြွပြီး ထိုင်းနယ်စပ်သို့
သိုင်းတကယ်တတ်တာတွေ အစွမ်းပြပြပြီး
တရမ်းရမ်း တကြွကြွ ရှမ်းအက ကောင်းတဲ့အပြင်
သောင်းချီကာ ဒေါ်လာတွေ လှူခဲ့
ပျူပျူငှာငှာနဲ့ မို့ လူတကာ လွမ်းလျက်သာမို့
လှမ်းတက်ရာ နတ်ဘုံထက်ဆီသို့
ကသုတ်ကရက် အလုပ်တဖက်နဲ့
နှုတ်ဆက်ပါသေး။ ။
(၂၀၁၅ ဇန်န၀ါရီ ၉ ၊ နယူးယောက်)