သောင်းပြောင်းထွေလာ

မောင်ဥက္ကလာ – ကြက်မင်းသမီး၊ မှားချက်နဲ့ စူပါမင်း (ထွေထွေရာရာ ဤကမ္ဘာ)

မောင်ဥက္ကလာ – ကြက်မင်းသမီး၊ မှားချက်နဲ့ စူပါမင်း (ထွေထွေရာရာ ဤကမ္ဘာ)
(မိုးမခ) နိုဝင်ဘာလ ၂၄၊ ၂၀၁၄

ဤမြေကမ္ဘာ လူထဲကလူတွေရဲ့ မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာဖတ် သူ များအတွက် မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါသတင်းများသည် တကယ့်ဖြစ်ရပ်မှန်သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါ တယ်။ ဒါနဲ့ ပြီးခဲ့တဲ့အပတ်တင်ပြချက်မှာပါတဲ့ တရုတ်နိုင်ငံမှာ အမျိုးသမီးအလောင်းတွေကိုဖော်ပြီး သေသွားတဲ့ သားယောက်ျားလေးတွေ အတွက် သတို့သမီးအဖြစ် လက်ဆက်ပေးဖို့ ဝယ်ကြတယ်ဆိုတဲ့သတင်းကို တကယ်ဟုတ်မဟုတ် စာဖတ်သူတယောက်က မေးတယ်။ ပြောပြီးပါပြီ … တင်ပြချက်အားလုံးသည် အမှန်အကန်သတင်း ဖြစ်ရပ်မှန်တွေကို ပြန်လည်ရေးသားတင်ပြခြင်းဖြစ်ပါတယ်ဆိုတာ။ မြန်မာ အစိုးရလို လုပ်ကြံသတင်းများ ဖန်တီးတင်ပြနိုင်တဲ့အစွမ်း မရှိပါ။ ဒီစီးပွားရေးမျိုး ရွှေပြည်မှာလုပ်ဖို့ စိတ်ဝင်စားရင်တော့ ခရိုနီတယောက် ယောက်နဲ့ အမြန်ဆက်သွယ်လှုပ်ရှားကြည့်ပေါ့။

● ကြက်မင်းသမီး
အမေရိကန်ဆိုလို ရွှေပြည်မှာလို ကြက်တိုက်လောင်းကစားဝိုင်း မရှိဘူး မထင်နဲ့။ ဒီမှာ ကြက်တိုက်၊ ခွေးကိုက်၊ နွားဝှေ့ပွဲတွေလည်း ရှိပါ။ တရားဥပဒေအရတော့ ခွင့်ပြုထားတာမဟုတ်။ ဒါပေမဲ့ လူတွေပဲ ဥပဒေဆို ဘုရားဟော ဥပဒေပြောပြော၊ အစိုးရ (လူ) ရေးဆွဲထားတဲ့ ဥပဒေပဲပြောပြော ချိုးဖောက်ဖို့ အဆင်သင့်မဟုတ်လား။ တရားဥပဒေစိုးမိုးရေး ဘာဆိုဘာမှမရှိတဲ့ ရွှေပြည်မှာတော့ ကြက်ပွဲ လောင်း ကစားပွဲတွေဆို သူကြီးသားတွေ၊ လူကြီးသားတွေ၊ ကျေးလက်မြို့ရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးစီးလုပ်နေကြတော့ ဘယ်သူမှ မထိရဲဘူး ပေါ့။ ဒီဘက်ကမ္ဘာခြမ်းမှာလည်း ဖမ်းဆီးအပြစ်ပေးတဲ့ကြားက “ဝါသနာကို မတားနဲ့ရှင်” ဆိုသလို တိုက် ကိုက် ဝှေ့တာကို ကြိုက်တဲ့ သ ကောင့်သားတွေ ရှိတာပေါ့။ ဒီတကြိမ် အမေရိကန်နိုင်ငံ အနောက်ဘက် အော်ရဂန်ပြည်နယ်၊ ပေါ့ဒ်လန်းမြို့ (Portland) က ကြေးကြီး ကြက်ပွဲကို အထူးရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်ဖမ်းတော့ အိမ်ရှင်လောင်းကစားဒိုင်က ရိုမေနီးယားနိုင်ငံရဲ့ နန်းကျဘုရင် မိုက်ကယ်လ် တစ် (Michael I) ရဲ့  တတိယမြောက်သမီးတော် မင်းသမီး အိုင်ရီနာ ဝါးလ်ကား (Irina Walker) ဖြစ်နေတယ်။ သူ့ဖခမည်းတော် ဘုရင်ကြီး မိုက်ကယ်လ် ကို ၁၉၄၇ ခုနှစ်မှာ အာဏာရ ကွန်မြူနစ်အစိုးရက ထီးနန်းချခဲ့တယ်။

အသက် (၆၁) နှစ်အရွယ် မင်းသမီးက အခုလက်ရှိ ပေါ့ဒ်လန်းမြို့ မှာ ခင်ပွန်းဖြစ်သူ အမေရိကန်နိုင်ငံသား ရဲအရာရှိဟောင်း ဂျွန်ဝါးလ်ကား (John Walker) ဆိုသူနဲ့ နေထိုင်နေပြီး ကြက်တိုက် လောင်းကစားပွဲကို စီးပွားဖြစ်လုပ်ခဲ့ကြတယ်။ သူတို့တွေက ကြက်ပွဲလာကြည့်သူတွေကို တဦးကို ဒေါ်လာ (၂၀) ကောက်ခံပြီး၊ ကြက်တိုက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူတွေကို ကြက်တကောင်ကို ဒေါ်လာတထောင်သတ်မှတ်ပြီး ပြိုင် ပွဲဝင်စေခဲ့တယ်။ အနိုင်ရကြက်တွေအတွက် ဆုကြေးငွေက ဒေါ်လာတသောင်းမှ နှစ်သောင်းနီးပါးရှိတယ်။ (ဒီလောက်တောင်ရရင် နိုင်ငံ တကာ မယ်ပြိုင်ပွဲတွေကို မြန်မာအလှမယ်တွေလွှတ်မဲ့အစား အခွပ်ကောင်းတဲ့ မြန်မာတိုက်ကြက်တွေဝင်ပြိုင်ရင် ဆုရဖို့သေချာတယ်)။ ဒီလို ကြက်နဲ့စီးပွားရှာကောင်းနေတဲ့ မင်းသမီးတော်နဲ့ ကြင်ယာတော်တို့ အခုတော့ တရားမဝင် လောင်းကစားမှု၊ တိရစ္ဆာန်ညှဉ်းပန်းနှိပ် စက်မှုတွေနဲ့ ထောင်ဒဏ်နဲ့ငွေဒဏ် ဒေါ်လာနှစ်သိန်းပေးဆောင်ဖို့ တရားရုံးတော်က အမိန့်ချမှတ်လိုက်တယ်။ လောလောဆယ်တော့ ရိုမေ နီးယားနိုင်ငံမှာနေထိုင်နေတဲ့ အသက် (၉၃) နှစ်အရွယ် ဘုရင်ကြီး မိုက်ကယ်လ် ကျန်းမာရေးအခြေအနေဆိုးဝါးနေတာကြောင့် သမီဖြစ်သူ က နောက်ဆုံးသွားရောက်တွေ့ဆုံဖို့အတွက် နိုင်ငံတကာခရီးသွားလာခွင့်ကို တရားရုံကခွင့်ပြုလိုက်တယ်။ ကျုပ်တို့ ရွှေပြည်မှာတော့ တချိန် တခါက ရေမြေ့သခင်အရှင် ဗိုလ်ချုပ်ကြီးတွေကတော့ အင်္ဂလန်နိုင်ငံမှာ နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကိုသွားတွေ့ဖို့ ဇနီးဖြစ်သူကို ခွင့်မပေးခဲ့ဘူး။ အကယ်၍ထွက်သွားခဲ့ရင် ပြန်မလာနဲ့တော့လို့ မျိုးချစ်သူတို့တတွေကို စိတ်ရောကိုယ်ပါ ထောင်းထောင်းကျေအောင် လုပ် နေတဲ့အမျိုးသမီးလို့စွပ်စွဲပြီး အကြင်နာမဲ့စွာ တားမြစ်ခဲ့တဲ့လုပ်ရပ်ကို မှတ်မိလား။ အခုတော့ ဦးဗိုလ်တွေက ဘာမှမပြုမှုခဲ့သလို။ (သတင်း – NBC News)

● လက်ထိပ်ဖြုတ်နည်း
လက်ထိပ်ခတ် အဖမ်းခံရတယ်ဆိုရင် လက်ထိပ်ကို ပြန်ဖြုတ်တတ်လား။ ကျွမ်းကျင်သူတွေကတော့ စက္ကူညှပ်ကလစ်နဲ့ အလွယ်ဖြုတ်ကြ တယ်။ တကယ်တော့ သိပ်ခက်ခက်ခဲခဲ မဟုတ် – သိချင်ရင် ဒီမှာကြည့် – http://youtu.be/PeENLZYlJS4.

 

တခါတလေ ရဲက ကိုယ့်ကိုယ် ဖမ်းဆီးလက်ထိပ်ခတ်တာ မဟုတ်ဘဲ။ တက်ဆက်ပြည်နယ်၊ ကောလိပ်စခန်းမြို့(College Station) က အသက် (၁၉) နှစ်အရွယ် မိုက်ကယ်လ် လိုဂန် ဘရောင်း (Michael Logan Brown) လို သူငယ်ချင်းတွေနဲ့ ဆော့ကစား အပျော်လွန်ပြီး သူ့ညာဖက်လက်ကို သူငယ်ချင်းတွေက လက်ထိပ်ခတ်လိုက်ကြတယ်။ ဖြစ်ချင်တော့ ကောင်းနေကြတဲ့ မောင်ကောင်းတို့မှာ အဲဒီ လက်ထိပ် ကိုဖွင့်ဖို့ သော့မရှိကြဘူး။ လက်ထိပ်ကို ဘယ်လိုဖြုတ်မလဲဆိုတာကို ကောင်းကောင်းနဲ့ ဝိုင်းစဉ်းစားကြတယ် – လွှနဲ့ဖြတ်မလား၊ တူနဲ့ ရိုက်ထုမလား၊ မျက်လှည့်ဆရာ ခေါ်ဖြုတ်ခိုင်းမလား၊ မီးနဲ့ရှို့မလား စသဖြင့်ပေါ့။ ဘော်ဘော်တွေ အကြံကုန်တော့ ဉာဏ်ပွင့်သွားတဲ့ မိုက် ကယ်လ်က မနီးမဝေးက ရဲစခန်းကိုသွားပြီး “ကူညီပါရစေ” ပြည်သူ့ရဲကို သော့ဖွင့်ဖြုတ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ရဲစခန်းရောက်တော့ လက်ထိပ်မဖြုတ်ပေးခင် ရဲတွေက ဒီကောင်လေး ဘယ်သူဘယ်ဝါဆိုတာကို သူတို့ရဲ့  ကွန်ပြူ တာဘုတ်အုပ်ကြီးကိုဖွင့်ပြီး စစ်ဆေးလိုက်တော့ မိုက်ကယ်လ်ဆိုသူက သူတို့အလိုရှိနေတဲ့ ဝရမ်းပြေးလေး (မကြာသေးခင်က ကားမှန်တွေကို ရိုက်ခွဲဖျက်ဆီးပြီး ရှောင်တိမ်နေသူ) တယောက်ဖြစ်နေတယ်။ ပြီးတော့ မိုက်ကယ်လ်တယောက် လက်ထိပ်၊ ရဲနဲ့ အကျိုးပေးပုံများ ရဲတွေက ကောင်းနေတဲ့ သူကို သင်္ကာမကင်းဖြစ်လို့ သူ့ခန္ဓာကိုယ်ကို ဟိုနှိုက်ဒီနှိုက် ရှာဖွေလိုက်တော့ ဘောင်းဘီအိတ်ကပ်ထဲမှာရှိတဲ့ ဆေးခြောက် အထုပ်ကိုတွေ့သွားပြန်တော့ လက်ထိပ်ဖြုတ်ပေးစရာမလိုတဲ့အပြင် သံတိုင်နောက်ကို ပို့ပေးလိုက်တယ်။ တွေ့လား မိုက်ကယ်လ် တယောက် ဘယ်လို လက်ထိပ်ဖြုတ်လိုက်လဲဆိုတာ သိပြီလား။ ရွှေပြည်မှာတော့ လက်ထိပ်ကခတ်ရမယ့်လူတွေကို မခတ်ဘဲ၊ အပြစ်ကင်းတဲ့ အနာဂတ် လူငယ်တွေပဲ အခတ်ခံနေရတယ်နော်။ (သတင်း – The Eagle, Texas)

● ဆိုင်မှားသွားလို့
အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း မီရှစ်ဂန်ပြည်နယ် (Michigan)၊ ဟက်ထ်ဖို့ဒ်မြို့ (Hardford) မှာ နံနက် နှစ်နာရီလောက်အချိန် အရက်ဆိုင်တဆိုင်က ရေချိန်ကိုက်ပြီး ပြန်လာကြတဲ့ စုံတွဲက သူတို့ သောက်နေတဲ့ အရက်ဆိုင် စောစောစီးစီး ပိတ်သွားလို့ မကျေမနပ်ဖြစ်ကာ အိမ်ပြန်ရာလမ်းမှာ ဖွင့်နေသေးတဲ့ နောက်တဆိုင်ကိုဝင်ပြီး မော့ဖို့အတွက် မီးထိန်းထိန်းလင်းထွန်းပြီး စောင့်ကြိုနေတဲ့ဆိုင်တဆိုင်ရှေ့ကို ဒရောသောပါး မောင်းဝင်လာခဲ့တယ်။ ဆိုင်ထဲမှာထိုင်နေကြတဲ့ လူတွေက ညကြီးမိုးချုပ်မှ ဘယ်သူဘယ်ဝါတွေလဲ၊ ဘယ်လိုဖြစ်လာကြ သလဲဆိုပြီး စောင့်ကြည့်နေကြတယ်။ ကားမောင်းသူ အမျိုးသမီးက ကားရပ်ရမယ့်နေရာမှာ ပုံမကျပန်းမကျ ကားကိုထိုးရပ်လိုက်ပြီး ဒယိမ်း ဒယိုင် သိုင်းကွက်နင်းပြီး ကားထဲက ထွက်လာတယ်။ ဒါနဲ့ ဆိုင်ထဲက စောင့်ကြည့်နေသူတွေ ထွက်လာပြီး အမျိုးသမီးကို ကြိုဆိုလိုက်ကြတယ်။ တကယ်တော့ သူဝင်လာတာ အရက်ဆိုင်မဟုတ်ဘဲ၊ ရဲစခန်းဆိုတာကို ဧည့်ကြိုတွေကနှုတ်ဆက်မှ နည်းနည်းသတိထားမိတယ်။ အရက်အိုး ထဲကထွက်လာသလို အရက်နံ့ ထောင်းထောင်းထနေတဲ့ အသက် (၃၉) နှစ်အရွယ် ကိုကြီးကျော်ရဲ့  အမတော် မယ်ကြီးကျော် (April Dawn Loomis) ကို မူးပြီးမောင်းတဲ့အမှုနဲ့ ဖမ်းချုပ်ထားလိုက်တယ်။ နောက်တနေ့ အမူးပြေလို့ စစ်ဆေးတဲ့အခါ ရဲစခန်းထဲကို မောင်းဝင်လာတာ အရက်ဆိုင်မှတ်လို့ဆိုပြီး ရိုးရိုးသားသား ဝန်ခံဖြောင့်ချက်ပေးရှာတယ်။ သူလို့ နေရာမှားတာမျိုး ရွှေပြည်မှာလည်း ရှိပါတယ်။ ဘယ်သူမှ ရွေးမကောက်ဘဲ လွှတ်တော်ထဲရောက်နေကြတဲ့ လွှတ်တော်အမတ်ကြီးတွေနဲ့ စစ်ဗိုလ်တွေကတော့ လွှတ်တော်ကို ပိုက်ဆံရတဲ့ တည်ခိုခန်း မှတ်ပြီး တက်ရောက်ငိုက်နေကြတာ ကြည့်လေ။

အမေရိကန်နိုင်ငံမှာ အရက်ရောင်းဆိုင်တွေ၊ အရက်ဘားတွေ ည နှစ်နာရီဆို ပိတ်ကြတယ်။ တနင်္ဂနွေနေ့ဆို အရက်ဆိုင်တွေ မဖွင့်ကြပါ။ အရက်မူးနေပြီး ကားမောင်းရင် ဖမ်းဆီးထောင်ချ၊ ဒဏ်ငွေရိုက်ခံရမည်။ လူနေမြင်ကွင်းမှာ အရက်သေစာ သောက်စားမူးယစ်ခြင်း ခွင့်မပြု။ အသက် (၂၁) နှစ်အောက် အရက်ဝယ်ခြင်း၊ သောက်စားခြင်း ခွင့်မပြု။ အရက်ဝယ်ရင် အသက်ပြည့်မပြည့် မွေးနေ့သက္ကရာဇ် နဲ့ ဓါတ်ပုံပါ သက်သေခံ ID ကဒ် ပြရသည်။ (သတင်း – Michigan Live News)

● အတောင်ပံပါရင်
မိုးမခရဲ့ဘူမိနက်သန် ဆန်ဖရန်စစ္စမြို့မှာ အထပ် (၁၁) ထပ်အမြင့် အဆောက်အအုံတခုရဲ့မှန်ပြတင်းပေါက်တွေကို စွန့်စွန့်စားစား ဆေး ကြောသန့်ရှင်းနေတဲ့ အလုပ်သမားတယောက်  သူ့ကိုယ်မှာ ချည်နှောင်ထားတဲ့ လုံခြုံရေးခါးပတ်ကြိုးပြတ်ကာ ဝေဟင်ကနေ မဟာပထဝီ မြေကြီးဆီကို သက်ဆင်းကျရှာလေတယ်။ ဒီနေရာမှာ ကောင်းကင်က ကျဆင်းလာတဲ့ အပ်နဲ့ မြေပြင်ပေါ်ကအပ် ဘယ်လိုမှ ထိစရာအကြောင်း မရှိဘူးနော်။ ဒါပေမဲ့ ကံဆိုးသူမောင်ရှင် ပြတင်းပေါက် သန့်ရှင်းရေးသမားကတော့ မြေပြင်မှာ ပြေးမောင်းနေတဲ့ ကားတစီးပေါ်ကိုကျကာ ဒဏ်ရာရခဲ့ပေမဲ့ သေကံမရောက် သက်မပျောက် ရှင်သန်ခဲ့တယ် (လက်ရှိ ဆေးရုံမှာ ဆေးကုသခံယူနေတယ်)။ အရှိန်အဟုန်နဲ့ ဝုန်းကနဲ့ ကားပေါ်ကို သက်ဆင်းလာတဲ့ပုဂ္ဂိုလ်ကို မြေပြင်လမ်းပေါ်မှာ ဥဒဟို ဖြတ်သန်းသွားလာနေကြတဲ့ လူတွေက ရုတ်တရက် ရုပ်ရှင်တွေထဲကလို လင်းနို့လူသားလား၊ စူပါမင်းလား၊ ဂြိုဟ်သားလား … လားလားတွေနဲ့ အထိတ်တလန့် ပြူးတူးကြောင်တောင် ဖြစ်သွားကြတယ်။ နောက်မှ စူးစူးဝါးဝါး ငယ်သံပါနဲ့ ကြောက်လန့်တကြား အော်ဟစ်ပြီး ဝေဟင်ကနေ ပျံသန်ဆင်းသက်လာတဲ့သူမှာ မြင့်မားလှတဲ့ အထပ် (၁၁) ထပ် ကနေ ကျဆင်းလာတဲ့ အတောင်မပါတဲ့ လူသားဖြစ်နေတာကို သတိရကြပြီး ဝိုင်းဝန်းကူညီကြတယ်။ တကယ်တော့ မိုးမျှော်တိုက်တွေအပေါ် သက်စွန့်ဆံဖျား ဝမ်းစာရှာဖွေ လုပ်ကိုင်နေကြတဲ့ ကောင်းကင်ထက်က သန့်ရှင်းရေးသမားတွေ မကြာခဏဆိုသလို ခြေချော်လက်ချော်နဲ့ အသက်ဆုံးရှုံးမှုတွေ ရှိကြတယ်။ ဒီအထဲမှ ဒီပုဂ္ဂိုလ်ကတော့ ကံကောင်းလို့ မသေ သံချောင်းတို့အဖေ စူပါမင်း ဖြစ်တယ်။ မြေပြင်ပေါ်မှာ ရှေ့ ကားနောက်ကား မတိုက်အောင် သတိထားမောင်းနေတဲ့ ကားသမားလည်း ရင်တုန်ပန်းတုန်ဖြစ်တာကလွဲလို့ ဒဏ်ရာထိခိုက်မှုမရှိ။ ရွှေပြည် မှာတော့ ဒါမျိုးဖြစ်စရာ အကြောင်းမရှိ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို ချောက်ထဲမကျအောင် ကယ်တင်နိုင်တဲ့ တပ်မတော်ရှိနေလို့။ နိုင်ငံတော် အုပ်ချုပ်ရေးကို အမြဲတာဝန်ယူထားမယ့် တပ်မတော်ကြီးအနေနဲ့ “တိုင်းသူပြည်သားတွေ ဘယ်တော့မှ အမြင့်ကနေ (ချောက်) အောက်ကို ကျစရာမရှိ။ အောက်ကနေ အမြင့်ကိုလည်း တက်စရာမရှိ” ဆောင်ပုဒ်နဲ့ လုပ်ကိုင်ဆောင်ရွက်နေတာကို တွေ့နိုင်ပါတယ်။ (သတင်း – sfgate.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts