သတင်းဆောင်းပါး

ဇာဝါရီ – ရှင်သန်ခြင်း

 

ဇာဝါရီ – ရှင်သန်ခြင်း

(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၅


မိုးမခစာဖတ်သူများနဲ့အတူ ကမ္ဘာသူကမ္ဘာသားတွေ စိတ်လှုပ်ရှားစွာနဲ့ ၂၀၁၅ နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင်နေချိန် ၂၀၁၄ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ခရီးသည် နဲ့ လေယာဉ်အမှုထမ်း (၁၆၂) ဦးပါရှိတဲ့ အဲအေရှား (AirAsia) ခရီးသည်တင် လေယာဉ်ပျံကြီး ဆိုးဝါးတဲ့ရာသီဥတု၊ စက်ချို့ ယွင်းမှု၊ လေယာဉ်မှူးအမှားစတဲ့ မမျှော်လင့်တဲ့ ကံကြမ္မာဆိုးကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်အတွင်းကို ပျက်ကျသွားခဲ့တယ်။ ဒီသတင်းဆိုးကြောင့် လူတွေ အတော်လေး တုန်လှုပ်ခြောက်ခြား စိတ်မကောင်းဖြစ်ကြတယ်။ ဒီနေ့အထိတော့ လေယာဉ်အပိုင်းအစများ၊ ခရီးသည် ရုပ်အလောင်းတချို့  ရှာဖွေတွေ့ရှိတဲ့အကြောင်း၊ ကျန်ရှိနေသေးတဲ့ လေယာဉ်အစိတ်အပိုင်းတွေ၊ ရုပ်အလောင်းတွေကို နိုင်ငံတကာ အကူအညီတွေနဲ့ ဆက်လက် ရှာဖွေလုပ်ကိုင်နေတဲ့ သတင်းတွေကို စာဖတ်သူတို့ နေ့စဉ်သတင်းများမှာ တွေ့မြင်နေရဆဲ။

အဲအေရှား လေယာဉ်ပျံ ပျက်ကျတဲ့သတင်းကို လူတွေအာရုံစိုက်နေချိန်မှာ လေယာဉ်ပျံငယ်လေးတစီး အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း ကန်တက်ကီပြည်နယ် (Kentucky)၊ ခူ့တဝါမြို့  (Kuttawa) ရဲ့  သစ်တောကြိုးဝိုင်းထဲကို ၂၀၁၅ ဇန်နဝါရီလ (၂) ရက်နေ့ ညပိုင်းမှာ  ပျက်ကျသွားခဲ့တယ်။ လူသူဝေးတဲ့နေရာကို လေယာဉ်ပျံလေး ညကြီးမိုးချုပ်အချိန် ပျက်ကျသွားတာကို အဲဒီနားတဝိုက်က လူတွေတောင် မသိလိုက်။ နောက်နေ့ သတင်းတွေမှာ ဒီ လေယာဉ်ပျံ ပျက်ကျတာနဲ့ ဆက်နွှယ်နေတဲ့ သတင်းကြောင့် လူအများ စိတ်ဝင်စားလာပြီး၊ ပြောမှတ်စရာသတင်းတပုဒ် ဖြစ်လာခဲ့တယ်။ ဒါကြောင့် အလှမ်းဝေး သတိမထား၊ မသိသေးတဲ့ မိုးမခ မြန်မာစာဖတ် ပရိသတ်အတွက် ဒီအကြောင်း မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

စာဖတ်သူတို့ သိတဲ့အတိုင်း မိုးကောင်ကင်အထက် မိုင်ထောင်များစွာအမြင့်မှာ ပျံသန်းနေတဲ့ လေယာဉ်ပျံ အကြီးအသေးတွေ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ စက်အင်ဂျင်ချို့ ယွင်းလို့၊ လေယာဉ်မှူး အမှားကြောင့်၊ အကြမ်းသမား စီးနှင်းတိုက်ခိုက်မှုစတဲ့ အကြောင်းအမျိုးမျိုးကြောင့် မြေပြင်ရေပြင်သို့ ထိုးကျပျက်စီးခဲ့ရင် လေယာဉ်ပေါ် လိုက်ပါသူတွေ အသက်ဆုံးရှုံးကြမှာ (၉၉.၉၉) ရာခိုင်နှုန်း သေချာသလောက်ဆိုတာ ပြောစရာမလိုပါ။

နိုင်ငံတကာ လေကြောင်းလုံခြုံရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့  နှစ်စဉ်မှတ်တမ်းအရ ၂၀၁၄ ခုနှစ်အတွင်း ခရီးသည်တင် လေယာဉ်ပျံ အစီးရေ (၁၂) စီး ကမ္ဘာတဝှမ်းမှာ ပျက်ကျခဲ့ပြီး၊ ခရီးသည် (၇၆၁) ယောက် သေဆုံးခဲ့တယ်။ လေကြောင်း ခရီးသွားလာရေး သမိုင်းမှတ်တမ်းမှာတော့ ၁၉၇၂ ခုနှစ်က အဆိုးဆုံးနှစ်ဖြစ်ပြီး ခရီးသည်တင် လေယာဉ်ပျံ (၅၅) စီး ပျက်ကျခဲ့ပြီး၊ ခရီးသည် နဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း (၂၄၂၉) ယောက် အသက်ဆုံးရှုံးခဲ့တယ် (ဒီစာရင်းထဲမှာ ကိုယ်ပိုင်လေယာဉ်ပျံငယ်များ ပျက်ကျပျက်စီးမှု မပါ)။ အခုနောက်ပိုင်းမှာတော့ လေကြောင်းနည်းပညာ နဲ့ လုံခြုံရေးပိုင်ဆိုင်ရာ တိုးတက်ကောင်းမွန်လာတာကြောင့် အပျက်အစီး ထိခိုက်ဆုံးရှုံးမှု များစွာကျဆင်းလာခဲ့တယ်။ တကယ်တော့ မြေပြင်လမ်းတွေပေါ် သွားလာနေတဲ့ ကားတိုက်မှုတွေကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူ အရေအတွက် တနှစ်ကို ပျှမ်မျှ (၁.၃) သန်း ရှိပြီး၊ အမေရိကန်နိုင်ငံ တနိုင်ငံထဲမှာပဲ တနှစ်ကို (၄) သောင်းနီးပါး ရှိတယ်။

ဒီဖက် တိုးတက်လွတ်လပ်တဲ့ အနောက်နိုင်ငံတွေမှာတော့ ငွေကြေးချမ်းသာသူတွေ၊ ကိုယ်ပိုင်လေယာဉ်ပျံ မောင်းချင်သူတွေက လေယာဉ်မောင်း သင်တန်းတွေတက်၊ လေယာဉ်မောင်းခွင့် လိုင်စင်ရယူပြီး အပျော်စီးဖို့၊ မိသားစုအတွက် လေယာဉ်ပျံငယ်များ ဝယ်စီးကြတယ်။ မကြာခဏဆိုသလို ကိုယ်ပိုင်လေယာဉ်ငယ်လေးတွေ ဟိုကျဒီကျ ပျက်ကျတဲ့သတင်းတွေကို ဒီဖက်နိုင်ငံ သတင်းတွေထဲမှာတော့ တွေ့ရတတ်တယ်။ တခါတလေ အဲဒီ လေယာဉ်ပျံလေးတွေ လူနေအိမ်တွေပေါ် ပျက်ကျတာတွေ၊ လမ်းပေါ်မောင်းနေတဲ့ ကားတွေပေါ် ပြုတ်ကျတာတွေ၊ ၂၀၁၄ ဇူလိုင်မှာ ပင်လယ်ကမ်းခြေမှာ ပြေးလွှာလမ်းလျှောက်နေတဲ့ အဖေနဲ့သမီးကို တိုက်တာတွေ ရှိခဲ့တယ်။ မှတ်မိသေးတယ် မြန်မာပြည်မှာတော့ ပုဂံလေကြောင်းပိုင် လေယာဉ်ပျံတစီ မြေပြင်လမ်းပေါ်မှာ သွားနေတဲ့ မော်တော်ဆိုင်ကယ်ကို ဝင်တိုက်သလိုပေါ့။ ပြောစရာဖြစ်ပေမယ့် တဖတ်မှာတော့ လေယာဉ်မှုးတော်ပေလို့ လေယာဉ်ပေါ်ပါ ခရီးသည်တွေအားလုံး သက်ရှင်ခဲ့တယ် မဟုတ်လား။ ၂၀၀၉ ခုနှစ်က နယူးရော့ခ် လေယာဉ်ကွင်းမှအတက် အုပ်စုလိုက် ပျံသန်းနေတဲ့ ဘဲငန်းအုပ်နဲ့တိုးပြီး အင်ဂျင်စက်ပျက်ကာ အရေးပေါ် ဟက်ဒ်ဆန် (Hudson) မြစ်ထဲကို ခရီးသည်များ ထိခိုက်ဒဏ်ရာမရ၊ လေယာဉ်ကြီး ချက်ချင်းရေထဲမြုပ်မသွားအောင် ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူး  ဆူလီ (Chesley B. “Sully” Sullenberger) ကို အကြီးအကျယ် ဂုဏ်ပြုခဲ့တယ်။ ဒီနေရာ ကြုံလို့ပြောချင်တာက ဟောင်းနွမ်းနေတဲ့ လေယာဉ်များကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်းနေတဲ့ မြန်မာလေယာဉ်မှူးများ တော်ပါပေတယ်။

ပြောပြချင်တဲ့အကြောင်းကို ပြန်ဆက်ရရင် ဇန်နဝါရီလ (၂) ရက်နေ့၊ ည (၈) နာရီလောက်မှာ ကန်တက်ကီပြည်နယ်၊ ခူ့တဝါမြို့ အပြင်ဖက် သစ်တောကြိုးဝိုင်းထဲကို အမေရိကန်တောင်ပိုင်း ရာသီဥတုသာယာတဲ့ ဖလော်ရီဒါပြည်နယ်ကနေ  အပန်းဖြေအနားယူပြီး ပြန်လာကြတဲ့ မိသားစု (၅) ဦး စီးနှင်းလာတဲ့ Piper PA-34 အမျိုးအစား လေယာဉ်ပျံငယ်တစီး ရုတ်တရက်ထိုးကျ မီးလောင်ပျက်စီးသွားခဲ့တယ်။ လေယာဉ်မောင်း အသက် (၄၈) နှစ်အရွယ် မာတီ ဂတ်ဇီလာ (Marty Gutzler) နဲ့အတူ ဇနီးသည် အသက် (၄၆) နှစ်အရွယ် ကိမ်ဘလီ ဂတ်ဇီလာ (Kimberly Gutzler)၊ အသက် (၉) နှစ် အရွယ် သမီးကြီး ပိုက်ပါ ဂတ်ဇီလာ (Piper Gutzler)၊  တူမဖြစ်သူ အသက် (၁၄) နှစ်အရွယ် စီအာရာ ဝဲလ်ဒါ (Sierra Wilder) တို့ လေယာဉ်ပျက်ကျတဲ့နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ အသက် (၁၆) နှစ်သားအရွယ်ကတည်းက လေယာဉ်မောင်းလာခဲ့သူ မာတီ တစ်ယောက် နာရီပေါင်း လေးထောင်ကျော် လေယာဉ်မောင်း အတွေ့အကြုံရှိတဲ့ လေယာဉ်မောင်း သင်တန်းဆရာဖြစ်သလို၊ ဒီခရီးလမ်းကြောင်းကို အကြိမ်ပေါင်းများစွာ ပျံသန်းခဲ့သူဖြစ်တယ်။

ဒါပေမဲ့ ဘဝမှာ ကံကြမ္မာအတက်အကျ၊ အပြောင်းအလဲကြောင့် မမျှော်လင့်တာတွေ ဖြစ်တတ်တဲ့ မဟုတ်လား။ ဒီလေယာဉ်ပျက်ကျမှုမှာ မယုံနိုင်လောက်စရာ အသက်မသေဘဲ ရှင်သန်ခဲ့သူတဦးက သမီးထွေးလေး အသက် (၇) နှစ်အရွယ် ဆေလာ ဂတ်ဇီလာ (Sailor Gutzler)။ ကျိုးပဲ့ပျက်စီး မီးလောင်ကျွမ်းနေတဲ့ လေယာဉ်ထဲကနေ သေကံမရောက် သက်မပျောက် လွတ်မြောက်ခဲ့တယ်။ ခန္ဓာကိုယ်တခုလုံး ဒဏ်ရာဒဏ်ချက်တွေ နဲ့ လက်ကောက်ဝတ် ကျိုးသွားခဲ့ပေမယ့် လမ်းလျှောက်နိုင်သေးတဲ့ အာဂသတ္တိရှင်မလေး က သူ့အဖေ၊ အမေနဲ့ အမတွေ သူနဲ့အတူ မရှိတော့ဘူးဆိုတာကို သိကောင်းသိလိမ့်မယ်။ ဒါပေမဲ့ သူ ဘယ်နေရာ ဘယ်အရပ် ရောက်နေတယ်ဆိုတာကို သိမှာမဟုတ်။ သူတို့ လေယာဉ်ပျက်ကျတဲ့ နေရာက မြို့ နဲ့ဝေးတဲ့ လူသူမရှိတဲ့ ကျယ်ဝန်းလှတဲ့ သစ်တောအုပ်ထဲ။ ပူနွေးတဲ့ ဖလော်ရီဒါပြည်နယ်က အပန်းဖြေပြီး ပြန်လာကြသူတွေဆိုတော့ အင်္ကျီပါးပါး၊ ဘောင်ဘီတိုနဲ့ လွတ်လွတ်လပ်လပ်။ သူတို့ လေယာဉ်ပျံ ပျက်ကျတဲ့နေရာရဲ့  ရာသီဥတုက အဲဒီညမှာ အတော်အေးတယ် (ရေခဲအမှတ်နီးပါး ၃၈ ဒီဂရီ)။ လေယာဉ်ပျက်ကျလို့ မသေဘဲ အသက်ရှင်ခဲ့သူလေးရဲ့  ကိုယ်ပေါ်မှာ စုတ်ပြတ်နေတဲ့ ဘောင်ဘီတို၊ တီရှပ်ပါး နဲ့ ဘိနပ်မပါ ခြေအိတ်တဖက်ပဲ ရှိတယ်။ ဒီလိုပုံစံနဲ့ ချမ်းစိမ့်နေတဲ့ တောအုပ်ထဲမှာ ညကြီးမိုးချုပ် တစ်ယောက်ထဲ အသက်ရှင်နိုင်ဖို့မလွယ်။

ဒါပေမဲ့ အရွယ်နဲ့မလိုက် ဇွဲသတ္တိကောင်း အသိဥာဏ်ရှိသူလေးက သစ်ကိုင်းခြောက်တစ်ချောင်းကို ရှာဖွေပြီး လောင်ကျွမ်းနေတဲ့ လေယာဉ်မှ မီးကူးယူပြီးနောက် မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ အဝေးတနေရာက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ မီးရောင်ဆီကို အတက်အဆင်း၊ အတားအဆီးများကို ကျော်ဖြတ်ပြီးသွားခဲ့တယ်။ လေယာဉ်ပျက်ကျတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ သစ်ခုတ်သမားများ အသုံးပြုတဲ့ သစ်တောလမ်းရှိတာကို မှောင်မိုက်နေတော့ သူမတွေ့၊ သတိမထားမိ။ အဲဒီလမ်းအတိုင်း လျှောက်သွားရင်တော့ အဝေးပြေးကားလမ်းဖက်ကို ရောက်တယ်။ သူ ရွေးချယ်တဲ့ ဦးတည်ရာမှာတော့ လူနေအိမ် သုံးလေးလုံး ရှိနေတယ်။ တစ်မိုင်လောက် မီးလောင်နေတဲ့ သစ်ကိုင်ခြောက်ကလေးနဲ့ ဟိုတိုးဒီတိုး ခက်ခက်ခဲခဲ လျှောက်သွားခဲ့ရာ နောက်ဆုံး တောစပ်အလွန်မှာရှိတဲ့ အိမ်တစ်အိမ်ကို ရောက်သွားခဲ့တယ်။

 

ညကြီးမိုးချုပ် တံခါးလာခေါက်တဲ့ တကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ တဆတ်ဆတ် တုန်ခါနေတဲ့ ခလေးမလေးကို အသက် (၇၁) နှစ်အရွယ် အိမ်ရှင် လာရီ ဝဲလ်ကင်စ် (Larry Walkins) တွေ့လိုက်တော့ အတော်လေး လန့်ဖြန့်သွားခဲ့တယ်။ အကျိုးအကြောင်း မေးကြည့်ပြီး၊ ချက်ချင်း ရဲ၊ ဆေးရုံတွေကို ဖုန်းဆက်အကြောင်းကြားပြီး၊ ခလေးမလေးရဲ့  ဒဏ်ရာတွေကို သန့်စင်ဆေးကြော ဆေးထည့်ပေး၊ အားပေးစကားပြောဆိုကာ ရဲ၊ ဆေးရုံကား အလာကို စောင့်နေခဲ့ကြတယ်။ အဖိုးအို ဝဲလ်ကင်စ်အဖို့ အိပ်မက်မက်နေသလို ဖြစ်နေခဲ့မှာ။ လက်ချိုးရေတွက်လို့ရတဲ့ လေယာဉ်ပျံ ပျက်ကျလို့ အသက်မသေသူတွေအထဲ ပြောမယုံ ကြုံဖူးကြားဖူးမှသိ စူပါမလေး (Super girl) ဆေလာ ဖြစ်ရပ်က ပိုထူးခြားအံ့သြဖို့ကောင်းတယ်။

ထိခိုက်ဒဏ်ရာတွေအတွက် ဆေးရုံမှာ ရက်အနည်းငယ် ဆေးကုသခံယူပြီး၊ အခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ ဘဝကံကြမ္မာဆိုး၊ ကြီးမားလှတဲ့ ဆုံးရှုံးမှုအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားစောင့်ရှောက်မှုတွေကို ရယူနေလေတယ်။ မိသားစုတစုလုံး ဆုံးရှုံးသွားခဲ့သူလေးရဲ့  ဘဝအနာဂတ်အတွက် ငွေကြေးလှူဒါန်း ထောက်ပံ့မှုတွေကို ဆွေမျိုးမိတ်ဆွေများနဲ့ ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက လုပ်ကိုင်ဆောင်ရွက်နေကြတယ်။ စိတ်ဝင်စားရင် (https://www.facebook.com/sailorgutzlerfund နဲ့ https://www.sailorgutzlerfund.com/) တွေမှာ လှူဒါန်းအားပေးနိုင်ပါတယ်။

သေဆုံးသွားကြတဲ့ သူ့မိသားစုဝင်များအတွက် ကြားရသူအပေါင်း စိတ်မကောင်းဖြစ်ကြသလို၊ တနေ့တချိန်ကျရင်တော့ အရွယ်နဲ့မလိုက် ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းခဲ့တဲ့ သူကိုယ်တိုင်ပြောပြမယ့် ကံကြမ္မာဆိုး နဲ့ ရှင်သန်မှုအကြောင်းကို အားလုံးကြားသိချင်ကြမှာပါ။

 

 

စာဖတ်သူအပေါင်း နှစ်သစ်အခါသမယမှာ ဘေးဘယာ ဝေးကွာ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts