ကဗျာ ဖိုးထက်

ဖိုးထက် – မျိုးဆက်သစ် ထားရစ်ခဲ့ပြီလား ဆရာ

 

ဖိုးထက် – မျိုးဆက်သစ် ထားရစ်ခဲ့ပြီလား ဆရာ

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၄

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့တဲ့လား ဆရာ

အသစ်လဲ မတိုးတက်ဘူး

အဟောင်းလဲ စုတ်ပြတ်သတ်

အနာဂတ်ဆိုတာ မှုန်ဝါးဝါး

ဆရာ့ စေတနာ နားလည်ပေမယ့်

ခွင့်လွှတ်တော့ ဆရာ။

သရက်ထောင် ဖောက်စဉ်ကတဲ့လား ဆရာ

မြစ်ကြီးဘက်ကို ပြေးခဲ့သေးလား

အဖော်တွေနဲ့ ထိတ်စရာ၊ ပျော်စရာဘဲ နေမှာပေါ့

ကျွန်တော်တို့ ထောင်ကတော့ သိပ်ကြီးတယ်

ခွေး၊ ဒရ၀မ်၊ သူလျှို၊ ဒလန် အစုံရှိတဲ့ ထောင် ဆရာရဲ့

မြစ်လဲ သတိမရအားပါဘူး

ပျော်စရာလဲ မရှိပါဘူး

ခေတ်ဆိုးကြီးမှာ ပညာတတ်ဖြစ်ခဲ့တဲ့ ဆရာက

စနစ်ဆိုးကြီးထဲက ကျွန်တော်တို့ကို

မသနားပါနဲ့ ဆရာ။

လိမ်ဖယ်ဖယ် တီးပါ့မောင်ရယ် တဲ့လား ဆရာ

ကျွန်တော်တို့ကို ငါးဖယ်လို တေချင်တဲ့

လက်နက်အားကိုးတွေ ရှိတယ်

အာဏာအားကိုးတွေ ရှိတယ်

ကာယအားကိုးတွေ ရှိတယ်

ဇာတ်တူသား ကြိုက်လွန်းတဲ့ သူတွေ ရှိတယ်

ဆရာ့ မြန်မာစာအတန်းက တပည့်တွေလေ

တပည့် မကောင်း ဆရာ့ခေါင်း ဆိုတဲ့ စကားပုံ

ကျွန်တော်တို့ မကြားချင်ဘူး ဆရာ

ဒါပေမယ့် ဆရာ့ တပည့်တွေ သိပ်ယုတ်တယ် ဆရာ။

ဆရာ အာပေါက်အောင် သင်ခဲ့ပေမယ့် နားလည်ဖို့

ဥာဏ်ရည် မမြင့်ကြဘူး ဆရာရဲ့။

ကန့်ကူလက်လှဲ့ ဆရာ

ကျွန်တော်တို့ ဆရာ

စေတနာ သိပ်ရှိတဲ့ဆရာ

ရန်လုံတို့ အိမ်က ဆရာ

တန်ဖိုးကြီးတဲ့ ဆရာ

ထားခဲ့ပြီလား ဆရာ

ဆရာ ဘယ်ရောက်ရောက်

ဘယ်ဆီဘဲ နေပါစေ

ဆရာ ဘယ်သူဆိုတာ

ကျွန်တော်တို့သိတယ်

တပြည်လုံး သိတယ်

အသေလှပါဘိတော့

အို…ဆရာ။

ဖိုးထက်

(၂၅/၁၀/၂၀၁၄)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts