Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်ကုန်ဓာတ်ပုံပွဲတော်က ဓါတ်ပုံပညာဒါန သင်တန်းများ ပို့ချမည်

 ရန်ကုန်ဓာတ်ပုံပွဲတော်က ဓါတ်ပုံပညာဒါန သင်တန်းများ ပို့ချမည်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဒီဇင်ဘာ ၉၊ ၂၀၁၄

ရန်ကုန်ဓါတ်ပုံပွဲတော်သည် သတ္တမအကြိမ်မြောက် ပွဲတော်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပညာဒါနအဖြစ်ဓါတ်ပုံ သင်တန်း ဖွင့်လှစ်မည့် အကြောင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ပြင်သစ်ယဉ်ကျေးမှု ဌာန ၌ နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တစ်ပတ်ကြာကျင်းပမည့် ဓါတ်ပုံပွဲတော်တွင် ချစ်ခြင်းမေတ္တာ ခေါင်းစဉ်ဖြင့် ဓါတ်ပုံများ ကို ပြသကြမည်ဖြစ်သည်။ဓါတ်ပုံဇာတ်လမ်းများကို  ပိတ်ကားပေါ်တွင် ပြသပြီး ၎င်းတို့အပေါ် အမြင်ဖလှယ်ဆွေးနွေးခြင်းများ၊ နိုင်ငံတကာမှ ဓါတ်ပုံအနုပညာရှင်များ၏ ဟောပြောပို့ချချက်များနှင့် အကြောင်းကြောင်းကြောင့် လေလွင့်နေရသော ကလေးငယ်များ၏ ဓါတ်ပုံအနုပညာနှင့် ပြဇာတ်တင်ဆက်ခြင်းတို့ပါဝင်ပါသည်

ရန်ကုန်ဓါတ်ပုံည အနေနှင့် ပွဲတော်ပိတ်သိမ်းခြင်းကို ၂၀၁၅ ဖေဖော်ဝါရီ ၁၄ ရက် ၊ချစ်သူများနေ့တွင် ကျင်းပမည်ဖြစ်သည်။၎င်းညတွင် အကောင်းဆုံးဓါတ်ပုံအက်ဆေး လက်ရာများကို ပိတ်ကားပေါ်တွင် ပြသသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အကဲဖြတ်အဖွဲ့မှ ကင်နွန်ကင်မရာများနှင့် ပြင်သစ်ဓါတ်ပုံပညာသင်ဆုအပါအဝင်ဆုများကို ရွေးချယ်အပ်နှင်းသွားမည်ဖြစ်သည်။

အခြေခံဓါတ်ပုံပညာ ရှိပြီးသူများအတွက် စီစဉ်ရေးဆွဲထားသော ပြင်သစ်ဓါတ်ပုံပညာရှင် Christophe Loviny ၏ ရှစ်ရက်ကြာ အဆင့်မြင့်သင်တန်းမှ ဝဘ်ဆိုဒ်များ၊ မဂ္ဂဇင်းဂျာနယ်များနှင့် ဓါတ်ပုံပြပွဲများမှာ ပုံနှိပ်ဖော်ပြနိုင်သည့် ဇာတ်လမ်းအခြေပြု ဓါတ်ပုံအက်ဆေးများဖန်တီးခြင်း အနုပညာကို သင်ကြားပေးမည်ဖြစ်သည်။Loviny နှင့် အတူ ပြင်သစ်ဓါတ်ပုံဆရာ Nicolas Havette ၊ မြန်မာဓါတ်ပုံဆရာများဖြစ်ကြသည့် ပြေကျော်မြင့် နှင့် မေကိုနိုင်တို့က ပူးပေါင်းကူညီကြမည်ဖြစ်သည်။

သင်တန်းမှ အကောင်းဆုံးလက်ရာများကို ရန်ကုန်ဓါတ်ပုံပွဲတော်ညဖြစ်သော ၂၀၁၄၊ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အများပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော အကဲဖြတ်အဖွဲ့တို့အား ပြသသွားမည်ဖြစ်သည်။ဆုများအဖြစ် ကင်နွန် ကင်မရာများ၊ ပြင်သစ်ဓါတ်ပုံ ပွဲတော်တစ်ခုဖြစ်သော Les Rencontres d’Arles Festival (France) တွင် ကာလတို သင်တန်းတက်ရောက်ခွင့် နှင့် ပြင်သစ်တက္ကသိုလ် National School of Photography in Arles (France) ၌ ပညာသင်ဆုတို့ ပါဝင်သည်။သင်တန်းများကို မန္တလေး၊ ကျိုင်းတုံ၊ မြိတ်၊ထားဝယ်၊ရန်ကုန် တို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ပြေကျော်မြင့်၊ pyaykyawmyint@gmail.com ၊၀၉၅၀၁၉၂၃၉ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

အချစ်နံရံ ဟု အမည်ပေးထားသော ရန်ကုန်ဓါတ်ပုံပွဲတော်တွင်ပြသရန် အင်္ဂလိပ်၊မြန်မာ၊ပြင်သစ်ဘာသာတို့ဖြင့် အချစ်နှင့် ပတ်သက်သည့် စာတမ်းများ၊ ပုံများရေးဆွဲထားသော နံရံများ ၊ကျောက်တုံးများ ပါသည့် ဓါတ်ပုံများ ပေးပို့ပါရန် နှင့် ပေးပို့လိုသူ မည်သူမဆို သင်၏ ဓါတ်ပုံအရည်အသွေးမြင့် မူရင်း file ကို Melanie.agron@gmail.com ထံသို့ ပေးပို့နိုင်ပါသည်။အသေးစိတ်သိရှိလိုပါလျှင် www.yangonphoto.com, facebook page: Yangon Photo Festival နှင့် Melanie.agron@gmail.com tel: 09252360795(English), pyaykyawmyint@gmail.com tel: 095019239(Myanmar) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်းသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts