ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – တံတားနီက ခွပ်ဒေါင်းကြီး ကိုလှမျိုးနောင်

ကျော်ဟုန်း – တံတားနီက ခွပ်ဒေါင်းကြီး ကိုလှမျိုးနောင် 

(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၄

အင်းလျားကန်ဘောင် တံတားနီက ခွပ်ဒေါင်း၊

သေ့ဘောဘိုးက ခွပ်ဒေါင်း၊

(၈၈)မျိုးဆက်က ခွပ်ဒေါင်း၊

ရရာ ခွပ်ခဲ့တယ်၊

ယုံရာ ခွပ်ခဲ့တယ်။

မြို့ ပေါ်သတ်ကွင်းမှာလည်း ရဲ၊

တောကြီးမျက်မည်းထဲမှာလည်း ရဲ

နရသိန်ကျော့ကွင်းထဲမှာလည်း ရဲ

ကျော့ကွင်းအလွန်ရောက်လည်း ရဲ

သူ့ ရဲရင့်မှုတွေဟာ

ခေတ်ဆိုးသားကောင် ဘ၀တူတွေအတွက်

ပေးဆပ်ရဲဝံ့တယ်။

D – တိုက်ပွဲတွေကြားမှာ

သူ့ မျက်လုံးတဖက် အလင်းမဲ့

သူ့ ဘ၀နေထိုင်မှု အလင်းမဲ့

ခေတ်ဆိုးနရသိန်ပေးတဲ့

စစ်ဘီလူးအာဏာရှင်ပေးတဲ့

ဒဏ်ရာဗလပွတွေနဲ့ 

အဆွေခင်ပွန်းဖွဲ့ နေထိုင်ရင်းနဲ့  …။

သူမြိုချခဲ့တဲ့ စိမ်ရည်ခါးခါးတွေအကြောင်း

သူမာန်တကြွကြွနဲ့ ခွန်းထွက်အသံတွေအကြောင်း

သူအတန်တန် တခဲ့တဲ့ ဆန္ဒတွေအကြောင်း

ဘယ်သူ ဘာသာပြန်ထားကြပါလိမ့်မလဲ။

သူ့ ဆန္ဒတွေ မပြည့်ခင်မှာ

သူ့ ဝေဒနာတွေ ထွေးပွေ့ ရင်း

သူ့ နေရာကို သူရွေးသွားပြီ။

(မင်း ..သွားနှင့်တော့ သွားနှင့်တော့၊

နောက်မှ လိုက်ခဲ့မယ်နော် သူငယ်ချင်းရေ …)

မင်းတာဝန်ကျေခဲ့ပြီးပြီလေ

နောက်ဆံတင်းစရာ မလို၊

ခေါက်ခနဲ သေပျော်အောင်ကို

မင်း သမိုင်းတာဝန်ကျေခဲ့ပြီးပြီ၊

မင်း လိပ်ပြာက

မင်း သန္ဓေတည်ကတည်းက လုံပြီးသား။   ။

၂၇၊ နိုဝင်ဘာ၊ ၂၀၁၄။

 

                              


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts