သူတို့အာဘော် ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ (ITBMU) – ကျားသေကို အသက်သွင်းနေတဲ့ မြန်မာနိုင်ငံပညာရေးစနစ်

ဒေါက်တာဓမ္မပိယ (ITBMU) – ကျားသေကို အသက်သွင်းနေတဲ့ မြန်မာနိုင်ငံပညာရေးစနစ်
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၄
 
လူမျိုးကြီးပွားစေချင်ရင် ပညာရေးကိုမြှင့်တင်ရမယ် … ။
တိုင်းပြည်ကို တိုးတက်စေချင်ရင် ပညာရေးကိုမြှင့်တင်ရမယ် … ။
ကမ္ဘာကို ရင်ဘောင်တန်းစေချင်ရင် ပညာရေးကိုမြှင့်တင်ရမယ် … ။
အထက်ဖေါ်ပြပါ သီအိုရီများကို လူတိုင်းနီးနီး ကြားဖူးကြမှာပါ။ သို့သော် ယနေ့ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို ဆန်စစ်လေ့လာကြည့်ရင် စိတ်အေးနိုင်စရာ အကြောင်းမရှိသေးပါ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံ တကာနှင့် ရင်ဘောင်တန်းနိုင်အောင် အဆင့်မီတဲ့ ပညာရေးပေါ်လစီများကို နိုင်ငံတော်မှ ပြဌာန်းသတ်မှတ် ပေးရာတွင် ခေတ်နှင့်လျှော်ညီသော ပညာရေးစနစ်များ ရှင်သန်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးရ မည့်အစား၊ ရှင်သန်မှုမရှိနိုင်တော့သော ပညာရေးသင်ရိုးညွှန်းတန်းဟောင်းများကို ပြန်လည်ဘောင်ခတ်၍ အသစ်တဖန် ပြဌာန်းပေးထားတဲ့ ပညာရေးပေါ်လစီများ ပေါ်ထွက်လာခြင်းကြောင့်ဖြစ်တယ်။ အနာဂတ်လူငယ် များအတွက် ပညာရေးနှင့်ပတ်သက်၍ ကံကောင်းနိုင်စရာ အကြောင်းမရှိသေးပါ။
 
ခေတ်နှင့် လူငယ်၊ လူငယ်နှင့် နိုင်ငံရေး၊ နိုင်ငံရေးနှင့် တိုင်းပြည်၊ တိုင်းပြည်နှင့် လူမျိုး၊ အချိုးအစား မညီ မမျှ ဖြစ်နေသမျှကာလပတ်လုံး ထိုနိုင်ငံ၏ (အများစုသော ပြည်သူလုထု၏၊) လူနေမှုဘ၀များသည် နိမ့်ကျနေ မည်သာဖြစ်၏။ ယခုအခါ မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်းသည် (အများစုမှာ) အနိမ့်မှာ ရှိနေသလား၊ အမြင့်မှာ ရှိနေသလားဆိုတာ ကိုယ်ပိုင်အသိတရားဖြင့် သုံးသပ်ဆင်ခြင်နိုင်ကြဖို့ပါ။   
 
တိုင်းပြည်ရဲ့အနေအထားကို အားမနာတမ်းပြောရလျှင် မြန်မာနိုင်ငံသားတို့ရဲ့ လူနေမှုစံနှုန်းသည် နိုင်ငံ တကာရဲ့ လူနေမှုစံနှုန်းထက် (အများစုဟာ) များစွာနိမ့်ကျနေတာကို တွေ့ရတယ်။ သို့သော် ဖြစ်ပျက်နေသော အရာအားလုံးအတွက် နိုင်ငံရေးပေါ်လစီ တစ်ခုတည်းကိုချည်း အပြစ်တင်နေ၍ မရပါ။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၌ ပြည်သူ၊ ပြည်သားများလည်း ကြောင်းကျိုးချင့်ချိန်၍ အသိတရားနှင့် သတ္တိရှိရှိပါဝင်ခြင်း၊ စွမ်းရည်နှင့် ဗျတ္တိ အချိုးညီမျှအောင်ပြု၍ ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်သင့်တဲ့အချိန်အခါမျိုးဖြစ်တယ်။  
 
အမြင်ကတ်၍ အပြစ်တွေချည်းပြော၊ နားကျည်းနေတဲ့ နှလုံးသားဖြင့် ရင်ခုံသံအတိုင်း တုန့်ပြန်၊ ကြွက် မနိုင်တော့ ကျည်မီးနှင့်ရှို့၊ နိုင်ငံတကာရဲ့ မီဒီယာခွန်အားကိုယူ၊ ဘယ်သူမှားမှား ကိုယ်မမှားတဲ့ အနေအထား မျိုးနှင့် ဘာပဲဖြစ်ဖြစ် တိုင်းပြည်ဆင်းရဲတာ အစိုးရပေါ်လစီကြောင့်၊ ပညာတတ်တွေ နည်းပါးသွားတာ အစိုးရ ပေါ်လစီကြောင့်၊ စီးပွားရေးတွေ မတိုးတက်တာ အစိုးရပေါ်လစီကြောင့်၊ ပြည်သူတွေထဲမှာ အမူးသမားတွေ များပြားလာတာဟာ အစိုးရပေါ်လစီကြောင့်၊ မိန်းကလေးတွေ မလုံတလုံ ၀တ်စားဆင်ယဉ်မှုတွေ များလာ တာဟာ အစိုးရပေါ်လစီကြောင့်၊ ဘာပဲဖြစ်ဖြစ် အစိုးရပေါ်လစီကိုချည်း ပစ်မှတ်ထား၍ ပြောဆိုရေးသား နေကြ တာကို တွေ့ရတယ်။ မဟုတ်ဘူးလားလို့မေးရင် မငြင်းလိုပါ။ သို့သော် … ။
 
အများပြောစကားကို စံထား၍ အများပြောတိုင်း ဟုတ်မှန်ပါတယ်လို့ ၀န်ခံပြောဆိုရခြင်းမျိုးထက် တရား သဘောကို စံထား၍ ပြောဆိုရခြင်မျိုးက ပို၍ အဓိပ္ပါယ်ရှိနိုင်တယ်လို့ ထင်မြင်ယူဆမိခြင်းပါ။ အဘိဓမ္မာသီအိုရီ မှာ ပြဆိုထားတာက  ̏အကျိုးတရားတစ်ခုဖြစ်ပေါ်လာခြင်းသည် အကြောင်းတရား တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ၊ အကြောင်းတရားများ ပေါင်းဆုံပါမှ အကျိုးတရားဆိုတာ ဖြစ်ပေါ်လာနိုင်တယ်̋ဆိုတဲ့ သီအိုရီကို လေ့လာဆန်းစစ်နိုင်ကြဖို့ပါ။   
 
ထိုအကြောင်းတရားတွေထဲမှာလည်း နီးသောအကြောင်း၊ ဝေးသောအကြောင်းဆိုပြီး သီအိုရီက ရှင်း လင်းထားတာကို တွေ့ရတယ်။ ဒီနေရာမှာ တိုင်းပြည်ဆင်းရဲရခြင်း၏ နီးသောအကြောင်းမှာ အစိုးရပေါ်လစီ ကြောင့် ဖြစ်နိုင်သော်လည်း ဝေးသောအကြောင်း (သို့မဟုတ်) ထင်သာမြင်သာမရှိတဲ့အကြောင်းတရား များကလည်း ရှိနေခြင်းပါ။ 
 
ထိုအကြောင်းတရားတွေကတော့ တိုင်းပြည်ရဲ့ ပညာရေးအဆင့်အတန်းများ နိမ့်ကျနေခြင်း၊ ပြည်သူတွေရဲ့နိုင်ငံရေး အသိစိတ်များ အားနည်းနေခြင်း၊ ကိုယ်ပိုင်အသိဖြင့် စီးပွာရေးမလုပ် တတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းထက် တစ်ကိုယ်ကောင်းစိတ်ဓာတ်များ မွေးမြူထားခြင်း၊ ကိုယ်ပိုင်အရည် အချင်းများကို အားမကိုးပဲ ပေါင်းစား၊ ဖားစား၊ မြှောက်စား၊ လိမ်စားခြင်းမျိုးတွေ၊ လာဘ်စားခြင်း (စပွန်စာကို လက်ခံ၍ အပြစ်မကင်းသော ခွါစားခြင်း)မျိုးတွေလည်း ပါဝင်နေခြင်းပါ။ ဒီအကြောင်းတရားများဟာလည်း တိုင်းပြည်ဆင်းရဲခြင်း၏ အကြောင်းတရားများဖြစ်တယ်လို့ ထင်မြင်ယူဆမိတယ်။    
   
အဘယ်ကြောင့်ဆိုသော် ဥပမာ၊ နိုင်ငံရေးသီအိုရီအရ ̏လာဘ်ပေး၊ လာဘ်ယူရှိသော နိုင်ငံမျိုး၌ လုပ်ချင်တာကို အကုန်လုပ်လို့ရတယ်̋ ဆိုတဲ့အဆိုဟာ မှန်သင့်သလောက် မှန်နေခြင်းပါ။ ဒီသီအိုရီနှင့် စံထားပြောဆိုရသော် မြန်မာနိုင်ငံ၌ လာဘ်ပေး၊ လာဘ်ယူမှုတွေ တကယ်ပင် ကင်းရှင်းနေပြီးလော။ အကယ်၍ လာဘ်ပေး လာဘ်ယူမှုကိစ္စများ တကယ်ပင် ပပျောက်လိုသော် ယူသူကိုလည်း ပြင်းပြင်းထန်ထန် အရေးယူ၍ ပေးသူကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသင့်တဲ့ အချိန်အခါမျိုးဖြစ်နေတယ်။ လာဘ်မရမှုကြောင့် လတ်တလော ဖြစ်ပေါ်လာနိုင်သော စာဝတ်နေရေးအတွက် ဖာနိုင်ထေးနိုင်အောင် (ပညာပေး၍) လခများကို တိုးမြှင့်ပေးသင့်တဲ့အချိန်အခါမျိုးလည်း ဖြစ်နေတယ်။  
 
ထိုသို့ပေးနိုင်ရန်အတွက် တိုင်းပြည်ရဲ့အခွန်ဘဏ္ဍာများကို တိုးပွားစေနိုင်သော မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှ ထွက်ရှိနေသော တိုင်းပြည်ရဲ့ သယံဇာတများကို တိုင်းကျိုး၊ ပြည်ကျိုးအတွက် ပြည်နယ်နှင့် တိုင်းရှိ ပြည်သူ၊ ပြည်သူများသည် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် အမှန်တကယ်ပင်  ပူးပေါင်း၍ ပြုလုပ်ပေးကြရမည့်အချိန်အခါဖြစ်တယ်။  
 
တိုင်းပြည်ဆင်းရဲခြင်းအတွက် အချင်းချင်း အပြစ်ပြောနေကြမည့်အစား လာဘ်ပေး၊ လာဘ်ယူမှု ပြုနေ သူများ၊ လာဘ်မယူသော်လည်း တစ်နည်းနည်းဖြင့် ရယူနေသူများ ဆက်လက်ရှင်သန်နေမှုများကို ပပျောက် သွားရအောင် ပူးပေါင်းဆောင်ရွက်၍ ဆင်းရဲမွဲတေသော ဘ၀များနှင့် နေခဲ့ကြရသော ရာစုနှစ်များစွာကို ကျော်လွှားနိုင်ဖို့ အနစ်နာခံ၍ ပေးဆပ်နေကြရမှာဖြစ်တယ်။ ထိုသို့မပြုလုပ်နိုင်ပဲ လာဘ်ပေး လာဘ်ယူမှုအား ဆက်လက်ရှင်သန်ခွင့်ရအောင် ကာကွယ်ပေးနေကြမည်ဆိုလျှင် တိုင်းပြည်ကို ဆင်းရဲတွင်းထဲသို့ ကျရောက် နိုင်ဖို့ ကိုယ်တိုင်က တွန်းအားပေးနေသူများ ဖြစ်နေတတ်ခြင်းပါ။ 
 
ခေတ်နှင့်လျှော်ညီသော ပညာရေးမူဝါဒများအတွက် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များ နှေးကွေးနေခြင်း သည် မြန်မာနိုင်ငံအတွက် ကံဆိုးခြင်း၏ အကြောင်းတစ်ရပ်ဖြစ်နေတယ်။ ပညာရေးနယ်ပယ်မှာ လာဘ်ပေး၊ လာဘ်ယူ ပြုနေသူကပြု၊ လာဘ်မရသူက လာဘ်မရ၍ နည်းအမျိုးမျိုးနှင့်နှိပ်စက်၊ ဒီအတွက် ခါးစည်းခံနေရ သူများက ကျောင်းသား၊ ကျောင်းသူများဖြစ်တယ်။ ဖြစ်စဉ်များက ၀မ်းနည်းစရာပါ။
 
 ရန်ကုန်တိုင်း၌ ၂၀၁၂ခု -၂၀၁၃ခု ပညာသင်နှစ်၌ အပြင်ဖြေ ကိုးတန်းကျောင်းသား၊ ကျောင်းသူများသည် စာဖြေဌာနအချို့၌ ဖြေဆိုသူ အားလုံး အောင်မြင်သူမရှိတဲ့ မြို့နယ်များပင် ရှိနေကြောင်း လေ့လာစုံစမ်းသိရှိရတယ်။ (ပညာရေးမှူးများ နစ်နာနိုင်၍ မြို့နယ်များ၏ အမည်ကို ချန်လှပ်ထားခဲ့ခြင်းပါ) ထိုကျောင်းသား၊ ကျောင်းသူများရဲ့ အနာဂတ်ဘ၀လေးများကို စာနာမိခြင်းပါ။  
 
နောက်တစ်ခုက မြန်မာပြည်သူ၊ ပြည်သားအများစုသည် စာသင်လျှက် စာမတတ်။ ပညာသင်လျှက် ပညာမတတ် ဖြစ်နေတယ်။ စာသင်ပါလျှက် ဘာကြောင့်စာမတတ် ဖြစ်နေရသနည်း။ ပညာသင်လျှက် ဘာကြောင့် ပညာမတတ် ဖြစ်နေရသနည်း။ အဖြေကားေ၀၀ါးနေဆဲပါ။ နီးသောအကြောင်းတစ်ခုကတော့ သင်ကြားနည်းစနစ် မမှန်ကန်သောကြောင့် ဖြစ်နိုင်ခြင်းပါ။ ဤသို့ဆိုလျှင် သင်ကြားနည်းစနစ် မမှန်မကန်ဖြစ် နေတာကို နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနက မသိခဲ့လေသလော။ သို့မဟုတ် သိလျှက်နှင့် လျစ်လျူရှု နေသလော။ ဒီအဖြေကလည်းေ၀၀ါးနေဆဲပါ။ 
 
ထိုထိုသောအကြောင်းများကြောင့် နောက်ထပ်မေးခွန်းတစ်ခု မေးလာနိုင်ခြင်းပါ။ တစ်စုံတစ်ယောက် သောသူက ပြည်သူတွေ စာမတတ်တော့ကော ဘာဖြစ်မှာမို့လဲ။ စာမတတ်လဲ ထမင်းတော့မငတ်ပါဘူး၊ ဒီထက်ပို၍လည်း ဆင်းရဲမသွားနိုင်ပါဘူး။ သူ့အမေးနဲ့သူတော့ ဟုတ်နေခြင်းပါ။ အဖြေကား ထမင်းတော့ မငတ်နိုင်ပါ။ ဒါထက်ပို၍လည်း မဆင်းရဲနိုင်ပါ။ သို့သော် … ။ ပညာရေးမူဝါဒများကို စနစ်တကျ မပြုပြင်နိုင်ကြ လျှင်တော့ လူမျိုးရဲ့ လူနေမှုအဆင့်အတန်းများသည် ဒါထက်ပို၍ အောက်ကျသွားနိုင်ပြီး၊ တိုင်းပြည်ကြီလည်း ဒါထက်ပို၍ နောက်ကျသွားနိုင်ခြင်းပါ။ လူနည်းစု ချမ်းသာနေရုံမျှဖြင့် လူအများစုပေါင်းမှ ဖြစ်ပေါ်လာတဲ့ လူမျိုးကို ကိုယ်စားမပြုနိုင်ကြောင်း ပညာရှင်များ သတိမူနိုင်ကြဖို့ပါ။   
 
အကယ်၍များ နိုင်ငံတော်အစိုးရမှ ပညာရေးမူဝါဒများ ပြုပြင်နိုင်ရန်အတွက် ပညာရေးစနစ်ဟောင်း ကြီးကို ဘောင်တပ်ပေးရုံနှင့်၊ (ခေတ်စကားအရ ပြောရမည်ဆိုရမည်ဆိုလျှင်) ရှိုင်းပေးလိုက်ရုံနှင့်  ထိုမရှင်သန် နိုင်တော့သော ပညာရေးမူဝါဒကြီးကို ဇွတ်အတင်းကြီး အသက်သွင်းပေးလိုက်မည်ဆိုလျှင် ကျားသေကို အသက်သွင်းပေးလိုက်သလို တိုင်းပြည်ကြီးလည်း နစ်နာမယ်။ လူမျိုးတွေလည်း ဂုဏ်ငယ်မယ်။ ထိုထိုသို့သော အကြောင်းများကြောင့် တိုင်းပြည်ကြီးလည်း မနစ်နာရအောင်၊ လူမျိုးတွေလည်း ဂုဏ်မငယ်ရအောင် ပညာရေး ပေါ်လစီများကို ၀ိုင်းဝန်းပြုပြင်နိုင်ကြဖို့ တိုက်တွန်းလိုခြင်းပါ။  
 
အရေးကြီးလှသော ဒီအစ်ရှုးအတွက် ၀ိုင်းဝန်း၍ ပြုလုပ်မပေးနိုင်ကြလျှင် ကျားသေကို အသက်သွင်းမိ ခဲ့၍ သေခြင်းသို့ ရောက်သွားခဲ့ရသူရဲ့ ဖြစ်အင်နမူနာကို စံထားပြီး ပညာရေးနှင့်ပတ်သက်ပြီး ဆင်ခြင်စဉ်းစား နိုင်ကြဖို့ပါ။ ပညာရေးပေါ်လစီများ ရှင်သန်နိုင်ရေးအတွက် စနစ်ဟောင်းက ပြဋ္ဌာန်းပေးခဲ့သော ရှင်သန်မှုမရှိနိုင် တော့သော ပညာရေးမူဝါဒများကို (ဥပမာ၊ လေးတန်းကို မြို့နယ်စစ်၊ ရှစ်တန်းကို ခရိုင်စစ်စသည် ပြုလုပ်ခဲ့သော ပညာရေးမူဝါဒများကို) ပြန်လည်အသက်သွင်း ပေးကြမည်ဆိုလျှင် လူမျိုးတွေလည်း ဒုက္ခရောက်၊ တိုင်းပြည် ကြီးလည်း နောက်တန်းရောက်သွားနိုင်တာမို့ မပြုခင် ပြင်ရတာထက်၊ ပြုပြီးလျှင် ပြင်ဖို့ ပို၍ခက်ခဲနိုင်တာမို့ စဉ်းစဉ်းစားစား လုပ်နိုင်ကြဖို့ပါ။   
 
သို့သော် တစ်ဖက်ကိုလည်း စာနာကြည့်မိပါတယ်။ ပညာရေးမူဝါဒများနှင့်ပတ်သက်၍ ပြဿနာ အစ်ရှူးက ရှုပ်ထွေးလှတယ်။ အမြင်တွေက မျိုးစုံနေတယ်။ တချို့သော ကျောင်းသားများကလည်း ကောင်း မွန်တဲ့ ပညာရေးမူဝါဒမျိုးဆိုတာ ကျောင်းသားသမဂ္ဂတွေဖွဲ့နိုင်ရမယ်။ တက္ကသိုလ်တိုင်း တက္ကသိုလ်တိုင်း လွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုမျိုးတွေ ရရှိရမယ်။ ပညာရေးသင်ရိုးညွှန်းတမ်းများကို  ကိုယ်ပိုင်ဟန်နှင့် ရေးဆွဲ နိုင်ရမယ်။ ပညာရေးကို ဗဟိုက ချုပ်ကိုင်တာမျိုး မဖြစ်သင့်ဘူး စသည့် မျှော်လင့်ချက်မျိုးတွေ ရှိနေပုံရတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ သို့သော် အားလုံး အမှန်ကြီးမဟုတ်ပါ။
 
ပညာရေးပေါ်လစီသဘောအရ ကိုယ့်တက္ကသိုလ်မှာ ကိုယ့်ရဲ့ပညာရေးဆိုင်ရာ အကယ်ဒမစ် (Academic) ပညာရေးဘုတ်အဖွဲ့က ပြဋ္ဌာန်းစာအုပ်များကို ပြဋ္ဌာန်းနိုင်တယ်။ သို့သော် အခြားတက္ကသိုလ်များနှင့် ပညာရေးအဆင့်အတန်းများ မနိမ့်ကျစေရအောင် လေ့လာရမယ်။ သုတေသနပြုရမယ်။ အဲဒီကျောင်းတွေကို အချိန်မရွေးစစ်ဆေးနိုင်တဲ့ ပညာရေးကော်မတီအဖွဲ့အစည်းဆိုတာ ရှိရမယ်။ ဒါမှသာလျှင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ၊ (သို့မဟုတ်) အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများဟာ တစ်ကျောင်းနှင့် တစ်ကျောင်း လယ်ဗယ်များ သိပ်ကွာခြားမှုမရှိစေပဲ ထိန်းညှိပေးနိုင်မှာ ဖြစ်တယ်။
 
၂၀၁၂-ခုနှစ်က အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ စီးတီးကောလိပ် (SF City College)မှာ ပညာရေးလယ်ဗယ်များ (ပညာရေးအဆင့်အတန်းများ) အလွန်နိမ့်ကျနေ၍ စီးတီး ကောလိပ် ပညာရေးဘုတ်အဖွဲ့က အခြားကောလိပ်များနှင့် အဆင့်မီအောင် ပညာရေးသင်ရိုးညွှန်းတမ်း များကို ပြန်လည်မပြုပြင်နိုင်လျှင် SF စီးတီးကောလိပ်ကျောင်းကို ပိတ်ပစ်ရမည်ဖြစ်ကြောင်း အမိန့်စာထွက်ခဲ့တယ်။ ထိုအမိန့်စာကြောင့် ထိုကောလိပ်ရှိ ပညာရေးဘုတ်အဖွဲ့ အလုပ်တွေ ရှုပ်သွားခဲ့တယ်။ အခုတော့ သက်ဆိုင်ရာမှ ပညာရေးလယ်ဗယ်ကို မြှင့်တင်နိုင်ခဲ့၍ ဆက်လက်ဖွင့်နေကြောင်း ကြားသိရ၍ ၀မ်းသာမိတယ်။ 
 
နောက်ပြီး တက္ကသိုလ်ကျောင်းများမှာ ဆန္ဒထုတ်ဖေါ်တဲ့ကိစ္စ။ 
 
ထိုကိစ္စဟာ ခေတ်စနစ်နှင့် ညီတယ်လို့ ဆိုနိုင်တယ်။ သို့သော် တက္ကသိုလ်တစ်ခုမှာ ဆန္ဒပြဖို့အတွက် စည်းမျဉ်းစည်းကမ်းကို အရင်လေ့လာသင့်တယ်။ တက္ကသိုလ်တိုင်းမှာ သူ့စည်း ကိုယ့်စည်းဆိုတာ ရှိတယ်။ ကျောင်းသားတွေဖက်မှာလည်း စည်းရှိသလို၊ ကျောင်းဖက်မှာလည်း စည်းရှိတယ်။ တချို့စည်းက ဒီတက္ကသိုလ်နှင့်သာ သက်ဆိုင်ပြီး၊ အခြားတက္ကသိုလ်များနှင့် မသက်ဆိုင်တာမျိုးတွေလည်းရှိတယ်။ ဥပမာ၊ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေး တက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဉ်က ဆန္ဒပြတဲ့ကျောင်းသားတွေနှင့် ဆုံခဲ့ဖူးတယ်။ သူတို့ပြုနိုင်တဲ့ ဘောင်စည်း ထဲကနေ ဆန္ဒပြခဲ့တာကြောင့် ပြဿနာမရှိပဲ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးဆုံးသွားခဲ့တယ်။ 
 
တက္ကသိုလ်တစ်ခုမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းထားခြင်းဟာ ထိုတက္ကသိုလ်၌ ကျောင်းတက် နေကြသော ကျောင်းသား၊ ကျောင်းသူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာနေခဲ့လျှင် ထိုနစ်နာမှုများကို ဆန္ဒထုတ်ဖေါ်၍ ပြောကြားနိုင်အောင် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားသော ထိုတက္ကသိုလ်နှင့် ဆိုင်သော ကျောင်းသားအဖွဲ့အစည်းဖြစ်တယ်။ ထိုအဖွဲ့အစည်းကို အသုံးချ၍ အမေရိကန်တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းများသို့သွား၍ လှည့်ပတ်ရမ်းကားနေ၍မရပါ။ 
 
တက္ကသိုလ်၌ ဖွဲ့စည်းထားသော အဖွဲ့အစည်းဟာ (ဥပမာ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းဟာ) ထိုတက္ကသိုလ်၌ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ နစ်နာနေခဲ့လျှင် (ဥပမာ၊ ကျူရှင်ခများ အဆမတန်မြင့်တက်လာခြင်း၊ ကျောင်းသား၊ ကျောင်းသူများ လိင်ပိုင်ဆိုင်ရာ ခွဲခြားဆက်ဆံခံနေရခြင်း စသည်များကြောင့်) ကျောင်းတွင်း၌ ဆန္ဒပြလိုလျှင် တက္ကသိုလ်အုပ်ချုပ်ရေးဌာနမှ ခွင့်ပြုချက်ကို ဦးစွာပထမ ရယူ၍ ဆန္ဒပြရသည်ကို ကြုံခဲ့ဖူးခြင်းပါ။ ဒီမီုကရေစီနိုင်ငံဆိုတိုင်း ခွင့်ပြုချက်မယူပဲ စည်းမဲ့ကမ်းမဲ့ ဆန္ဒပြ၍ မရနိုင်ကြောင်းကို လေ့လာသိရှိခဲ့ရတယ်။ 
 
ပြောကြားလိုတာက တက္ကသိုလ်ကျောင်းသားဆိုတာ တက္ကသိုလ်ကျောင်းများ၌ ပညာသင်ခွင့် မရသူ များထက် ပို၍အမျှော်အမြင်ကျယ်သင့်တယ်။ ဖြစ်ပေါ်နေသော ကားရင့် အစ်ရှူးများအတွက် (Current Issues) အတွက် သမိုင်းအချက်အလက်များနှင့် နှိုင်းယှဉ်တင်ပြနိုင်အောင် စာကြည့်တိုက်များသို့သွား၍ဖြစ်စေ၊  အင်တာ နက်စာမျက်နှာများကို လှန်လှော၍ဖြစ်စေ စနစ်တကျ သုတေသနပြုနိုင်သူ ဖြစ်သင့်တယ်။ ထိုသို့မလုပ်နိုင်လျှင် ဇာတ်တော်ထဲ၌ ယုံသူငယ်တစ်ကောင်က ̏မြေပျိုပြီ ပြေးကြ ပြေးကြ̋ ဆိုတဲ့စကားသံကို နားယောင်၍ တောတိရစ္ဆာန်တွေ ဘာမသိ၊ ညာမသိနှင့် ထိုယုန်ပြေးရာအရပ်သို့ ဦးတည်ရာမရှိပဲ ပြေးနေခဲ့ကြ၍ ဒုက္ခရောက် ခဲ့ကြရသည့် ဇာတ်တော်ကို အမှတ်ရစေချင်တယ်။ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားဆိုတာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားလို ပြုမူနေထိုင်တတ်ရတယ်။ စဉ်းစားနိုင်ကြဖို့ပါ။ 
 
အနှစ်ချုပ်၍ တင်ပြလိုသည်မှာ ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ ကျားသေကို အသက်သွင်းခဲ့ရင် အသက်သွင်းပေးသူသာ နစ်နာနိုင်သော်လည်း တိုင်းပြည်ကို ခေတ်နှင့်မလျှော်ညီသော ပညာရေးမူဝါဒများနှင့် အသက်သွင်းပေးခဲ့လျှင် တစ်တိုင်းပြည်လုံးနစ်နာနိုင်၍ ပညာရေးမူဝါဒများကို ခေတ်စနစ် နှင့်ညီအောင် ပြဋ္ဌာန်းပေးသင့်တယ်။ မြန်မာနိုင်ငံ၌ ပညာရေးနိမ့်ကျနေသည်မှာ ကျောင်းသား၊ ကျောင်းသူများ ညံ့ဖျင်း၍လည်းမဟုတ်၊ ကျောင်းဆရာ၊ ဆရာမများ စာမသင်တတ်၍လည်းမဟုတ်၊ နိုင်ငံတော်အစိုးရမှ စိတ် စေတနာများ ခေါင်းပါးနေ၍လည်းမဟုတ်၊ တကယ့်အကြောင်းတရားက ကျောင်းသား၊ ဆရာ၊ မိဘ၊ ပညာရေး ပေါ်လစီ၊ ဒီလေးပွင့်ဆိုင်အရေးမှာ အချိုးအစားမညီမမျှဖြစ်နေ၍ ဒီလိုဖြစ်နေရတယ်လို့ ထင်မြင်ယူဆမိခြင်းပါ။
 
ထိုကြောင့် ပညာရေးမူဝါဒများ အလျှင်အမြန် အကောင်အထည်ဖေါ်နိုင်အောင် ပြည်သူ၊ ပြည်သားများ အားလုံး ပြောင်းလဲရေးဖြစ်စဉ်အတွက် စုပေါင်းပါဝင်နိုင်ကြဖို့လိုတယ်။ အထူးသဖြင့် တိုင်းပြည်တွင်းမှာ ရှိနေကြ သော အက်ဂျူကေးရှင်း ပေါ်လစီ (Education Policy) များကို စနစ်တကျ ရေးဆွဲနိုင်သော ပညာရှင်များ၊ ပညာရေးဆိုင်ရာ သုတေသနပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်းဆိုင်ရာ တာဝန်ရှိသူများ၊ အတူပူးပေါင်း၍ ခေတ်စနစ်နှင့် လျှော်ညီသော၊ ကမ္ဘာကို အတိုင်းအတာတစ်ခုအထိ ရင်ဘောင် တန်းနိုင်သော ပညာရေးမူဝါဒများကို ပြဋ္ဌာန်းပေးနိုင်ကြမည်ဆိုလျှင် … ။ 
 
ချမ်းသာစွာ အိပ်စက် နိုင်ကြ ပါစေ။   

 

ဒေါက်တာဓမ္မပိယ (ITBMU)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts