ရေခြားမြေခြား မြန်မာများ

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၆၊ နိဂုံး)


အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၆၊ နိဂုံး)
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄

ယခင်အပတ်မှ အဆက်
(၆၇)
ည ၆ နာရီခွဲခန့်တွင် ဂျာမနီနိုင်ငံ၏ မြို့တော်ဘာလင်မြို့မှ ဖရန့်ဖွတ်မြို့သို့ ပြန်လည်ထွက်ခွါကြသည်။ ဖရန့်ဖွတ်မြို့ရောက်သည်နှင့် ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။ ဘာလင်မြို့နှင့်ဖရန့်ဖွတ်မြို့သည် ကီလိုမီတာ ၄ဝဝ ခန့်ဝေးရာ အနည်းဆုံး ၄ နာရီခန့် သွားရဦးမည်ဖြစ်သည်။ ဂျာမနီနိုင်ငံ အဝေးပြေးလမ်းများသည် ကီလိုမီတာနှုန်းကို ၁၂ဝ ခန့်အထိ သတ်မှတ်ထားသည်။ အချို့နေရာများတွင် ကီလိုမီတာနှုန်း သတ်မှတ်ထားခြင်းမရှိ၊ စိတ်ကြိုက်မောင်းနှင်နိုင်လေသည်။ နော်ဝေလမ်းမများပေါ်တွင် ကီလိုမီတာ ၇ဝ/၈ဝ ဝန်းကျင် သတ်မှတ်ထားသည်က များသည်။ ယခုအခါ ကပ္ပိယကြီးသည် သူ့စိတ်ကြိုက်မောင်းနေလေပြီ။ မိမိတို့ကား ခရီးပန်းကာ အိပ်ငိုက်လေပြီ။

တစ်နေရာရောက်သောအခါ ဦးသူရိယက ဗိုက်နာသဖြင့် အိမ်သာသွားချင်သည်ဟု ဆိုသည်။ အရေးတကြီးဖြစ်နေပြီဟု ဆိုသဖြင့် ဂျီပီအက်စ်ပြောသည့်အတိုင်း မမောင်းတော့ဘဲ အိမ်သာလမ်းညွှန်တွေ့သည့်အတိုင်း မောင်းလာခဲ့သည်။ ကိစ္စပြီးသောအခါ လမ်းမှားသို့ လိုက်လာမိပြီဖြစ်ကြောင်း ဂျီပီအက်စ်လမ်းညွှန်ချက်အရ သိရသည်။ သို့ဖြင့် ကီလိုမီတာ ၁ဝဝ ကျော်ခန့် ပိုမောင်းလိုက်ရသည်။ အိမ်သာတစ်ခါတက်သဖြင့် ခရီးတာရှည်သွားရခြင်းအကြောင်း ပြန်ပြောင်းပြောရင်း ရယ်မောခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ခရီးတစ်ခုတွင် ဖြစ်တတ်သောသဘာဝတစ်ခုဟု သဘောထားကာ အမှတ်တရစာရင်းထဲ သွင်းလိုက်ရသည်။

လမ်းခရီးတွင် ကားအက်ဆီးဒင့် ၂ ခုကိုလည်း မြင်တွေ့ခဲ့ရသည်။ အက်ဆီးဒင့်ကြောင့် ကားများကလည်း လမ်းတစ်လျှောက် စုပြုံတန်းစီနေခဲ့သည်။ ကားတစ်စီးက ပက်လက်လန်ပြီး စုတ်ပြတ်နေခဲ့သည်။ နောက်တစ်နေရာတွင်ကား ကား၏ရှေ့နောက်မှာ အနည်းငယ် ပဲ့ရွဲ့နေသည်မှတစ်ပါးအခြား အပျက်အစီးတော့ မတွေ့ရပါ။ သို့ရာတွင် အက်ဆီးဒင့်ကြောင့် ကားလမ်းများ ပိတ်ဆို့နေပြန်ပါသည်။ တစ်နေရာတည်းကို ၂ ကြိမ်တိုင်တိုင် ပြန်လာခဲ့ရသည်။ အဆိုပါ ကားတန်းရှည်တွင် တစ်နာရီခန့် အချိန်ကြာသွားသည်။ ကားရှင်းသည့်နေရာရောက်မှ သက်ပြင်းချနိုင်ခဲ့ကြသည်။

ကားတန်းရှည်ကနေ လွတ်လာသည့်အခါ မြို့ငယ်လေးတစ်ခုဖြစ်ပုံရသောနေရာသို့ ရောက်သည်။ အဆိုပါ မြို့လေး၏ မီးပွိုင့်ကလည်း အက်ဆီးဒင့်၏အကျိုးဆက်ကြောင့် ဖြစ်ဟန်ရှိသည်၊ အတော်လေးကြာသည်။ မီးပွိုင့်တွင် တအိအိသွားနေရင်း ကားလမ်းဘေးအိမ်များကို ကြည့်နေဖြစ်သည်။ ထိုစဉ်က ကားလမ်းဘေးအိမ်တွင် ထောင်ထားသည့် ဆိုင်းဘုတ်လေးတစ်ခုက စာသားလေးကို သဘောကျမိခဲ့သေးသည်။ “Always look on the bright sight of the life” “ဘဝရဲ့တောက်ပတဲ့ဘက်ခြမ်းကိုသာ အမြဲတမ်း ရှုမြင်ပါ၊ ကြည့်ပါ” ဟူသော စာတမ်းလေးဖြစ်သည်။ အမှတ်မထင် တွေ့လိုက်ရသော စာတမ်းလေးက ခရီးပန်းသဖြင့် အနည်းငယ် ညစ်ညူးနေသည့်စိတ်ကို အမှတ်မထင် လန်းဆန်းသွားစေခဲ့သည်။

စာရေးသူတို့ ဘဝစာမျက်နှာများတွင် အမှောင်ကျသည့်အချိန်၊ အလင်းရောင်ဘက်ကျသည့်အချိန်ဆိုပြီး အကောင်းအဆိုး ဒွန်တွဲကာ ကြုံဖူးကြပါလိမ့်မည်။ အမှောင်ကျသည့်အချိန်များတွင် အမှောင်ကိုသာ ရှုမြင်နေမည်ဆိုပါက ပိုမှောင်ရဖို့သာ ရှိပါသည်။ အမှောင်ကျသည့်အချိန်တွင်လည်း အလင်းရောင်ဘက်ခြမ်းကိုသာ ရှုမြင်နေမည်ဆိုပါက စိတ်သက်သာရာရပြီး လမ်းစများ ပေါ်လာနိုင်ပါလိမ့်မည်။

ည ၁ နာရီခန့်တွင် ဖရန့်ဖွတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။ ခရီးစဉ်ကြီးတစ်ခု အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ။

(၆၈)

အမှန်အားဖြင့် စကန်ဒီနေဗီးယားတိုင်းပြည်များမှာ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့ ဖြစ်ကြသည်။ သို့ရာတွင် စာရေးသူ၏ဆောင်းပါးတွင် ဖင်လန်နိုင်ငံတစ်ခု ကျန်နေပါသေးသည်။ ဖင်လန်ကိုတော့ အကြောင်းမတိုက်ဆိုင်သေးသဖြင့် မသွားဖြစ်သေးသည့်အတွက် ဖင်လန်ခရီးစဉ်ကတော့ မပါဝင်နိုင်ခဲ့ပါ။ မည်သို့ဆိုစေ ဖင်လန်နိုင်ငံသည်လည်း အခြားစကန်ဒီနေဗီးယားတိုင်းပြည်များနည်းတူ သာယာလှပပြီး ငြိမ်းချမ်းသောနိုင်ငံတစ်ခုပင် ဖြစ်ပါသည်။ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းတွင်လည်း ထိပ်တန်းက ပါဝင်နေသောနိုင်ငံတစ်ခုဖြစ်သည်။

စာရေးသူရေးသားတင်ပြခဲ့သော ခရီးသွားဆောင်းပါးသည် ခရီးစဉ်မျှကိုသာ အစဉ်လိုက်တင်ပြခဲ့ခြင်း မဟုတ်ကြောင်း စာဖတ်သူများ သိပြီးဖြစ်ပါလိမ့်မည်။ ပကတိခန္ဓာကိုယ်က ရထားများ၊ သင်္ဘောများ၊ ကားများဖြင့် သွားနေသည်။ ဒေသခံရှုခင်းများနှင့် ထိတွေ့နေသည်။ ဒေသအသီးသီးရှိ လူများနှင့် စကားတွေ ပြောနေခဲ့သည်။ သို့သော်လည်း စာရေးသူ၏ စိတ်က ပကတိတွေ့မြင်နေရသော၊ ကြားသိနေရသောအရာများကို စိတ်အာရုံတွင် ကိန်းဝပ်စေပြီး အမိမြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ စိတ်နေစိတ်ထားများ၊ သဘောသဘာဝများဖြင့် နှိုင်းချိန်သည်။ ချိန်ထိုးကြည့်သည်။ အားကျစရာများကို အားကျစရာအဖြစ် တင်ပြသည်။ ရှုံ့ချစရာများကို ပါးပါးလေးသော်လည်းကောင်း၊ အပြင်းအထန်သော်လည်းကောင်း ရှုံ့ချသည်။ အတုယူစရာများကိုလည်း အတုယူစရာအဖြစ် စာရေးသူရင်ထဲတွင် ခံစားမိသည့်အတိုင်း တင်ပြသည်။ အနောက်တိုင်း၏ ကောင်းကွက်များနှင့် အရှေ့တိုင်း၏ကောင်းကွက်များကိုလည်း အလျဉ်းသင့်သလို မီးမောင်းထိုးပြသည်။ သဘောတူသည်လည်း ရှိ၊ မတူသည်လည်း ရှိပါလိမ့်မည်။

အစိုးရကောင်းခြင်း၊ စနစ်ကောင်းခြင်း၊ ပြည်သူကောင်းခြင်းဟူသော ကောင်းခြင်းသုံးပါးကိုလည်း တွေ့မြင်ခဲ့ရသည်။ အစိုးရကောင်းလျှင် တစ်နည်းအားဖြင့် အုပ်ချုပ်သူအာဏာရှိသူများ စိတ်ကောင်းရှိလျှင် စနစ်ကောင်းတစ်ခု ပေါ်ထွက်နိုင်သည်။ စနစ်ကောင်းဟူသည် ပြည်သူများကို ကျောသားရင်သားမခွဲခြား၊ အဖြူအမဲမခွဲခြား၊ ဆင်းရဲချမ်းသာမခွဲခြား၊ အာဏာရှိအာဏာမဲ့မခွဲခြားသော ဥပဒေ၏အရိပ်အာဝါသအောက်တွင်သာ တည်ရှိနိုင်ပါသည်။

တစ်ဖန် အစိုးရဆိုသည်မှာ ပြည်သူထဲက လာရသည်ဖြစ်ရာ ပြည်သူလည်း ကောင်းဖို့ လိုအပ်ပါသည်။ ဥပဒေက ပြည်သူကောင်းဖို့ ဦးတည်ချက်ထားရမည်ဖြစ်သလို ပြည်သူကလည်း မိမိတို့ကောင်းဖို့ဖြစ်သောဥပဒေကို လေးစားဖို့ လိုက်နာဖို့ လိုအပ်ပါသည်။ ဥပဒေသည် ပြည်သူအားလုံးအတွက် ဖြစ်ပြီး ပြည်သူအားလုံးကလည်း ဥပဒေကို လေးစားလိုက်နာကြလျှင် တိုင်းပြည်က မတိုးတက်ဘဲ မရှိနိုင်ပါ။

စာရေးသူ၏ဆောင်းပါးသည် ပညာရှင်ရှုထောင့်မှ တင်ပြထားခြင်းမျိုး မဟုတ်ပါ။ ပကတိတွေ့မြင်သိရှိရမှုများကို စိတ်အာရုံတွင် ခံစားလာမိသည့်အတိုင်း တင်ပြထားမှုသက်သက်မျှသာ ဖြစ်ကြောင်း မှတ်ယူစေလိုပါသည်။ စာရေးသူဆောင်းပါးမှ နိုင်ငံရေးရှုထောင့်အရသော်လည်းကောင်း၊ ဘာသာရေးရှုထောင့်အရသော်လည်းကောင်း၊ လူမှုရေးရှုထောင့်အရသော်လည်းကောင်း အသိအမြင်ဗဟုသုတတစ်ခုခု ရသွားခဲ့လျှင် ရေးရကျိုးနပ်ပြီဟု ယူဆပါသည်။ စာရေးသူတင်ပြထားသည့်အချက်အလက်များကို အခြေခံပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် ကောင်းနိုးရာရာ အတွေးအခေါ်လေးများ တစ်စုံတစ်ရာ ရသွားခဲ့လျှင် အတိုင်းထက်အလွန် ဝမ်းသာမိပါမည်။

ချမ်းမြေ့ကြပါစေ …

မေတ္တာဖြင့်

အရှင်ကုသလသာမိ (အတည်မဲ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts