ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း

ဝင်းအောင်ကြီး – ပဒေသာပင် စိုက်ပေးလိုက်သည့် ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ

ဝင်းအောင်ကြီး – ပဒေသာပင် စိုက်ပေးလိုက်သည့် ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄

၁၉၄၇ ခု၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ထိုးလိုက်သည့် အောင်ဆန်း- အက်တလီစာချုပ်အရ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်မှုအောက်၌ ရှိနေဆဲမှာပင် တိုင်းပြုပြည်ပြုလွှတ်တော် ပေါ်ခဲ့၏။ လွတ်လပ်ရေးရချိန် ကျင့်သုံးရမည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲဖို့ဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သေဆိုသေ ရှင်ဆိုရှင် ဆိုရလောက်အောင် လူထုထောက်ခံမှု ရရှိနေသော်လည်း ရွေးကောက်ပွဲလုပ်ကာ စနစ်တကျ ရေးဆွဲပုံကိုကြည့်ပါ။ နောင်အခါ တရားသူကြီးချုပ်ဖြစ်လာမည့် ဦးချန်ထွန်းအား အိန္ဒိယ၊ ယူဂိုစလားဗီးယား၊ အမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ကာ လေ့လာစေသည်။

အမတ် ၂၅၅ ဦးကို ကြည့်လျှင် တပြည်လုံးကိုကိုယ်စားပြုကြောင်း မြင်နိုင်၏။ ဖဆပလ အပြင်သို့ ရောက်နေသော တပ်မတော်သား တယောက်မှမပါ၊ ကွန်မြူနစ်ပါတီက ရွေးကောင်ပွဲနိုင် အမတ် ၇ ယောက်ပါ၏။ ဖဆပလ အမတ် ၁၇၁ ယောက်အနက် အာလုံးဆိုရှယ်လစ်မဟုတ်၊ ဦးဘ၀င်း တို့လိုအမတ်များ၊ တိုင်းရင်းသား အမတ်များ၊ ပြည်သူ့ရဲဘော်အမတ်များ၊ ဦးရာဇတ်လို ဗမက အမတ်များ စသဖြင့် ပါဝင်ကြသည်။
ဦးဆောင်ကော်မတီက ရေးထားသော မူကြမ်းကို၊ အချောကိုင်ကော်မတီက စီစစ်သည်။

နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အတွက် ကျွမ်းကျင်သူပညာရှင်များ သီးသန့်လွတ်လပ်စွာ လုပ်ဆောင်စေသည်။

ဇွန်လ ၁၀ ရက်နေ့မှာ အမတ်များ မဟာဗန္ဓုလပန်းခြံကနေ တိုင်းပြုပြည်ပြုလွှတ်တော်သို့ ချီတက်ကြသည်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ အမတ်ဖြစ်လာသူ သခင်နုက လွှတ်တော် နာယကဖြစ်လာပြီး သခင်မြက၀န်ကြီးဖြစ်သွား၏။

အစစအရာရာ လွယ်ကူအဆင်ချောသည်မဟုတ်၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒီးဒုတ်ဦးဘချို ထိပ်တိုက်တွေ့သည့် နိုင်ငံတော်ဘာသာကိစ္စ၊ ရှမ်းစော်ဘွားများတောင်းဆိုသော လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ကိစ္စ။ မည်သို့ဆိုစေ ညှိနှိုင်းဆွေးနွေးကြပြီးနောက် အတည်ပြုနိုင်ခဲ့သည့် ၁၉၄၇ ခု၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြောင့် မြန်မာပြည်လွတ်လပ်ရေးရသောအခါ ၁။ တိုင်းပြုပြည်ပြုလွှတ်တော်သည် ပါလီမန်လွှတ်တော်၊ ၂။ နိုင်ငံအကြီးအကဲ (Head of State)သည် သမတ စပ်ရွှေသိုက် ၃။ အစိုးရအဖွဲ့အကြီးအကဲ (Head of Government) ၀န်ကြီးချုပ် သခင်နု၊ ၄။ တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း၊ ၅။ High Court နေရာမှာ တရားလွှတ်တော်ချုပ် နှင့်လက်အောက်ခံ တရားရုံးများ၊ စသဖြင့် စသဖြင့် လွတ်လပ်ရေးအရသာကို အပြည့်အ၀ခံစားနိုင်သည့် အခြေအနေမို့ ပဒေသာပင်လို့ တင်းစားရတာပါ။

သို့သော် ပဒေသာပင်က အသီးကိုခူး အပွင့်ကိုဆွတ်ရုံမကပဲ အရွက်ကိုခြွေ အကိုင်းကိုချိုး အပင်ကိုခုတ် နောက်ဆုံး အမြစ်ကိုပါဆွဲနှုတ်ပစ်ကြလျှင် ဘာဖြစ်သွားမည်နည်း။

၂၀၀၈ ခု၊ ဖွဲ့စည်းပုံပြင်ရေးနှင့် ဆက်စပ်တွေးတော နိုင်ကြစေဖို့ ရေးသားရခြင်းပါ။

၂၀၁၄ ခု၊ ဒီဇင်ဘာလ ၂ ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts