သူတို့အာဘော် မောင်ရစ်

မောင်ရစ် – မှန်မျက်နှာကျက်အောက်က ဖြစ်ရိုးဖြစ်စဉ်အသစ်

 

မောင်ရစ် – မှန်မျက်နှာကျက်အောက်က ဖြစ်ရိုးဖြစ်စဉ်အသစ်

အယ်ဒီတာ့လက်ရေး (၃၈)၊ အောက်တိုဘာ ၂၃၊ ၂၀၁၄

အင်္ဂလိပ်လိုကတော့ new normal လို့ သုံးပါတယ်။ ယခင်ကနဲ့ မတူတော့တဲ့ ဖြစ်ရိုးဖြစ်စဉ်အသစ် – new normal ပေါ့။ အရင်တုန်းက ဖြစ်ရိုးဖြစ်စဉ် (old normal) ဆိုတာ ဘာတွေလဲ … နိုင်ငံရေးအကျဉ်းသားတွေ ထောင်နဲ့ချီပြီး ရှိနေတာ၊ ကျီးလန့်စာစား နေ့နေ့ညည ကြောက်ရွံ့ စိုးရိမ်ထိတ်လန့်နေရတာ၊ အိုးအိမ်ရပ်ရွာ စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူတွေ အိမ်ပြန်မလာနိုင်သေးတာတွေက ယခင်တုန်းက ဖြစ်ရိုးဖြစ်စဉ်တွေပေါ့။ အခုတော့ ဒါတွေကနေ အပြောင်းအလဲတွေ ဖြစ်လာတော့ အခု ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းနေရတာက new normal တွေပေါ့။

New normal ဆိုတာက လုံးဝဥဿုံ ပိတ်ဆို့ကာဆီးထားတာ မရှိတော့သော်လည်း အတိုင်းအတာ တစုံတရာမှာတော့ဖြင့် အတားအဆီး အကန့်အသတ် ပိတ်ဆို့မှုတွေ ရှိနေတဲ့ကြားက နေထိုင်ရှင်သန်နေရမှု ဖြစ်ပါတယ်။ စာနယ်ဇင်းတွေ ထွန်းကားလာနေသော်လည်း အပြည့်အ၀တော့ အာမခံချက် မရှိသေး။ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ၊ အစိုးရတွေ ပေါ်ထွန်းလာသော်လည်း ဒီမိုကရေစီအတွက် စိတ်တိုင်းကျ မဖြစ်သေး။ စီးပွားရေး လူမှုရေး ပညာရေး လွတ်လပ်ခွင့်တွေ ပေးထားတယ်ဆိုသော်လည်း နိုင်ငံသားတိုင်းအတွက် ကွင်းပြည့်လူပြည့် ကစားခွင့် လုပ်ဆောင်ခွင့်တွေ မရှိသေး။ ဒါကတော့ ကျနော်တို့ရဲ့ ယခုမျက်မှောက် ဖြစ်ရိုးဖြစ်စဉ်အသစ်တွေပါ။

ဒီလိုဆိုတော့ နောက်ထပ် အင်္ဂလိပ်စာလုံး အသုံးတခု သတိရမိပြန်တယ်။ ကျနော်တို့မှာ glass ceiling ကြီး ခံနေတယ်ပေါ့။ မှန်နဲ့ ဖလ်နဲ့ လုပ်ထားတဲ့ မျက်နှာကျက်ဆိုတော့ ဟိုမှာဖက်ကို ဒိုးယိုပေါက် မြင်နေရသော်လည်း ထိုးဖောက် သွားရောက်ခြင်းငှာ မတတ်သာသေးတဲ့သဘောပေါ့ဗျာ။ အမေရိကန်လိုတိုင်းပြည်မှာတော့ အမျိုးသမီးတန်းတူအခွင့်အရေး လှုပ်ရှားသူတွေ သုံးတဲ့အသုံးပါ။ နယ်ပယ်အသီးသီးတွေမှာ ထိပ်တန်းခေါင်းဆောင်တွေက ကျားတွေချည်းဖြစ်နေတော့ မိန်းမတွေက ရှေ့တန်း ထိပ်ဆုံးကို တက်လို့မရဘူး။ ကြားထဲမှာ မမြင်ရတဲ့ အလွှာက (ကျား မ ခွဲခြားတဲ့ ရှေးရိုးစွဲ သမာရိုးကျ စိတ်ထားတွေ အယူအဆတွေ စနစ်တွေက) ခံထားတယ်။ တိုးမပေါက်ဘူး။ ဒါကို glass ceiling လို့ ပြောတယ်။ ဟီလာရီကလင်တန်က ၂၀၀၈ မှာ သမ္မတလောင်းအဖြစ် ၀င်ပြိုင်တော့ သူက break the glass ceiling – မှန်မျက်နှာကျက်ကို ဖောက်ထွက်ပစ်မယ်လို့ ကြွေးကြော်ခဲ့တယ်။ သို့သော် သူလည်း မတိုးနိုင်ခဲ့ပါဘူး။

အခုကျနော်တို့ မြန်မာပြည်အခြေအနေက ပြောင်းလဲနေတဲ့ အနေအထားမို့လို့ အရင်တုန်းကလို ပိန်းပိတ်အောင် မှောင်မည်းတဲ့ အမိုက်တိုက်ထဲ မဟုတ်တော့သော်လည်း အလင်းရောင်အောက်မှာ ထိုးဖောက်လို့ မရသေးတဲ့ glass ceiling တွေအောက်မှာ နေထိုင် ရုန်းကန် ရင်ဆိုင်နေရတဲ့ new normal လို့ ဆိုရမယ် ဖြစ်ပါတယ်။ အစိုးရနဲ့ လွှတ်တော်မှာ ၂၅ ကျပ်သား သော စစ်အုပ်စုတွေ ရှိနေတယ်။ စီးပွားရေးနဲ့ အထွေထွေသော သယံဇာတ အရင်းအမြစ်တွေဆီမှာ ခရိုနီလူတန်းစားတွေ လက်ဝါးကြီးအုပ်နေဆဲဖြစ်တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲ အစစ်အမှန် ဖြစ်မြောက်ရေးမှာလည်း စစ်အုပ်စုကျောထောက်နောက်ခံ တဖက်ပါတီနဲ့ အင်အားစုတွေက ကန့်လန့်ခံနေကြတယ်။

သည်တော့ ဟိုတုန်းကလို အဖြူအမည်း သဲသဲကွဲကွဲ ဖြစ်ရိုးဖြစ်စဉ်တွေကနေ ရုန်းကန်တော်လှန်နေရတာမျိုး မဟုတ်တော့ဘဲနဲ့ အဖြူ အမည်း ရောနှော ယှက်ခြယ်ထားတဲ့ အခြေအနေတွေထဲမှာ တိုးလို့ မပေါက်သေးတဲ့ အကာအရံ အတားအဆီးတွေကြားထဲကနေ လူးလွန့် ရုန်းကန်နေရတဲ့ new normal ဖြစ်ရိုးဖြစ်စဉ်အသစ် ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။ သည်လို new normal ထဲမှာ နေသားတကျဖြစ်လာတဲ့အခါ အပေါ်က စီးမိုးထားတဲ့ glass ceiling ကြီးကို မေ့လျော့ ပေါ့ဆသွားကြမှာလား။

            ကျောင်းသူကလေး ဖြူနှင်းထွေးဟာ လက်ပံ့တောင်းတောင် ပြည်သူတွေအတွက် ရပ်တည်ပြီး ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါတယ်။ ကိုထင်ကျော်တို့လို တက်ကြွလှုပ်ရှားသူတွေဟာ အဖိနှိပ်ခံတွေအတွက် အကျယ်လောင်ဆုံး အသံနဲ့ ဟစ်ကြွေး ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ သတင်းထောက်အချို့ဟာ စစ်အုပ်စု ကာရံတားဆီးထားတဲ့ မှန်နံရံ မျက်နှာကျက်ကို တဒေါက်ဒေါက် ခေါက်မိလို့ ထောင်သွင်း အကျဉ်းကျခံကြရပါတယ်။ မိကျောင်းကန်က မိဘပြည်သူတွေကလည်း သူတို့ရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို အစွမ်းကုန် ဆန့်တန်း ရုန်းထအုံကြွ နေကြတာပါပဲ။

၄၃၆ ပြင်ဆင်ရေးကို တောင်းဆိုလိုက်တာဟာ သူတို့ရဲ့ မှန်မျက်နှာကျက်ကို ဖယ်ရှားဖို့ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေက တန်းတူညီမျှမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို စွဲကိုင် လှုံ့ဆော်နေတာဟာ မှန်မျက်နှာကျက်ပေါ်က အခွင့်ထူးခံတွေကို လူထုကြားထဲ ဆင်းလာဖို့ အရေး မမေ့မလျော့ မဆုတ်မနစ် လှုပ်ရှားမှုတွေ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ သို့သော်လည်း သည်ကြားထဲမှာ မှန်မျက်နှာကျက်ကို ဖောက်ထွက်ဖို့ထက် လက်ရှိ ဖြစ်ရိုးဖြစ်စဉ်အသစ်ထဲမှာပဲ နေသားတကျ အေးရာအေးကြောင်း နေထိုင်ကြဖို့ နားချ ဝေဖန်မှုတွေကိုလည်း တွေ့နေရတာပါပဲ။

ကြားဖူးတဲ့ ပုံပြင်လေးတခုထဲကလို မှန်ပြတင်းကို အကြိမ်ကြိမ် တိုက်ပြီး ပျံသန်းလွတ်မြောက်ဖို့ ကြိုးစားတဲ့ ငှက်ကို မိုက်မဲတဲ့လုပ်ရပ်လို့ ပြောကြပေမယ့် သည်လိုနည်းနဲ့ပဲ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူတွေဟာ စစ်အာဏာရှင်တွေကို တော်လှန်ဖီဆန်ပြီး လွတ်မြောက်ရေးကို တိုက်ပွဲဝင်ခဲ့ကြရတာပါ။ ဖြစ်ရိုးဖြစ်စဉ် အဟောင်းတခုကနေ ဖြစ်ရိုးဖြစ်စဉ်အသစ်တခုကို ကူးပြောင်းသွားတာနဲ့ အပေါ်စီးက ရှိနေတဲ့ မှန်မျက်နှာကျက်အပေါ်ထပ်ကို မေ့လျော့ ပေါ့ဆထားလို့ မရပါ။

ယခင် old-normal ဆိုတုန်းက အသက်မရှုနိုင် မွန်းကြပ်ခဲ့ရ၊ အခု new normal  မှာတော့ အသက်ရှုချောင်လာကြရ။ သို့သော်လည်း glass ceiling ပိတ်ဆို့ထားသမျှတော့ လွတ်လပ်စွာ အားပါးတရ အသက်ဝအောင် ရှုခွင့် ရကြဦးမှာ မဟုတ်ပါဘူး။

၂၀၁၃ ခုနှစ်တုန်းက မြန်မာပြည် အပြောင်းအလဲကာလကို လမ်းခုလတ်တခုလို သဘောထားပြီး ရေးသားခဲ့ဖူးတယ်။ အခု ၂၀၁၄ ကတော့ လမ်းခွဲပါပဲ။ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဟာ မှန်မျက်နှာကျက်အောက်မှာ နေထိုင်နေကြရသူတွေဆိုတဲ့ ဖြစ်ရိုးဖြစ်စဉ်အသစ်မှာ မိမိတို့ကိုယ်မိမိ  တွေ့ရှိကြပြီးတော့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေကတော့ တို့ထိ ဖြတ်ကျော် ဖောက်ထွင်းလို့ မရသေးတဲ့ ဖန်မျက်နှာကျက်အပေါ်ထပ်မှာ သီးသန့်နေထိုင်ကြတယ် ဆိုတာကို ကွဲပြားရှင်းလင်းစွာ တွေ့ရှိလိုက်ရပါပြီ။ ပွင့်လင်းမြင်သာမှုတော့ ရှိပါရဲ့။ ကိုယ်ထိလက်ရောက် အရေးယူ ဆောင်ရွက် စွက်ဖက်ခွင့်မရှိတဲ့ ပွင့်လင်းမြင်သာမှုလို့သာ လက်ခံကြရတော့မှာလား။

ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာယကကြီး ဟံသာဝတီဦးဝင်းတင်ပြောကြားခဲ့တာကို ပြန်ပြောင်းကောက်နုတ် ဖော်ပြပြီး ဒီစာကို နိဂုံးချုပ်လိုက်ပါတယ်။

 

အာဏာရှင်စနစ်ကနေ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်အောင် ကွပ်ညပ်ပြီးတော့ ပိတ်ဆို့ပြီးတော့ လုပ်တာ။ အာဏာရှင်စနစ်ရဲ့ လမ်းခုလတ်ဖြစ်တယ်လို့ မြင်တယ်။ ဒီမိုကရေစီသမားတွေရဲ့ လမ်းခုလတ်မဟုတ်ဘူး။ အာဏာရှင်သမားတွေရဲ့ လမ်းခုလတ်ပဲ။ အဲဒီလမ်းခုလတ်ကို ငါတို့ ဘယ်လိုရင်ဆိုင်မလဲ။ ငါတို့က အဲသည်လမ်းခုလတ်ကနေ ခွဲထွက်ရမယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့ လမ်းခွဲဖြစ်ရလိမ့်မယ်။ အခုဟာက ညောင်ညိုပင်စခန်းမှာ သူတို့က ခဏလေး နားနေတာပဲ။ တိုင်းပြည်အတွက် အကြောင်းမထူးဘူး၊ နိုင်ငံရေးသမားတွေအတွက် အကြောင်းမထူးဘူး။ လူမှုရေးအတွက်လည်း အကြောင်းမထူးဘူး။ အပြောင်းအလဲတွေအတွက်လည်း အကြောင်းမထူးပါဘူး။ အာဏာရှင်စနစ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းပေါ်က လမ်းခုလတ်ကနေ လမ်းခွဲကြမှ ဖြစ်မယ်လို့ ထင်တယ်။ (ဟံသာဝတီဦးဝင်းတင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts