စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပခြုပ်ထဲမှ မြွေဆိုးတစ်ကောင် (Tu Maung Nyo)

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပခြုပ်ထဲမှ မြွေဆိုးတစ်ကောင်
တူမောင်ညို (၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက် )
“စစ်သားအမတ်” ၂၅%သည် လိုအပ်ချက်ဖြစ်သည်၊ အလျော့မပေးနိုင်ကြောင်း စစ်တပ်ပိုင်သတင်းစာတွင် ထုတ်ဖော်လာပြီ။
သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ဝင်ဆိုသူ ဦးသောင်းညွန့် သည်  “အထက်ညွန်ကြားချက်အရ” ဦးသောင်းညွန့် ဟူသော အမည် ၏ နောက်တွင် (အမျိုးသားညီလာခံ) ဟူသော အမြှီးတန်းလန်းတတ်လျက် နောက်တစ်ချီပွဲထွက်လာပြန်သည်။
          “ဦးသောင်းညွန့်”သည် “ဥပဒေစကားဝိုင်း”ကို အစိုးရပိုင်ရေဒီယို၊ ရုပ်သံများမှ  အောက်တိုဘာလ ၁၅ ရက်နေ့စတင် ထုတ်လွှင့် ခဲ့ပြီး၊ အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ အစိုးရပိုင်သတင်းစာများ (ကြေးမုံ၊မြန်မာ့အလင်း) တွင် အပိုင်းခွဲ၍  ဖော်ပြခဲ့သည်။ ထိုစဉ်က “ဥပဒေ စကားဝိုင်း” ကို စစ်တပ်ပိုင် မြဝတီသတင်းစာတွင်ဖော်ပြခြင်းမပြုခဲ့။
ယခုအခါသည် စစ်တပ်ပိုင် “မြဝတီသတင်းစာ” တွင်ဖော်ပြရမည့် အလှည့်ဖြစ်ပုံရသည်။ သို့ဖြင့် “ဦးသောင်းညွန့် (အမျိုးသား ညီလာခံ)” ဟူသော အမြှီးတတ်လျက် တစ်ကိုယ်တော်ပွဲထွက်လာသည်။
၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ အခြေခံဥပဒေ ၃ ခု “ နှိုင်းယှဉ်လေ့လာခြင်း” ဟု ခေါင်းစဉ်တပ်ထားသော်လည်း စစ်တပ်ပိုင်သတင်းစာ တွင်ဖော်ထုတ်လာသည့် အဓိကအာဘော်မှာ စစ်သားအမတ် ၂၅% သည် လိုအပ်ချက်ဖြစ်သည်/အလျော့မပေးနိုင် ဟူသောအချက်ကို ဖော်ပြခြင်းသာဖြစ်သည်။ ထို့အပြင် “၂၀၀၈ အခြေခံဥပဒေ”အရ စစ်တပ်သည် “အချိန်ကာလသတ်မှတ်ချက်ဖြင့်” အာဏာသိမ်းနိုင်ပြီး သိမ်းထားသောအာဏာကို သမ္မတထံသို့ “ ပြန်လည်လွှဲအပ်ရန် ပြည့်စုံသောမူများပါရှိသည်” ဟူ၍ပင် အမွှမ်းတင်ကာကွယ်ထားသည်။
အကြောင်းပြချက်များမှာ  ဤသို့ဖြစ်သည်။
“လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းသောင်းကျန်းမှုများကြောင့် ၁၉၄၈-၄၉ ခုနှစ်များက တစ်ကြိမ်၊ အာဏာရ ဖဆပလအဖွဲ့ ချုပ်အတွင်းအစိတ်စိတ်အမွှာမွှာကွဲကြပြီး အာဏာလု၊ လက်နက်စုကြဖြင့်သွေးချောင်းစီးလုနီး ၁၉၅၈-၅၉ ခုနှစ်များက တစ်ကြိမ်၊  ရှမ်း ပြည်နယ်ဖက်ဒရယ်မူလှုပ်ရှားဖြင့် ပြည်ထောင်စုကြီးပြိုကွဲလုဆဲဆဲ ၁၉၆၂ ခုနှစ်ကတစ်ကြိမ်၊ တိုင်းဆူပြည်ဖျက်ဆူပူမှုဖြင့် မင်းမဲ့စရိုက် လွှမ်းမိုးလာကာ ပြည်ပအင်အားကြီးနိုင်ငံတစ်ခုမှ ရေတပ်စစ်သင်္ဘောငါးစင်း မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသည့် အတွက်နိုင်ငံပြိုကွဲပြီး အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးလုဆဲဆဲ ၁၉၈၈ခုနှစ်ကတစ်ကြိမ်၊ တပ်မတော်ကနိုင်ငံကိုဝင်ရောက် ထိန်း သိမ်းကာကွယ်ပေးခဲ့ရသဖြင့် နောင်တွင်အလားတူအခြေအနေမျိုး ထပ်မံမကြုံရလေအောင်တပ်မတော်ကိုယ်စားလှယ်များက လွှတ်တော် များ ၌ ပါဝင် တင်ပြ၊ ဆွေးနွေး၊ အကြံပြု၊ တိုက်တွန်း၊ တားမြစ်ခွင့် ရှိစေသင့်ပါသည်” ဟူ၍ဖြစ်သည်။
ဤအကြောင်းပြချက် ၄ ရပ်ဆိုသည်မှာ (နဝတ-နအဖ)စစ်အစိုးရ က အစဉ်တစိုက် ပုံဖျက်ပြီးဝါဒဖြန့်ခဲ့သည့် အချက်များဖြစ် သည်။
၁၉၄၈-၄၉ ကိစ္စ ဆိုသည်မှာ အမျိုးသားညီညွတ်မှုပြိုကွဲသည့်ကိစ္စ (၁၉၄၆အောက်တိုဘာ၊ ဖဆပလ မှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ခြင်း၊ နု- အတ္တလီစာချုပ်၊ ၁၉၄၇ဇူလိုင်၊ အမျိုးသားခေါင်းဆောင်လုပ်ကြံခံရခြင်းစသည့် အခြေခံအကြောင်းတရားများအောက် တွင်) အာဏာရအုပ်စိုးသူများက သတင်းစာတိုက်များဖျက်ဆီးခြင်း၊  ကွန်မြူနစ်ပါတီဌာနချုပ်ဝင်စီးခြင်းစသော အကြမ်းဖက်ဖိနှိပ်သည့် ကိစ္စများ၏ နောက် ဆက်တွဲအကျိုးဆက်မျှသာဖြစ်သည်။
၁၉၅၈ – ၅၉ ကိစ္စမှာ ဗိုလ်နေဝင်းက ထိုစဉ်ကအာဏာရဝန်ကြီးချုပ်ဦးနုထံ စစ်ဗိုလ်  ၃ ဦး စေလွှတ် အကြပ်ကိုင်၍ အာဏာ သိမ်းခြင်းသာဖြစ်သည်။ ဦးနု၏ ပါးနပ်မှုကြောင့် (အမှန်တော့ ဦးနုသည် ၁၉၄၇အခြေခံဥပဒေကို လက်တစ်လုံးခြားလုပ်ခြင်းပင်) အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သာ “ပုဒ်မ ၁၁၆ ”ကို “ပြင်ဆင်”၍ “အိမ်စောင့်အစိုးရ(၁၉၅၈ စက်တင်ဘာမှ ၁၉၆၀  ဧပြီထိ) ” လုပ်ရခြင်း ဖြစ်သည်။
၁၉၄၇ခုနှစ်၊ အခြေခံဥပဒေ၊ ပုဒ်မ ၁၁၆ ကို ယင်းသို့လုပ်တစ်လုံးခြားလုပ်မှုကို သခင်ချစ်မောင်က “အခြေခံဥပဒေ၏ နှလုံးသား ကို ထုတ်ယူခြင်းဖြစ်သည်” ဟု ဝိဒူရဇာတ်ခင်းပြီး စစ်တပ်အာဏာသိမ်းမှုကို ပါလီမန်တွင်ဝေဖန်ခဲ့သဖြင့် ဝိဓူရသခင်ချစ်မောင်ဖြစ်လာ ခဲ့သည်။သို့သော်လည်း ၁၉၆၂ မတ်လ ၂ ရက် အာဏာသိမ်းပြီးနောက် ဆိုရှယ်လစ်အနံ့ညှော်သည့်ကာလတွင် ဝိဓူရသည် “ခွေးကတက်” သို့ ရောက်သွားလေ၏။
လမ်းပြမြေပုံကို အဆင့်တိုင်းတိုက်ဖျက်ရမည်၊ “၂၀၀၈ အခြေခံဥပဒေ”ကို လက်မခံ၊ ဆန့်ကျင်ကြောင်းပြောခဲ့ကြပြီး ယခုအခါ  “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲဝင်ကြမည့်သူများအတွက် အတိတ်သမိုင်းမှ သင်ခန်းစာယူစရာတစ်ခုဖြစ်သည်။
၁၉၆၂ ကိစ္စ၊  ရှမ်းပြည်နယ်က တင်ပြသည့် “ဖက်ဒရယ်မူလှုပ်ရှားမှု” ဆိုသည်မှာ ထိုစဉ်က တည်ဆဲဥပဒေဖြစ်သော  ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေဘောင်အတွင်းက အခြေခံဥပဒေနှင့်အညီလှုပ်ရှားမှုသာဖြစ်သည်။ တရားဝင် လှုပ်ရှားမှုဖြစ်သည်။ အာဏာရပါတီအပါအဝင် အတိုင်အခံပါတီများ၊ လူမျိုးစုပါတီများ စုပေါင်းဆွေးနွေးအဖြေရှာနေသည်ကို (၁၉၅၈ ကတည်းက) အကွက်ချောင်းနေသော ဗိုလ်နေဝင်းစစ်အုပ်စုက ၁၉၄၇ အခြေခံဥပဒေကိုဖျက်သိမ်းပြီး အပြီးအပိုင်အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။ တကယ်တော့ ၁၉၆၂ မတ်လ အာဏာသိမ်းမှုမှာ ဗိုလ်နေဝင်းစစ်အုပ်က ကြံရွယ်ချက်ရှိရှိ အာဏာသိမ်းပိုက်ခြင်းသာဖြစ်သည်။ ယင်းသို့ အာဏာသိမ်းနိုင်ရန် ဗိုလ်နေဝင်းစစ်အုပ်စုက ဆင်ကြံကြံခဲ့ကြပုံများကို “ကျွန်တော်သိသော တစ်ရံရောအခါများ” တွင် “ကိုကို မောင်ကြီး” (ဦးချစ်လှိုင်) က ရေးသားဖော်ထုတ်ထားသည်။
၁၉၈၈ ခုနှစ်ကိစ္စ၊ နှင့်ပတ်သက်ပြီး “တိုင်းဆူပြည်ဖျက်ဆူပူမှုဖြင့် မင်းမဲ့စရိုက် လွှမ်းမိုးလာကာ” ဆိုသော စကားလုံးအသုံး အနှုန်းနှင့်ပတ်သက်ပြီး “၈၈ မျိုးဆက်”ဟု မိဆိုင်ဖဆိုင်သဖွယ်၊ လိုင်စင်ခံဆိုင်းဘုတ်ချိတ်ထားသူများ မည်သို့ဝေဖန်ကန့်ကွက်အရေးဆို ကြမည်ကို သိလိုလှသည်။
 ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို သမ္မတကြီး(ဗိုလ်) ဦးသိန်းစိန်က “အသိအမှတ်ပြုသည်” ဟုဆိုနေကြသော်လည်း သမ္မတကြီး၏ဥပဒေဆိုင်ရာအကြံပေးကြီးက “တိုင်းဆူပြည်ဖျက်ဆူပူမှုဖြင့် မင်းမဲ့စရိုက်” လှုပ်ရှားမှုအဖြစ်ရေးသားဖော်ပြနေပါကလား။ သမ္မတကြီးက ဤသို့ သုံးခိုင်းသလော၊ ဤသို့သုံးသည်ကို သဘောကျခွင့်ပြုသလော။
အကြောင်းပြချက်၏ အနှစ်ချုပ်က ပို၍ပေါ်လွင်ပေသည်။ “နောင်တွင်အလားတူအခြေအနေမျိုး ထပ်မံ မကြုံရလေအောင် ” စစ် တပ်က စစ်သားအမတ်တွေပါဝင်နေရခြင်းဖြစ်သည်ဟုဆို၏။ ဆိုလိုရင်းအနှစ်သာရမှာ ခဏ၊ ခဏ အာဏာမသိမ်းရအောင် စစ်တပ်က ထာဝရအာဏာသိမ်းထားခြင်းဖြစ်သည်ဟူသော သဘောပင်။ သို့အတွက် စစ်သားအမတ်များကို လွှတ်တော်များတွင်ထားရှိရမည်။
“ယနေ့တပ်မတော်၏ အနေအထားသည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ခြင်းကို လိုလားနေသော အဖွဲ့အစည်းတစ်ရပ်ဖြစ် သည်” ဟုပင် ဆိုထားပေ၏။ မလိုလားတော့သည့်တစ်နေ့တွင်အာဏာသိမ်းမည်ဟူသည့်သဘောပင်။
“၁၉၄၇ အခြေခံဥပဒေ”  သည်  စစ်တပ်က အာဏာသိမ်းမှုဖြင့် ဖျက်သိမ်းခံခဲ့ရသည်။ “၁၉၇၄ အခြေခံဥပဒေ” ကို ဗိုလ်နေဝင်း စစ်အုပ်စုကစိတ်ကြိုက်ရေးဆွဲခဲ့ပြီး၊ (နဝတ-နအဖ) စစ်အာဏာသိမ်းမှုဖြင့် ပယ်ဖျက်သွားခဲ့ရပြန်သည်။ ယခုတဖန် “၂၀၀၈ အခြေခံဥပဒေ”  ကိုလည်း (နဝတ-နအဖ) စစ်အစိုးရက စိတ်ကြိုက်ရေးဆွဲ အဓမ္မအတည်ပြုခဲ့ခြင်းဖြစ်သည်။
 “၂၀၀၈ အခြေခံဥပဒေ”သည်“လမ်းလျှောက်တတ်ခါစအရွယ်” ဟုပြောနေသော်လည်း တကယ်တော့ စစ်အုပ်စုက စိတ်ကြိုက် မွေးထုတ်ထားသည့် “၂၀၀၈အခြေခံဥပဒေ”သည် မွေးကင်းစမြွေပွေး၊ မြွေဟောက်များငယ်များကဲ့သို့အဆိပ်ရှိပြီးအန္တရာယ်များလှပါသည်။
“၂၀၀၈ အခြေခံဥပဒေ” သည် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပခြုပ်” ထဲမှ မြွေဆိုးတစ်ကောင်သာဖြစ်သည်။ ဤသည်ကို မသိယောင်ပြု၍အချို့ကလက်နှိုက်စမ်းကြည့်နေကြပါသည်။ အချို့ကလည်း မိမိကိုယ်ကိုကျွမ်းကျင်သော မြွေအလမ္မာယ်ဆရာကဲ့သို့ ထင် မြင်ယူဆနေကြပြီး၊ မြွေဆိုးကို မြွေလိမ္မာ/မြွေကောင်း ဖြစ်လာစေရန် သင်ကြားပေး၍ရနိုင်လိမ့်မည်ဟု ထင်မှတ်မှားနေကြဆဲဖြစ်ပါသည်။
ယေးလ်တက္ကသိုလ်မှ ဥပဒေပါရဂူဘွဲ့ယူခဲ့သော ဒေါက်တာမောင်မောင်သည် “၁၉၄၇အခြေခံဥပဒေ”နှင့် “၁၉၇၄အခြေခံဥပဒေ” တို့ကိုတက်တက်ကြွကြွထောက်ခံခဲ့၏။ ကာကွယ်ခဲ့၏။ သူကိုယ်တိုင်ပင် “၁၉၇၄အခြေခံဥပဒေ” အရ ရက်တိုသမ္မတဖြစ်ခဲ့ဖူး၏။ သို့ပါ၍ ဒေါက်တာမနန်တူးဂျာသည်လည်းကောင်း၊ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်သည်လည်းကောင်း၊ နာမည်ကြီးစာရေးဆရာဦးကျော်ဝင်းသည် လည်းကောင်း တတ်သည့်ပညာမနေသာဆိုသလို အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကို အလုပ်အကျွေးပြုနေ ကြသည်မှာဘာမျှ မဆန်းကြယ်ပါ။
ပညာတတ်ခြင်းသည်ကောင်း၏။ ပညာကိုတန်းကုန်အောင် (ဒေါက်တာ/ပါရဂူ) တတ်ခြင်းသည် သာလွန်၍ကောင်းမွန်ပါ၏။ အဓိကအချက်မှာ သူသင်ကြားတတ်မြောက်သောပညာများသည် အုပ်စိုးသူအတွက်သက်သက်လော၊ အုပ်စိုးခံများ၊ အဖိနှိပ်ခံပြည်သူများ အတွက်လောဆိုသည့်အချက်သာဖြစ်သည်။
သို့ဖြင့် ယခုအခါ ပြည်တော်ပြန်/ပြည်တွင်းနေ ပညာတတ်အချို့သည် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပခြုပ်” အတွင်း ဝင် ရောက်ကာ  သူ့ထက်ငါဦး အလုပ်အကျွေးပြုနိုင်ကြစေရန် တန်းစီလျက်ရှိနေကြကုန်၏။
ညွန်း
– ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ မြဝတီသတင်းစာ၊  “၁၉၄၇ ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှိုင်းယှဉ်လေ့လာခြင်း”  ဦးသောင်းညွန့် (အမျိုးသားညီလာခံ)
– ၁၉၄၇ ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေ၊
-၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊
သရုပ်ဖော်ပုံ – ကာတွန်း လဂွန်းအိမ်၊ (သူစိတ်ပြောင်းသွားမှာပါ)၊ ဧရာဝတီ သတင်းဝက်ဆိုက်မှ ကူးယူသည်။