အတွေးအမြင် ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ (ITBMU) – တစ်ချိန်က ရောဟိနီ ယခု ဧရာဝတီ


ဒေါက်တာဓမ္မပိယ (ITBMU) – တစ်ချိန်က ရောဟိနီ ယခု ဧရာဝတီ
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄

တသွင်သွင် စီးဆင်းနေတဲ့ ရောဟိနီ … ။
တသွင်သွင် စီးဆင်းနေတဲ့ ဧရာဝတီ … ။

သမိုင်းမှာ အရေးပါလှတဲ့  မြစ်ကြီးတွေဖြစ်နေလို့ ဆွေးနွေးတင်ပြချင်တယ်။ ရောဟိနီမြစ်က နီပေါ နိုင်ငံမှာ တည်ရှိနေပြီး၊ ဧရာဝတီမြစ်က မြန်မာနိုင်ငံမှာ တည်ရှိနေတယ်။ ရောဟီနီမြစ်ကမ်းပေါ်မှာ ရပ်ပြီး တစ်ဖက်ကမ်းဆီကို လှမ်းမျှော်ကြည့်ရင် ကြည်နူးဖွယ်ကောင်းလှတဲ့ ဖြူဖွေးနေတဲ့ ဟိမ၀န္တာတောင်တန်းကြီးကို တွေ့မြင်နိုင်သလို၊ ဧရာဝတီမြစ်ကမ်းပေါ်မှာ ရပ်ပြီး တစ်ဖက်ကမ်းဆီကို လှမ်းမျှော်ကြည့်လိုက်မယ်ဆိုရင်လည်း လွမ်းမောဖွယ် ကောင်းလှတဲ့ မှိုင်းညို့နေတဲ့ ရှမ်းတောင်တန်းကြီးကို တွေ့မြင်နိုင်တယ်။ မြစ်နှစ်စင်းရဲ့ တည်နေရာတွေဟာ ဝေးကွာလွန်းနေတာကြောင့် အတူပူးပေါင်းပြီး မစီးဆင်းနိုင်ကြသော်လည်း သမုဒ္ဒရာတွင်း တစ်နေရာရာမှာတော့ အတူပေါင်းဆုံမိကြလိမ့်မယ်လို့ ခံစားမိတယ်။
မြစ်ကြီးနှစ်စင်းက တစ်နိုင်ငံစီမှာ တည်ရှိနေပေမဲ့ မြန်မာလူမျိုးတို့ရဲ့ နှလုံးသားမှာတော့ အတူတူ နေရာ ယူထားနိုင်ခဲ့တဲ့ မြစ်ကြီးတွေဖြစ်နေတယ်။ ဧရာဝတီမြစ်ကြီးကို မြန်မာလူမျိုးတိုင်းနီးနီး ကြားဖူးနေသလို၊ ရောဟိနီဖြစ်ကြီးကိုလည်း မြန်မာလူမျိုးတိုင်းနီးနီး ကြားဖူးနေတယ်။ သို့သော် ထိုမြစ်နှစ်စင်းရဲ့ ကမ်းခြေတွေမှာ ဖြစ်ပျက်သွားခဲ့တဲ့၊ သို့မဟုတ် ထင်ကျန်နေခဲ့တဲ့ သမိုင်းခြေရာများကိုတော့ မြန်မာလူမျိုးတိုင်းနီးနီး သိနိုင်၊ မြင်နိုင်ကြမည်မဟုတ်ပါ။

ထိုအကြောင်းတွေကို လူ့သမိုင်းနှင့် စံထားပြီးပြောရရင် ဧရာဝတီမြစ်ရေဟာ မြစ်ကမ်းနေ ဌာနေလူတို့ အတွက် အသက်သခင် ကျေးဇူးရှင်ကြီး ဖြစ်နေသလို၊ ရောဟိနီမြစ်ရေဟာလည်း မြစ်ကမ်းနေ ဌာနေလူတို့ အတွက် အသက်သခင် ကျေးဇူးရှင်ကြီး ဖြစ်နေတယ်။ ရောဟိနီမြစ်ကမ်းမှာ နေသူတွေက မြတ်စွာဘုရားနှင့် သွေးသားတော်စပ်တဲ့ ဆွေးမျိုးတွေ ဖြစ်နေသလို၊  ဧရာဝတီမြစ်ကမ်းမှာ နေသူတွေကလည်း မြတ်စွာဘုရားနှင့် ဓမ္မသွေးတော်စပ်တဲ့ ဆွေးမျိုးတွေ ဖြစ်နေပြန်တယ်။ ဧရာဝတီမြစ်ကြီးက မြန်မာပြည်တွင်းမှာ တည်ရှိနေတာမို့ သမိုင်းခြေရာများကို ပုံကြီးချဲ့၍ တင်ပြရန် မလိုပေမဲ့၊ ရောဟိနီမြစ်ကြီးရဲ့ သမိုင်းခြေရာများကို ပြန်လည်တင်ပြဖို့ လိုအပ်လာတယ်လို့ ထင်မြင်မိတယ်။

ရောဟိနီမြစ်ရဲ့ပုံရိပ်၊ ရောဟိနီမြစ်ရဲ့သမိုင်းခြေရာတို့ဟာ မည်သို့ရှိနေပါလိမ့်မလဲဟု တွေးမိတယ်။ မြတ်စွာဘုရား၏ အကြောင်းအရာတွေနှင့်ပတ်သက်ပြီး ရှေ့သမိုင်း၊ နောက်သမိုင်း မှီလှတဲ့ ဒီမြစ်ကြီးဟာ သမိုင်းဝင် ကျောက်တိုင်ကြီးများလို သမိုင်းဝင်မှတ်တိုင်ကြီးတစ်ခုအဖြစ် ထင်ကျန်နေခဲ့တယ်။ တမင်တကာ စိုက်ထူထားတဲ့ ကျောက်တိုင်မျိုးမဟုတ်သော်လည်း ဘုရားလက်ထက်က ဖြစ်ပျက်သွားခဲ့တဲ့ သမိုင်းပုံရိပ်တွေကို ထင်သာမြင်သာရှိအောင် ဖေါ်ပြနေတယ်။ ထို့ကြောင့် ဒီမြစ်ကြီးဟာ ကျောက်တိုင်ကြီးလို ထူထားလို့ မရပေမဲ့  ထူထားတဲ့ ကျောက်တိုင်ကြီးနှင့် သန္တာန်တူလှတယ်။ သမိုင်းသင်္ခန်းစာများကို ကောင်းစွာ မျှဝေပေးခဲ့တဲ့ ဒီရောဟိနီဖြစ်ကြီးကို ကျေးဇူးများစွာ တင်မိတယ်။

ရောဟိနီမြစ်ကြီးရဲ့ သမိုင်းကြောင်းများကို ပြန်လည်ထုတ်ဖေါ်ကြည့်တဲ့အခါ … ။ စစ်ချီသံတွေ၊ စစ်ခရာသံတွေ၊ ဆင်အော်သံတွေ၊ မြင်းအော်သံတွေ၊ နှစ်ဖက်စစ်သည်များရဲ့ ရဲသွေး၊ ရဲမာန်၊ စိတ်ဓာတ်များနှင့် စစ်ချီတက်သံတွေဟာ ရောဟိနီမြစ်ရေတွေကို လှိုင်းထလုနီးပါး ဖြစ်ခဲ့တယ်။ ရောဟိနီမြစ်ရဲ့ မြစ်ကမ်းနှစ်ဖက်မှာ သိန်းချီရှိနေတဲ့ နှစ်ဖက်စစ်သည်တော်များ ဟိုဖက်ဒီဖက် နေရာယူထားခဲ့တာကြောင့် ရောဟိနီမြစ်ရေတို့သည် မကြာမတင်မှာပဲ သွေးရောင်လွှမ်းတော့မည့် အခြေအနေမျိုးသို့ရောက်နေတယ်။ နှစ်ဖက်စစ်သည်တော်များ နေရာယူထားပြီးချိန်တွင် တစ်ဂျိန်းဂျိန်းမည်နေတဲ့မိုးကြီးဟာ ချက်ချင်းရပ်တန့်သွားသလို ဆူညံသံတွေဟာလည်း ချက်ချင်းကြီးဆိုသလို လုံးဝငြိမ်သက်သွားခဲ့တယ်။ အထက်ရဲ့ အမိန့်ကို နာစွင့်ရင်း ဖြစ်လာနိုင်တဲ့ ကံကြမ္မာရဲ့ အခြေအနေကို မည်သူမျှ မခန့်မှန်းနိုင်အောင် ဖြစ်နေတဲ့အချိန် … ။

သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားတော်မူသော မြတ်စွာဘုရားသည် ထိုနေ့မနက်စောစောကပင် အခြေအနေအရပ်ရပ်ကို သဗ္ဗညုတဥာဏ်တော်ဖြင့် သိမြင်ထားပြီးဖြစ်နေတာကြောင့် သာကီဝင်မင်းတို့ရဲ့ သွေးတွေ မြစ်ရေနှင့်အတူ ရောနှော၍ မစီးဆင်းမီ ထိုရောဟိနီမြစ်သို့ တန်ခိုးတော်ဖြင့် အလျှင်အမြန် ရောက်ရှိ လာခဲ့တယ်။ မြတ်စွာဘုရား ရောက်ရှိလာတဲ့ ထိုရောဟိနီမြစ်ဆိုတာ … ။

ရောဟိနီမြစ်ကြီးက ကပိလ၀တ္ထုနှင့် ကောလိယတို့ရဲ့ နှစ်နိုင်ငံအကြားမှာတည်ရှိတဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။ သာကီဝင်မင်းတို့ဟာ ရောဟိနီမြစ်ကြီးကို နှစ်နိုင်ငံရဲ့ နယ်နိမိတ်ထားပြီး နိုင်ငံများကို တည်ထောင် ထားခဲ့ကြတယ်။ ထိုနှစ်ပြည်ထောင် သာကီဝင်မင်းတို့ဟာ ရောဟိနီမြစ်ရေကို မျှဝေသုံးစွဲပြီး နှစ်ရည်လများစွာ ချစ်ချစ်ခင်ခင်နှင့် နေလာခဲ့ကြတယ်။ ဖြစ်ချင်တော့ ထိုနှစ်မှာ မိုးအကြီးအကျယ်ခေါင်ခဲ့၍ ရောဟိနီမြစ်ရေများ အလွန့်အလွန်ကို နည်းပါးသွားခဲ့တယ်။ ဒီအခြေအနေများကြောင့် နှစ်နိုင်ငံလုံးမှာရှိနေတဲ့ လယ်ယာမြေများ အတွက် စိုက်ပျိုးရန်ရေက မလုံမလောက် ဖြစ်ခဲ့တယ်။ ဒါဟာ ပြဿနာဖြစ်ခြင်းရဲ့ အကြောင်းရင်းတစ်ခုလို့ ဆိုနိုင်တယ်။

̏အကြံဦးသူ သာစတမ်း̋ဆိုတဲ့ သီအိုရီအတိုင်း မြစ်ညာရဲ့ အထက်ပိုင်းမှာရှိတဲ့လယ်သမားများက မြစ်ကို တာတမံသဖွယ်ပိတ်၍ ရောဟိနီမြစ်ရေကို သူတို့လယ်တွေအတွင်း အကုန်သွင်းယူကြတော့တယ်။ ဒီတော့ ကျန်တဲ့ နိုင်ငံမှာရှိတဲ့ လယ်သမားတွေက မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြတယ်။ ဒီအခါမှာ နှစ်နိုင်ငံရဲ့ လယ်သမား များဟာ မြစ်ရေကို အကြောင်းပြု၍ အချင်းများကြတော့တယ်။ ငယ်ကျိုးငယ်နာတွေကို ထုတ်ဖေါ်ပြီး ဆဲရေးတိုင်းတာလာတဲ့အထိ ဖြစ်ခဲ့ကြတယ်။ ကောလိယနိုင်ငံက လယ်သမားတွေက ကပိလ၀တ်နိုင်ငံသား တွေကို ̏ မင်းတို့အမျိုးက မောင်နှမချင်း လက်ထပ်တဲ့ တိရိစ္ဆာန်မျိုးတွေ̋ လို့ ငယ်ကျိုးငယ်နာတွေကို ထုတ်ဖေါ်၍ ဆဲရေးတိုင်းတာကြသလို၊ ကပိလ၀တ်နိုင်ငံက လယ်သမားတွေကလည်း ကောလိယနိုင်ငံသားတွေကို ̏မင်းတို့အမျိုးက ပိုးဆိုးတယ် အနူမျိုးတွေ̋ လို့  ငယ်ကျိုး ငယ်နာတွေကို ထုတ်ဖေါ်၍ ဆဲရေးတိုင်းတာခဲ့ကြတယ်။

ဒီနေရာမှာ ဘာ့ကြောင့် နှစ်ဖက်အမျိုးတွေ ဒီလိုဆဲရေးနေကြသလဲ။ သမိုင်းကြောင်းကို ဖေါ်ပြမှ အဓိပ္ပါယ်ကရှင်းလိမ့်မယ်။  ကပိလ၀တ်တိုင်းနိုင်ငံကို စတင်တည်ထောင်ခဲ့ကြတဲ့ မင်းသား၊ မင်းသမီးတွေဟာ မောင်နှမများအရင်း သာကီဝင်မင်းသား၊ မင်းသမီးများဖြစ်ကြတယ်။ ဖခင်ရှင်ဘုရင်ကြီးဟာ သားသမီးများ လှတာကြောင့် အငယ်ဆုံးသားကို ထီးမွေ၊ နန်းမွေပေးချင်တော့ မောင်နှမ (၇)ယောက်ဖြစ်တဲ့ ကျန်သားတော်၊ သမီးတော်များကို မြို့သစ်၊ နန်းသစ်များ တည်ထောင်ကြဖို့ တိုင်းပြည်မှ ထွက်ခွါကြရန် တိုက်တွန်းခဲ့တယ်။ ဖခင်ရဲ့အမိန့်တော်အတိုင်း မင်းသား၊ မင်းသမီးတွေဟာ တိုင်းပြည်မှ ထွက်ခွါလာခဲ့ကြပြီး၊ ဟိမ၀န္တာအနီးမှာရှိတဲ့ ကျွန်းတောကြီးထဲမှာ မြို့နန်းသစ်ကို တည်ထောင်ခဲ့ကြတယ်။ ထို့နောက် မင်းသား၊ မင်းသမီးများဟာ စဉ်းစားခဲ့ကြသည်မှာ တို့တတွေဟာ ဒီအတိုင်းနေသွားခဲ့ကြရင် ထီးမွေနန်းမွေ ဆက်ခံသူမရှိပဲ အမျိုးပျောက်မှာ စိုးရိမ်ရတယ်။ ဒါကြောင့် အမကြီးကို အမိအရာ၊ အကြီးအကဲအရာမှာ ထား၍ အငယ်ဖြစ်သော မင်းသား၊ မင်းသမီးတို့ဟာ မောင်နှမအချင်းချင်း ထိမ်းမြားလက်ထပ်ခဲ့ကြတယ်။ ဒီသမိုင်းကြောင်းကို ရည်ရွယ်၍ ရွာသူ၊ ရွာသား လယ်သမားများက ကပိလ၀တ်တိုင်းသားတွေကို တိရစ္ဆာန်မျိုးတွေလို့ စွပ်စွဲပြောဆိုခဲ့ကြတယ်။

ကောလိယတိုင်းနိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ မင်းသား၊ မင်းသမီးများဟာလည်း သာကီဝင် မင်းမျိုး မင်းနွယ်မှ ဆင်းသက်လာတဲ့ မင်းသား မင်းသမီးများဖြစ်ကြတယ်။ တစ်ချိန်က သာကီဝင်မင်းမျိုးမှ မင်းသား တစ်ပါးဟာ ကုဋ္ဌနူနာစွဲကပ်၍ တိုင်းပြည်မှ ထွက်ခွါလာခဲ့ပြီး ကလောပင်များပေါက်ရောက်ရာ ကလောတော ကြီးထဲ၌ တစ်ယောက်တည်းနေထိုင်နေခဲ့တယ်။ ထိုအချိန်မှာ ကပိလ၀တ်တိုင်းနိုင်ငံက သာကီဝင်မင်းသား၊ မင်းသမီး (၆)ယောက်တို့ရဲ့ အမကြီးဟာလည်း ကုဋ္ဌနူနာစွဲကပ်၍ တိုင်းပြည်မှ ထွက်ခွါလာခဲ့ပြီး၊ ထိုကလော တောကြီးထဲမှာပဲ ၀င်ရောက်နေထိုင်ခဲ့တယ်။ ထိုတောထဲ၌ သစ်ဥသစ်ဖုတို့ကိုစားရင်း ထိုမင်းသား၊ မင်းသမီး တို့ဟာ နူနာရောဂါမှ ပျောက်ကင်းခဲ့ကြတယ်။ ထိုနောက် ထိုမင်းသားကြီး၊ မင်းသမီးကြီးတို့ဟာ ထိမ်းမြား လက်ထပ်ခဲ့ကြတဲ့အခါ သားသမီးများ ထွန်းကားလာခဲ့ကြတယ်။ ထိုနောက်မြို့သစ်နန်းသစ်ကိုတည်ပြီး ကောလိယတိုင်းနိုင်ငံကြီးကို တည်ထောင်ခဲ့ကြတယ်။ ထိုသမိုင်းကို ရည်ရွယ်၍ ရွာသူ၊ ရွာသား လယ်သမား များက ကောလိယနိုင်ငံသားတွေကို အနူမျိုးတွေလို့ စွပ်စွဲပြောဆိုခဲ့ကြခြင်းဖြစ်တယ်။

အောက်ခြေလူတန်းစားများဖြစ်တဲ့ ရွာသူ၊ ရွာသား လယ်သမားများက တိရစ္ဆာန်မျိုးတွေ၊ အနူမျိုးတွေလို့ စွပ်စွဲပြောဆိုလာကြတော့ နှစ်ဖက်နိုင်ငံရှိ လယ်သမားတွေဟာ ရွာသူကြီးတွေကို တိုင်ပြော၊ ရွာသူကြီးတွေက မြို့သူကြီးတွေကို တိုင်ပြော၊ မြို့သူကြီးတွေက ခရိုင်ဝန်ကြီးတွေကို တိုင်ပြော၊ ခရိုင်ဝန်ကြီးတွေက နေပြည်တော်ရှိ ၀န်ကြီးအဆင့်ဆင့်ကို တိုင်းကြားတဲ့အခါ ရှင်ဘုရင်တွေပါ ထိုအရေးကိစ္စမှာ ပါဝင်လာပြီး နောက်ဆုံး နှစ်နိုင်ငံ စစ်ခင်းရမဲ့ အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့တယ်။

ထိုအချိန်မှာ မြတ်စွာဘုရား ထိုနေရာသို့ ရောက်ရှိတော်မူလာခဲ့ပြီး မြစ်အလယ် ကောင်းကင်ယံမှာ ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူလျှက် နှစ်ဖက်စစ်သည်များ အပြန်အလှန် မမြင်နိုင်အောင် တန်းခိုးတော်ဖြင့် နေ့ခင်းကြောင်တောင် အမှောင်ကြီးကျရောက်စေခဲ့ပြီး မြစ်ကြီးတစ်ခုလုံးကို အမှောင်ထုဖြင့် ဖုံးလွှမ်းထား လိုက်တယ်။ ထိုနောက် အမှောင်ထုလွှမ်းနေတဲ့ ကောင်းကင်ယံမှ ကိုယ်တော်ကို ထင်စွာပြလျှက် ရောင်ခြည်တော်ခြောက်ပါးကို လွှတ်တော်မူပြီး ကောင်းကင်းအရပ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူခဲ့တယ်။

နှစ်ပြည်ထောင်မင်းတို့သည် ဘုရားကို ထက်သန်သော ကြည်ညိုသဒ္ဓါစိတ်များ ဖြစ်ပေါ်လာကြပြီး ̏တစ်ဖက်ရန်သူက သူတို့ကို သတ်လိုက သတ်ပါစေ̋ ဆိုတဲ့ စိတ်ထားဖြင့် လက်နက်များကို စွန့်ပစ်ချကြပြီး မြတ်စွာဘုရားကို ရှိခိုး၍ လက်အုပ်ချီလျှက် နေကြတယ်။ ထိုအခါ မြတ်စွာဘုရားသည် ဝေဟင်မှ မြေပြင်သို့ တန်ခိုးတော်ဖြင့် ဆင်းသက်လာခဲ့ပြီး သဲသောင်ပြင်အရပ်ဝယ် ခင်းထားသောနေရာ၌ ထိုင်တော်မူပြီး ငြိမ်းချမ်းရေးတရားများကို ဟောကြားတော်မူခဲ့တယ်။

̏မြတ်သော မင်းအပေါင်းတို့ သင်တို့သည် အဘယ်ကြောင့် ဒီအရပ်ကို လာရောက်ကြကုန်သနည်း̋ဟု မေးတော်မူခဲ့တယ်။ ̏ဘုန်းတော်ကြီးမားတော်မူသော မြတ်စွာဘုရား။ တပည့်တော်တို့သည် ဒီရောဟိနီမြစ်ရေကို အကြောင်းပြု၍ နှစ်ဖက်ဖြစ်ပေါ်နေသော ပဋိပက္ခများအတွက် ဒီစစ်ပွဲကြီးကို ဆင်နွှဲရန် ဒီရောဟိနီမြစ်ရဲ့ သဲသောင်ပြင်အရပ်၌ ရောက်ရှိနေကြပါသည်ဘုရား̋ ဟု လျှောက်ထားကြတယ်။

̏မြတ်သောမင်းအပေါင်းတို့ … ရောဟိနီမြစ်ရေနှင့် သာကီဝင်မင်းမျိုးတို့ (၏သွေး)သည် မည်သည်က ပို၍ တန်ဖိုးကြီးသနည်း̋ ဟု မေးမြန်းတဲ့အခါ နှစ်ပြည်ထောင်မင်းများက သာကီဝင်မင်းမျိုးတို့၏သွေးက ပို၍ တန်ဖိုးကြီးကြောင်း တညီတညွတ်တည်း  လျှောက်ထားကြတယ်။

̏မြတ်သောမင်းအပေါင်းတို့ ဒီလိုဆိုလျှင် တန်ဖိုးနည်ပါးသော ရောဟိနီမြစ်ရေကို အမှီပြု၍ အဘယ် ကြောင့် တန်ဖိုးထိုက်တန်လှသော ခတ္တိယမင်း (သာကီဝင်မင်း) မျိုးတို့သည် အချင်းချင်း ဖျက်ဆီးရန် ကြံစည်ကြ ကုန်သနည်း̋ဟု မေးတော်မူပြီး ဇာတ်တော်ငါးခုကို ရောဟိနီမြစ်ရဲ့ သဲသောင်ပြင်ပေါ်မှာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ်။

̏မြတ်သောမင်းအပေါင်းတို့ … သင်တို့ကို ‘တိရိစ္ဆာန်မျိုး၊ အနူမျိုး’ဟု မည်သူက ပြောကြားခဲ့သနည်း။ မည်သူမျှတစ်ဦးတစ်ယောက်မျှ မည်သူကပြောကြားသည်ဆိုတာကို ဂဃနဏ မပြောနိုင်ကြပဲ ဆိတ်ဆိတ်နေခဲ့ကြတယ်။

̏မြတ်သော မင်းအပေါင်းတို့ … သင်တို့သည် သူတပါးပြောကြားသည့်စကားကို မစဉ်းစားပဲ ယုံကြည် ကြမည်ဆိုလျှင် ယုန်တစ်ကောင်၏ (မြေပြိုပြီ မြေပြိုပြီ ဟူသော) စကားကို ယုံကြည်မိကြ၍ သတ္တ၀ါအပေါင်း မဟာသမုဒြာတွင်းသို့ သက်ဆင်းလုနီးပါး ဖြစ်ခဲ့ကြရပြီး၊ ဆင်းရဲဒုက္ခ ရောက်ခဲ့ဖူးသော တိရိစ္ဆာန်အပေါင်းကဲ့သို့ ဖြစ်ကြပေတော့မည်ဟု မိန့်တော်မူပြီး – ဒုဒ္ဒုဘဇာတ်တော်ကို အကျယ်ဟောခဲ့တယ်။

̏အချင်းချင်းအထင်မှား၍ ငြင်းခုံမှုများ၊ တိုက်ခိုက်မှုများ ပြုလုပ်ကြမည်ဆိုလျှင် ကြို့ပင်အောက်၌ အိပ်ပျော်နေစဉ် ကြို့ပင်မှ သစ်ကိုင်းတစ်ကိုင်း ကျိုးကျခဲ့ပြီး သူ့၏ကျောကုန်း၌ ဖိမိခဲ့သည်ကို အကြောင်းပြု၍ ကြို့ပင်စောင့်နတ်ကို ရန်ညှိုးဖွဲ့ခဲ့သော ၀က်ဝံတစ်ကောင်နှင့်တူပေတော့မည်။̋ ဟု အစချီလျှက် ဖန္ဒနဇာတ် တော်ကိုလည်း ဟောတော်မူခဲ့တယ်။

ရှေးလွန်လေပြီးသောအခါက … ၀က်ဝံတစ်ကောင်သည် တောအရပ်၌ အစာရှာမှီးပြီး မောမောနှင့် ကြို့ပင်အောက်၌ အိပ်ပျော်နေစဉ် ကျောက်ကုန်းပေါ်၌ သစ်ကိုင်းတစ်ကိုင်းကျိုးကျမှုကို အကြောင်းပြု၍ ကကြို့ပင်စောင့်နတ်အား ရန်ငြိုးဖွဲ့ခဲ့တယ်။ ̏တစ်နေ့ ဒီကြို့ပင်စောင်နတ် ဒုက္ခရောက်စေရမယ်။̋ (အရိပ်ကို နားခိုပြီး၊ အပင်ကို ဖျက်ဆီးရန် ကြံစည်တဲ့ ကျေးဇူုးမသိတတ်သူများအတွက် သတိမူစရာ အချက်တစ်ခုဖြစ်တယ်။)

̏တစ်နေ့မှာ ၀က်ဝံဟာ သစ်ခုတ်သူ လက်သမားတစ်ယောက်ကိုတွေ့လျှင် အဘယ်အတွက် တော အရပ်ကို လာခဲ့သနည်း̋ဟု မေးမြန်းခဲ့တယ်။ ရထားအကွပ်ပြုလုပ်ရန် ကောင်းမွန်သောအသားကို ရနိုင်ဖို့ တောအရပ်ကို လာခဲ့တဲ့အကြောင်း ပြောပြသောအခါ … ။ ̏အဆွေ လက်သမား … ရထားအကွပ်ပြုလုပ်ရန် အကောင်းဆုံးအသားဟာ ကြို့သားဖြစ်တယ်၊ ကြိုသားကို ရအောင်ရှာပါ̋ လို့ တိုက်တွန်းလိုက်တယ်။ ကြို့ပင်က ဘယ်အရပ်မှာ ရှိနိုင်သလဲမေးတော့ – ̏အဆွေ … ကြိုပင်ကို အဝေးကြီးမှာ သွားရှာနေစရာ မလိုပါဘူး။ ဟိုမှာမြင်နေရတဲ့ အပင်ကြီးဟာ ကြို့ပင်ပဲ̋ လို့ဆိုပြီး ကြို့ပင်ရှိရာကို လက်ညှိုးညွှန်ပြလိုက်တယ်။

ထိုလက်သမားဟာ ၀မ်းသာအားရနှင့် ကြို့ပင်ကို ခုတ်လှဲ၍ လိုအပ်သော အပိုင်းအစလောက်ကိုသာ ဖြစ်တောက်ပြီး အိမ်ကို ပြန်သွားခဲ့တယ်။ ထိုအခါ ကြို့ပင်စောင့်နတ်သည် ၀က်ဝံသည် ငါ့အား အထင်မှား၍ ရန်ငြိုးဖွဲ့ခဲ့ပြီး ကြို့ပင်ကြီး ခုတ်လှဲစေခဲ့တယ်။ ̏ကြို့ပင်ကြီးလဲ၍ ငါ့ရဲ့ဗိမာန်လဲ ပျက်စီးခဲ့တယ်။ ငါ့ဗိမာန် ပျက်စီးရသလို သင်ဝက်ဝံလည်း ပျက်စီးစေရမယ်̋ ရန်ငြိုး ပြန်ဖွဲ့ခဲ့တယ်။ တစ်နေ့မှာ ကြို့ပင်စောင့်နတ်ဟာ  လုလင်တစ်ယောက်အသွင် ဖန်ဆင်းပြီး ၀က်ဝံအသားရေဖြင့် ရထားအကွပ်အ၀န်းကို ဖုံးအုပ်ခဲ့မယ်ဆိုရင် ထိုရထားအကွပ်ဟာ ကြာရှည်စွာ ခိုင်ခံ့တယ်လို့ လက်သမားအား တိုက်တွန်းခဲ့ပြန်တယ်။ ထိုအခါ ထိုလက် သမားသည် ထိုဝက်ဝံကိုသတ်၍ ရထားအကွပ်အဖုံးကို ပြုလုပ်ခဲ့တယ်။

̏မင်းအပေါင်းတို့ … အချင်းချင်း မညီညွတ်ခဲ့လျှင် ၀က်ဝံက ကြို့ပင်စောင့်နတ်ကို၊ ကြို့ပင်စောင့်နတ်က ၀က်ဝံကို အချင်းချင်း အပြန်အလှန် ရန်ညှိုးဖွဲ့ကြပြီး နှစ်ဦးစလုံး အကျိုးမရှိပဲ ဒုက္ခရောက်ခဲ့ကြတယ်။ သင်မင်းအပေါင်းတို့ဟာလည်း အချင်းချင်း မသင့်မတင့် မညီမညွတ် ဖြစ်နေခဲ့ကြမယ်ဆိုရင် ကြားလူများသာ အကျိုးအမြတ်များရပြီး၊ မင်းအပေါင်းတို့်ကတော့ ဒုက္ခတွေ အကြီးအကျယ်ရောက်ပြီး၊ ပျက်စီးကြရလိမ့်မယ်။̋

မင်းအပေါင်းတို့ … သင်တို့သည် ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်တို့လို အချင်းချင်း အထင်မမှားကြကုန် လင့်။ အချင်းချင်း ရန်မဖြစ်ကြပါကုန်လင့်̋ဟု တိုက်တွန်းတော်မူပြီး ညီညွတ်ရေးတရား (ဖန္ဒနဇာတ်တော်)ကို ဟောကြားတော်မူခဲ့တယ်။

သာကီဝင်မင်းအပေါင်းတို့အား အားကြီးသူ (ဆင်ပြောင်ကြီး) က အားနည်းသူ (ဗီလုံးငှက်မလေး)ကို မတရားသဖြင့် အနိုင်ကျင့်ခဲ့၍ ပညာနည်း၍ အားကြီးသော ဆင်ပြောင်ကြီး ဒုက္ခရောက် သွားခဲ့ရသော [လဋုကိက (ဗီလုံးငှက်မ)]ဇာတ်တော်ကိုလည်းကောင်း၊ စုစုပေါင်း ဇာတ်တော်ငါးခု (ရုက္ခဓမ္မဇာတ်၊ ၀ဋ္ဋကဇာတ်)နှင့် အတ္ထဒဏ္ဍသုတ္တန်တစ်ခုကိုလည်း ဟောကြားတော်မူခဲ့တယ်။

နှစ်ပြည်ထောင်မင်းတို့သည် တရားတော်ကို နားကြားရ၍ အချင်းချင်း နည်းလည်ခွင့်လွတ် ညီညွတ်ကြကုန်လျှက် မြတ်စွာဘုရားကို ကြည်ညိုသောသဒ္ဓါစိတ်ဖြင့် တစ်ဖက်လျှင် မင်းသားနှစ်ရာ့ငါးဆယ်စီကို  မြတ်စွာဘုရားအား လှူဒါန်းကြ၍ အားလုံးကို ရဟန်းပြုစေခဲ့ကြတယ်။ ထိုရဟန်းငါးရာစလုံး နောင်အခါမှာ  ရဟန္တာတွေ  ဖြစ်သွားခဲ့ကြတယ်။

ရောဟိနီနှင့် ဧရာဝတီ … ။ ထိုမြစ်ကမ်းနေ ပြည်သူ၊ ပြည်သားများသည် ရေမြေသဘာဝခြင်း၊ ယုံကြည် ချက်ခြင်း၊ ဓမ္မသွေးသားတော်စပ်ခြင်း- စသော အခြေခံအကြောင်းတရားများ တူညီနေကြ၍ ရောဟိနီမြစ်ကမ်း၌ ဟောခဲ့သော ငြိမ်းချမ်းရေးတရားများသည် ဧရာဝတီမြစ်ကမ်း၌လည်း ဟောရန်သင့်သော တရားများဖြစ် နေသည်ကို လေ့လာသုံးသပ်မိတယ်။ (နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေးစသော ပြဿနာများနှင့် စပ်လျဉ်း၍) အခြေအမြစ် မရှိတဲ့စကား၊ အချင်းချင်းသွေးကွဲစေတဲ့စကား၊ ခိုက်ရန်ဖြစ်စေမဲ့စကားများကို ဘယ်သူ ပြောပြော မယုံစားမိဖို့နှင့် အချင်းချင်းအကြား မနာလိုမှု ၀န်တိုမှုတွေ ဖြစ်နေပြီး၊ ပျက်စီးရာ ပျက်စီးကြောင်း များကို ကြံစည်နေကြမည်ဆိုလျှင်၊ လှုန့်ဆော်သွေးထိုးပေးနေကြမည်ဆိုလျှင် တခြားလူမျိုးများသာ အကျိုး အမြတ်တွေ ရသွားနိုင်ပြီး၊ မြန်မာပြည်သူ၊ ပြည်သားတွေ ဆင်းရဲဒုက္ခတွေနှင့် ကျန်နေရစ်ခဲ့မှာကို စိုးရိမ်မိတယ်။ မြန်မာပြည်သူ၊ ပြည်သားများ လေးလေးနက်နက် စဉ်းစားနိုင်ကြဖို့ပါ။

တစ်ချိန်က ရောဟိနီမြစ်ရေသည် သွေးရည်များနှင့် စီဆင်းလုနီးပါးဖြစ်ခဲ့ပြီး မြတ်စွာဘုရား၏ ငြိမ်းချမ်း ရေးတရားတော်ကြောင့် ယခုအချိန်အထိ ရေကြည်တွင် သွေးရည်ကင်းလျှက် တသွင်သွင် စီးဆင်းနေဆဲ ဖြစ်သလို၊ ဧရာဝတီမြစ်တွင်သို့လည်း သွေးရည်များ မစီးဆင်းစေပဲ ရှေးယခင်ကကဲ့သို့ တသွင်သွင် စီးဆင်းမြဲ စီးဆင်းနေနိုင်အောင်စောင့်ရှောက်ပေးဖို့ လူတိုင်းမှာ တာဝန်ရှိနေခြင်းပါ။

အေးမြနေဆဲဖြစ်တဲ့ ရောဟိနီမြစ်ရေကဲ့သို့… ။

ကြည်လင်နေဆဲဖြစ်တဲ့ ဧရာဝတီမြစ်ရေကို … မြန်မာနိုင်ငံတွင်းမှာ တည်တည်ငြိမ်ငြိမ်နှင့် တသွင်သွင် ထာဝရ စီးဆင်းနေနိုင်ဖို့။ အို … အမျိုးသားတို့ နိုးကြားကြလော … ။ စောင့်ရှောက်ကြလော … ။  ကာကွယ် ကြလော … ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ…။

ဒေါက်တာဓမ္မပိယ (ITBMU)

Photo credit – commons.wikimedia.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts