ကိုအောင်မှိုင်း ဝေဖန်ရေးရာ

ကိုအောင်မှိုင်း – ခြေတပေါင်ကျိုး အဘိဓမ္မာနဲ့ မျက်စေ့တဖက်ကန်း တော်လှန်ရေး

ကိုအောင်မှိုင်း – ခြေတပေါင်ကျိုး အဘိဓမ္မာနဲ့ မျက်စေ့တဖက်ကန်း တော်လှန်ရေး
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၄

ကျနော်တို့မြန်မာလူမျိုးအများစုဟာ အဘိဓမ္မာ လို့ဆိုလိုက်တာနဲ့ တွန့်သွားတတ်ကြပါတယ်။ အများစုက အဘိဓမ္မာဆိုတာ ဆရာတော် သမားတော်ကြီးတွေကိစ္စ၊ ပညာရှင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေကိစ္စလို့ တဖက်သတ်မှတ်ယူထားလေ့ရှိကြပါတယ်။ ငါတို့ဆင်းရဲသူဆင်းရဲသားတွေနဲ့ နဲနဲမှ မအပ်စပ်တဲ့ကိစ္စလို့လဲ ပြောလေ့ရှိကြပါတယ်။ ဒါဟာ အင်မတန်မှ မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ စာရေးသူအနေနဲ့   အဘိဓမ္မာဆိုတာ သက်ဆိုင်ရာလူတန်းစားအလိုက် အမြင်တွေဘဲဆိုတာ ရှင်းရှင်းပြောချင်ပါတယ်။

အလုပ်သမားတွေ လယ်သမားတွေစတဲ့ အခြေခံလူတန်းစားတွေမှာ သူတို့ဘ၀လွတ်မြောက်ဘို့ အဘိဓမ္မာတွေ အခိုင်အမာရှိသလို တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးတွေမှာလဲ ခိုင်မာတဲ့ အဘိဓမ္မာတွေရှိကြပါတယ်။ လူလတ်တန်းစားတွေဖြစ်တဲ့  ပညာတတ်တွေနဲ့  အခြေခံ လက်လုပ်လက်စား ကုန်သည်ပွဲစားလေးတွေမှာလဲ သူတို့အတွက်ကိုယ်ပိုင်အဘိဓမ္မာတွေ ရှိကြသလို အရင်းရှင်ကြီးတွေ ခရိုနီကြီးတွေမှာ လဲ ကိုယ်ပိုင်အဘိဓမ္မာတွေ ရှိနေတယ်ဆိုတာတွေ့ ရမှာဖြစ်ပါတယ်။

ဆင်းရဲသားတယောက်ဘာကြောင့်ဆင်းရဲတယ်ဆိုတာ ဆင်းရဲသားတိုင်းစဉ်းစားမိကြမှာပါ။ တချို့ ကတော့ရှည်ရှည်ဝေးဝေး စဉ်းစားကြတယ်။တချို့ ကတော့ တိုတိုတောင်းတောင်းပဲ စဉ်းစားမိကြတယ်။ ပိုက်ဆံမရှိလို့။ စာမတတ်လို့။ ငါ့အဖေကိုယ်တိုင်ကိုက ဆင်းရဲလို့။ အရင်ဘ၀က အလှုအတန်းမလုပ်ခဲ့လို့။ ဒီလောက်နဲ့ ရပ်ကြတယ်။ ငါ့ အဖေလဲဆင်းရဲတယ် ငါလဲဆင်းရဲတယ် ငါ့သားလဲဆင်းရဲဦးမှာဘဲ ။ ဒါဆိုရင် လူဖြစ်ရတာ တခုခုတော့မှားနေပြီလို့ပြောရတော့မှာပါ။ ဒါထက်နဲနဲလောက်ပိုစဉ်းစားရင် စစ်ဗိုလ်ချူပ်တွေ တအားချမ်းသာကြတယ်။ ဘာကြောင့်လဲ။သူတို့မိဘတွေချမ်းသာလို့လား။ လခကောင်း လို့လား။ ဒါထက်နဲနဲလောက် ပိုစဉ်းစားရင် ကိုယ့်ရပိုင်ခွင့်တွေဆုံးရှုံးတာတွေ၊ လူ့အခွင့်အရေးဆုံးရတာတွေစတဲ့ သွေးစုတ်မှုသဏ္ဍာန် တွေကို သိကိုသိလာမှာပါ။ ဒါတွေဟာ ဘ၀ထဲမှာဖြစ်နေတဲ့ အရှိတရားတွေ ဖြစ်ပါတယ်။

ဒါကြောင့် အဘိဓမ္မာဆိုတာ လူတန်းစားအကျိုးစီးပွါးကို တိုက်ရိုက်ဖေါ်ပြနေတဲ့ လူ့အဖွဲ့ အစည်းရဲ့ ပုံရိပ်တွေဘဲလို့ပြောလိုပါတယ်။

(အကြောင်းက အဘိဓမ္မာဆိုတာ လူမှုတိုက်ပွဲများနှင့် ခွဲခြားလို့ မရအောင်ဆက်စပ်နေတယ်။လူ့အဖွဲ့အစည်းအတွင်း လူသားတွေဟာ အဘိဓမ္မာနှင့် ကင်းလွတ်လို့ မရ။     (တော်လှန်သောအဘိဓမ္မာ-သ္ခင်မြသန်း))

လူတန်းစားအသီးသီး လူ့အလွှာအသီးသီးမှာ မိမိတို့နဲ့ သက်ဆိုင်တဲ့ အဘိဓမ္မာတွေကိုယ်စီရှိနေကြသလို စစ်အစိုးရတွေ စစ်အာဏာရှင် တွေမှာလဲ သူတို့အကျိုးစီးပွါးအခြေခံပေါ်က အဘိဓမ္မာတွေ အခိုင်အမာရှိနေကြတယ်ဆိုတာကို ကျနော်တင်ပြလိုရင်းဖြစ်ပါတယ်။

“တပ်မတော်အင်အားရှိမှ ပြည်သူအင်အားရှိမည်”

အတော်ကိုယုတ်ယုတ်မာမာ ပက်ပက်စက်စက်နဲ့  ပြည်သူလူထုကို ထာဝရကျွန်ပြုချင်တဲ့ ခြေတပေါင်ကျိုးအဘိဓမ္မာတခု လို့ပြောလိုပါ တယ်။ ခြေတပေါင်ကျိုးအဘိဓမ္မာလို့သုံးရတာက ဒီအဘိဓမ္မာကြောင့် သန်းချီတဲ့လူထုဟာ ဆင်းရဲအတိဒုက္ခရောက်ကြရပြီး လက်တွေ့အမှန်တရားက “ပြည်သူအင်အားရှိမှ တပ်မတော်အင်အားရှိမည်”ဆိုတာကို ပြောင်းပြန်လှန်ထားတဲ့အတွက်ဖြစ်ပါတယ်။ ဒီအဘိဓမ္မာကြောင့် ကလေးစစ်သားတွေကို တွေ့နေကြရတယ်။ အရပ်ထဲမှာ ခိုးဆိုးလုယက် ရမ်းကားနေတဲ့ ကလေကချေတွေဟာ စစ်တပ်ထဲမှာ တရားဝင်လက်နက်ကိုင်ပြီး ခိုးဆိုး လုယက်ခွင့်ရသွားကြတယ်။ လောဘရှိနေတဲ့ စစ်ဗိုလ်တွေဟာ ဒီလုပ်ရဲကိုင်ရဲတဲ့ လူရမ်းကားတွေနဲ့  တရားမ၀င်စီးပွါးရှာခွင့်တွေ၊ လုပ်ချင်တာလုပ်ခွင့်တွေ ရသွားကြတယ်။ စစ်တပ်ဟာ ကြာလာလေ မာဖီးယားဂိုဏ်းနဲ့ တူလာလေဖြစ်လာတယ်။ ကျနော် စစ်သားအားလုံး အရာရှိအားလုံးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အများစုကတော့ ဒီစနစ်အောက်က မလွန်ဆန်နိုင်ကြတာ အမှန်ဘဲဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်တွေဟာ တပ်မတော်အင်အားရှိမှ ဆိုတဲ့ခေါင်းစဉ်အောက်က လေယာဉ်ပျံတွေ စစ်သင်္ဘောတွေ လက်နက်တွေဝယ်ခွင့်ရသွားကြတယ်။ ဆိုလိုတာက ဒီအပေါ်ကနေ လက်နက်ပွဲစားတွေနဲ့ ပေါင်းပြီး ကော်မရှင်တွေ တနင့်တပိုး အိတ်ထည့်ခွင့်ရသွားကြတယ်။ လေယာဉ်ဆိုလဲ အဟောင်းဆေးသုတ်၊ စစ်သဘောင်္ဆိုလဲ အဟောင်းဆေးသုတ်၊ ကျန်တာတွေက တရုတ်လက်နက် … နိုင်ငံတကာမှာခေတ်မမှီတော့တဲ့ အစုတ်ပလုပ်တွေကို နွားမရွံ့ ပိတ်ပေးတာခံပြီး ၀ယ်ခဲ့ကြတယ်။ သူတို့အကျိုးရှိသလောက် လူထုစားမယ့် ထ္မင်းလုပ်တွေ အောက်ကို ပြုတ်ကြကုန်တယ်။ ဒီတော့ဘာဖြစ်သလဲ။ မူလတန်းတောင်ပြီးဆုံးအောင် စာဆက်မသင်နိုင်တဲ့ ကလေးတွေ ဗမာပြည်တပြည်လုံးဆို ၄၀ရာခိုင်နုန်းကျော်ရှိနေတယ်။ ဒီကလေးတွေဘဲ စစ်ထဲတွေရောက်ကြ။ စစ်သားတွေဖြစ်ကြ။ ဘယ်လိုလုပ် နိုင်ငံတကာစစ်ကို ဗမာ့တပ်မတော် ဆင်နွဲနိုင်မှာလဲ။ လူထုကလဲ ဆင်းရဲအတိဒုက္ခတွေနဲ့ဆိုတော့ စစ်တပ်ကို ကူနိုင်မှာမဟုတ်သလို၊ ကူချင်မှာလဲမဟုတ်ဘူး။ စစ်ဗိုလ်ချူပ်တွေနဲ့ ခရိုနီတွေအိပ်ကပ်ထဲကငွေ ဆိုတာကလဲ လူထုအတွက်ရော စစ်တပ်အတွက်ရော သုံးလို့ရတာမှ မဟုတ်တာဆိုတော့ တိုင်းပြည်လဲမွဲ၊ လူထုလဲမွဲ၊ စစ်တပ်လဲ လူစဉ်မမှီတဲ့ကိန်း ပါပဲဗျာ။

ပြည်သူအင်အားရှိမှ လူထုလဲ ချမ်းသာ တိုင်းပြည်လဲ တိုးတက် စစ်တပ်အတွက် အရည်အချင်း၊ အရည်အသွေးကောင်းတဲ့ ပညာတတ် တပ်မတော်သားကောင်းကြီးတွေ၊ စစ်ပစ္စည်းကောင်းတွေနဲ့  နိုင်ငံတကာမှာ ရင်ကော့ လက်မထောင်နိုင်မှာဖြစ်ပါတယ်။ အဲလိုမှမဟုတ် ရင်တော့ဗျာ ဗိုလ်ချူပ်အောင်ဆန်းပြောခဲ့သလို ဟိုလူကိုလဲ မျက်နှာသွေးရ၊ ဒီလူကိုလဲမျက်နှာသွေးရ၊ ဖာသည်နိုင်ငံဖြစ်လိမ့်မယ်ဆိုတာ … အခုအခြေအနေကိုများ ပြောနေသလားလို့ထင်ရတယ်။ တရုတ်လဲကြောက်ရ ကုလားလဲကြောက်ရ ထိုင်းဆိုလဲ ပထွေးကောက်တော်လိုက်ရ ပြောရရင်တော့ဗျာ စစ်ဗိုလ်ချူပ်တွေမှာ ရှက်ကြောများပြတ်နေကြသလားဘဲ။

“တပ်မတော်သည်အမိ တပ်မတော်သည်အဖ”

လူတိုင်းတွေ့မြင်နေကြ ဆိုင်းဘုတ်ဟောင်းတခုပါ။ စစ်အာဏာရှင်စနစ် သက်ဇိုးစေရှည်ဘို့ (တနည်းပြောရရင်) စစ်ဗိုလ်စစ်သားတွေကို ထာဝရကျွန်ပြုဘို့ စစ်ဗိုလ်ချူပ်တွေရဲ့  ကိုယ်ပိုင်အဘိဓမ္မာတခုပါ။ ပြောရရင်တော့ဗျာ။ ခြေတပေါင်ကျိုးအဘိဓမ္မာတခုပေါ့။ တပ်မတော်ဆိုတာဘယ်သူတွေလဲ။ သူတို့ပြောတဲ့တပ်မတော်အကြီးအကဲဆိုသူလား။ ဒါမှမဟုတ် ဗိုလ်ချူပ်တွေကိုပြောတာလား။ ရောချထားတာပေါ့ဗျာ။ စစ်သားတွေ စစ်ဗိုလ်တွေရဲ့ စိတ်မှာကို ဗိုလ်ချူပ်တွေရဲ့ ထာဝရကျွန်ပြုမှုကိုခံရတာဟာ တရားတယ် ဆိုတဲ့အယူအဆကို မလိမ့်တပတ်နဲ့  စစ်တပ်ထဲ ဆွဲသွင်းလိုက်တာပါ။ ဗိုလ်ချူပ်တွေ အမိန့်ပေးရင် ပြည်သူကို သတ်နိုင်တယ်၊ ရိုက်နိုင်တယ်၊ ထိုးကြိတ် နိုင်တယ်။ စစ်တပ်ရဲ့အဖေ၊ အမေအရင်းဟာ ငါတို့ဗိုလ်ချူပ်တွေဖြစ်တယ်။ လူထုဟာ စစ်တပ်ရဲ့ ရန်သူပဲ ဆိုတဲ့ အယူအဆပါ။ စစ်တပ်ဟာ သီးသန့်လူတန်းစားဖြစ်တယ်ဆိုတဲ့ ဒီအယူအဆကို တစိမ့်စိမ့်နဲ့ အောက်ခြေ၊ အရာရှိအရာခံ အကြပ်တပ်သားတွေရဲ့  ဦးနှောက်ထဲ သွတ်သွင်းခဲ့ကြတာဖြစ်ပါတယ်။ စစ်တပ်ကို ဦးနှောက်ဆေးကြောလိုက်တာပါ။

တကယ့်ဆောင်ပုဒ်က “ ပြည်သူသာအမိ ပြည်သူသာအဖ” ဖြစ်ပါတယ်။ ပြည်သူကို မိဘသဖွယ် လေးစားရမယ်။ ကျေးဇူးထားရမယ်။ပြည်သူကို ကူညီရမယ်။ ငါတို့ဟာ ပြည်သူကျွေးတဲ့ ထ္မင်းကိုစားနေကြတာဖြစ်လို့ ပြည်သူ့အကျိုးကို ဆောင်ရွက်ရမယ်ဆိုတဲ့  အသိကို ဖျောက်ချင်တော့ ပြည်သူအစား တပ်မတော်ဆိုတာ ထည့်ပြီး ယုတ်ယုတ်မာမာကို တပ်မတော်တခုလုံးကို လုပ်ကြံလိုက်တာပါ။ ဒါကြောင့် ကနေ့ ဗမာ့တပ်မတော်ဟာ ဦးနှောက်ဆေးတာ Brainwash လုပ်တာကို ခံနေရတဲ့ အဖွဲ့ အစည်းတခုဖြစ်နေပြီး စိတ်ဓါတ်အရ paralysis သွက်ချာပါဒလိုက်နေတာဖြစ်ပါတယ်။ တချို့ တပ်မတော်သားတွေဟာ သူတို့ရှေ့ မှာမြင်နေရတဲ့ လူထုဘ၀တွေနဲ့ သူတို့ဗိုလ်ချူပ်တွေရဲ့ လူနေမှုဘ၀တွေ သိပ်ကိုကွါခြားနေကြတာတွေ့တဲ့အခါ အတော်ကို နားမလည်နိုင်အောင်ဖြစ်နေကြပါတယ်။ အရာရှိငယ်တွေက ပိုဆိုးတာပေါ့။ လူထုကြည့်တော့လဲ စားစရာမရှိ စုတ်ပြတ်သတ်လို့ ။  သူ့တပ်ကြည့်တော့လဲ ဘောင်းဘီဖင်ပေါက်နဲ့ စာမတတ်ပေမတတ်ကလေးတွေနဲ့။ သူကိုယ်တိုင်ဘ၀ကလဲ တွေ့တဲ့လူ အဘ ခေါ်နေရတဲ့ဘ၀ ဆိုတော့ အတော်ကို ရှုတ်ရှုတ်ထွေးထွေးဖြစ်နေချိန်လို့ ပြောရမှာပါ။

ဒီဆောင်ပုဒ်တွေဟာ စစ်အာဏာရှင်တွေရဲ့ လူထုနဲ့စစ်တပ်ကို ထာဝရကျွန်ပြုချင်တဲ့ အဘိဓမ္မာက လာတာပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းကို  အကျိုးပြုတဲ့အဘိဓမ္မာတွေမဟုတ်လို့ ကျနော်တော့ ခြေတပေါင်ကျိုးအဘိဓမ္မာတွေလို့ပဲ ကင်ပွန်းတပ်ချင်ပါတယ်။ ဒီအတွေးအခေါ် အစုတ်အပြတ်တွေကိုပြင်ဘို့ အဓိကတာဝန်ရှိတာက တပ်မတော်သားတွေပါ။ လူထုကို စော်ကားချင်သလား။ လူထုကို ကူညီချင်သလား။ လူထုကို သတ်ချင်ဖြတ်ချင်တာလား။ လူထုကို ကာကွယ်ချင်တာလား။ ဘာကြောင့် စစ်ထဲဝင်ရတာလဲ။ ကိုယ်ကိုယ်တိုင် ရွေးချယ်ဘို့ပါ။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်။”  အခြေခံမူများ ပုဒ်မ – ၆ (စ)

ပထမဆုံးပြောချင်တာက စစ်တပ်က ရာစုနှစ်ဝက်လောက် နိုင်ငံအာဏာကို လက်နက်အားကိုးဓားပြတိုက်ရယူခဲ့ကြပြီးပါပြီ။ ဒီအတွက် ကျနော်တို့နိုင်ငံ ဘယ်လိုအခြေအနေမျိုးရောက်နေပြီလဲ။ စစ်ဗိုလ်ချူပ်တွေ ဘယ်လောက်ချမ်းသာသွားကြပြီလဲ။ ဒီမေးခွန်းလောက်နဲ့တင် စစ်တပ်က နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးခေါ်ခေါ် အမျိုးသမီးနိုင်ငံရေးပြောပြော ဘယ်နိုင်ငံရေးမှာမှ မပါဝင်သင့်တော့ပါဘူး။ ဟိရိသြတ္တပရှိကြရင် ရှက်တတ်ကြမယ်ဆိုရင်ပေါ့ဗျာ။ ဘယ်သူတွေ ဘာပြောပြော ငါရရင်ပြီးရောဆိုတဲ့ တဘို့ထဲစိတ်မျိုးတွေ မထားကြရင်ပေါ့ဗျာ။ နိုင်ငံရေးကနေ ကျေးဇူးပြုပြီး ခပ်ဝေးဝေးနေပေးပါလို့ဘဲ မေတ္တာရပ်ခံရမှာပါ။ စစ်တပ်က ဘာကြောင့် နိုင်ငံရေးမှာဦးဆောင်ချင်ရတာလဲ။ နိုင်ငံရေးကို ဦးဆောင်ဘို့ရောလိုသလား။ နိုင်ငံရေးကို ဦးဆောင်ဘို့ရော အရည်အချင်းရှိရဲ့ လား။ ခက်တာက စစ်ဗိုလ်ချူပ်တွေရဲ့ အကျိုးစီးပွါးကို ကာကွယ်ဘို့ အမျိုးသားနိုင်ငံရေးဆိုတာကို ဗန်းပြပြီး စစ်တပ်ကို ခုတုံးလုပ်၊ အသုံးချချင်တဲ့အဘိဓမ္မာက လာတာ ထင်ရှားနေပါတယ်။ ဒါတွေဟာ ခြေတပေါင်ကျိုးအဘိဓမ္မာတွေကလာတဲ့ ခြေတပေါင်ကျိုးအတွေးအခေါ်တွေပါ။ ပြည်သူကိုတကယ်ချစ်တဲ့ ပြည်သူတွေရဲ့ ဘ၀တွေကို တကယ်စာနာစိတ်ရှိတဲ့ တပ်မတော်သားတွေကိုယ်တိုင် ရာသက်ပန် စစ်အာဏာရှင်စနစ်သက်ဇိုးရှည်ဘို့ စစ်ဗိုလ်ချူပ်တွေ အကျိုးစီးပွါးကိုကာကွယ်ဘို့ ရေးဆွဲထားတဲ ဒီအဓမ္မအမိန့်တွေ ဥပဒေတွေကို ရိုက်ချိုးကြဘို့ တာဝန်ရှိပါတယ်။ ကနေ့ဗမာပြည်မှာ တိုင်းပြည်ကိုကယ်တင်မဲ့ သူရဲကောင်းတွေ တကယ်လိုအပ်နေချိန်ဖြစ်ပါတယ်။

မျက်စေ့တဖက်ကန်း တော်လှန်ရေး

ကျနော်တို့မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပါတ်သက်ပြီး စာလေးတစောင်တော့ ရေးဖို့လိုမယ်ထင်ပါတယ်။ လက်ရှိအခြေအနေကို မှတ်တမ်းတင်တာလဲ တမျိုးဖြစ်မှာပါ။ လက်နက်ကိုင်တော်လှန်ရေးကို ရည်ရွယ်တာပါ။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ လက် နက်နဲ့  မိမိရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်ကြတာပါ။ ရည်မှန်းချက်ကတော့ အမျိုးမျိုးရှိမှာပါ။ တိုင်းရင်းသားတော်လှန်ရေး တွေမှာ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ အဓိကရည်မှန်းချက်တွေဖြစ်ကြပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီလို ပါတီကြီးအတွက်ကတော့  ပြည်သူ့ဒီမိုကရေစီရည်မှန်းချက်တွေ အောင်မြင်အောင် လက်နက်နဲ့ တိုက်ပွဲဝင်ကြတာပါ။ ကျောင်းသားတပ်မတော်လို လက်နက်ကိုင်အဖွဲ့အစည်းအတွက်ကတော့ ဒီမိုကရေစီရည်မှန်းချက်အတွက် လက်နက်နဲ့ တိုက်ပွဲဝင်ကြတာပါ။ အဓိကအဘိဓမ္မာကတော့ ရန်သူကလက်နက်နဲ့ ဖိနှိပ်လို့ လက်နက်နဲ့ ခုခံကာကွယ်တာ တရားတယ်ဆိုတာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာလဲ ခုခံစစ်တွေ ဆင်နွဲခဲ့ကြတာ အထင်အရှားပဲဖြစ်ပါတယ်။ တော်လှန်ရေးကိုလဲ ဖြောင့်ဖြောင့်တန်းတန်းပဲ လုပ်ခဲ့ကြပါတယ်။ အခြေခံဒေသတွေ ကျယ်လာလိုက်၊ ကျဉ်းသွားလိုက်၊ ရှေ့ တိုးလိုက်၊ နောက်ဆုတ်လိုက် ဆိုတဲ့ ဖြစ်စဉ်အတိုင်း ချီတက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သဘောတရားအရလဲ မှန်ပါတယ်။ အဘိဓမ္မာအရလဲ မှန်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကနေ့အခြေအနေကတော့ ထူးခြားမှုရှိလာပြီလို့ ပြောရတော့မယ်ထင်ပါတယ်။

လူတွေဟာ မျက်စေ့နှစ်ဖက်လုံး မြင်မှ လမ်းလျှောက်ရတာ ဖြောင့်တန်းတယ်လို့ ဆိုစမှတ်ရှိပါတယ်။ မျက်စေ့တဖက် မမြင်ရတာနဲ့ လမ်းလျှောက်တဲ့အခါ ပြဿနာရှိတော့တာပါဘဲ။ ဘယ်ဘက်မျက်စေ့မမြင်ရရင် ဘယ်ဘက်မှာရှိတဲ့ ခလုပ်ကန်သင်းတွေကို တိုက်မိ ခိုက်မိလေ့ ရှိပါတယ်။ ဒီလိုဘဲ ညာဘက်မျက်စေ့မမြင်ရပြန်ရင်လဲ ညာဘက်ကခလုပ်ကန်သင်းတွေကို တိုက်မိ ခိုက်မိလေ့ရှိပါတယ်။ ဒီအခါမှာ လူကလဲ တဘုန်းဘုန်းလဲတော့ ကွဲတော့တာပါဘဲ။ ကျနော်အထင်တော့ တော်လှန်ရေးတွေ ကနေ့ တဘုန်းဘုန်းလဲပြီး၊ တအုန်းအုန်းကွဲကြတဲ့ အခြေအနေလို့ သုံးသပ်ရင်မှားမယ်မထင်ပါ။ အဓိကတော့ တော်လှန်တဲ့အဘိဓမ္မာ အားနည်းကြလို့လို့ ပြောရမှာပါ။

“စစ်တပ်က စစ်ဗိုလ်ချူပ်တွေ အကျိုးစီးပွါးကိုကာကွယ်နေသမျှ ဘယ်တော့မှ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်ပါဘူး”။ ဒါဟာ လက်တွေ့က လာတဲ့ အမှန်တရားပါ။ ဒီအတွက် မိမိရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် မိမိအင်အား၊ မိမိလက်နက်၊ မိမိလူထုနဲ့အတူ ခုခံစစ်အတွက် ဆက်လက် ပြင်ဆင်ကြရမှာပါ။ စစ်အုပ်စုက မီးစတဖက်၊ ရေမှုတ်တဖက်လုပ်နေကြတာပါ။ တဖက်က အပစ်အခတ်ရပ်စဲရေး၊ တဖက်က စစ်တိုက်ပြီး ချွေစစ်ကို ဆင်နွဲနေတာပါ။ အပစ်အခတ်ရပ်စဲရေးခေါင်းစဉ်အောက်မှာ ခေါင်းဆောင်အချို့ ကို ရက်ရက်ရောရော ပေးတာကမ်းတာတွေ လုပ်ပြီး  ခွဲထုတ်နေတာပါ။ တချို့ အ၀ယ်ခံလိုက်ရတဲ့ ခေါင်းဆောင်တချို့ က မိမိအဖွဲ့ အစည်းအတွင်း ခလောက်ဆန်တော့တာပါဘဲ။တချို့အဖွဲ့ တွေဆို တော်လှန်ရေးဆိုတဲ့ အသုံးအနုံးကိုတောင် စစ်အုပ်စုနဲ့ မျက်နှာပျက်မှာစိုးလို့ မသုံးဖို့အထိ လှုံ့ ဆော်ခံကြရတာ တွေ့ ရပါတယ်။

မိမိရည်မှန်းချက် အောင်မြင်ပြီလား။ အပစ်အခတ်ရပ်စဲရေး လုပ်တာနဲ့ ဒီမိုကရေစီရပြီလား။ ဒါမှမဟုတ် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ နိုင်ပြီလား။ အားလုံးဟာ မရေမရာဖြစ်နေချိန်ပါ။ ဒါထက်နဲနဲကြာလာတာနဲ့  ကျားသနားမှနွားချမ်းသာ ဆိုသလို စစ်အုပ်စုသနားမှ ထ္မင်းစားရမဲ့ အခြေအနေကို ရောက်ကြတော့မှာ သေချာသလောက်ပါဘဲ။ ဒီအခါ တော်လှန်ရေးလဲ မရှိတော့ပါဘူး။ ပြောစရာလဲ မလိုတော့ပါဘူး။ လက်နက် ချလိုက်ဘို့ပါဘဲ။ သီရိလင်္ကာမှာ စစ်တပ်က တမီးလ်ပျောက်ကျားတွေကို အပြတ်ရှင်းတာကို စစ်အုပ်စုက အားကျနေတယ်။ ဗမာပြည်မှာလဲ ဒီလိုဘဲ အပြတ်ရှင်းဘို့ ပြင်ဆင်နေတာဘဲ။ ဒီလိုရေးနေတာက ငြိမ်းချမ်းရေးကိုမလိုချင်လို့ မဟုတ်ပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဘို့ လိုပါတယ်။ ပဋိပက္ခရဲ့ ဘက်နှစ်ဘက်လုံးက ရိုးသားမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမှာပါ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမှလဲ တိုင်းပြည်တိုးတက် ကြီးပွါး ချမ်းသာမှာပါ။

ကနေ့စစ်အုပ်စုဟာ စစ်တပ်ပေါ်လစီကို နဲနဲမှလျှော့ပေးတာ မတွေ့ ရဘူး။ တိုင်းပြည်ရဲ့  အုပ်ချူပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ စတဲ့ အာဏာကြီး ၃ရပ်ကို ကိုင်ပြီး လူထုကို ပက်ပက်စက်စက် နှိပ်ကွပ်နေတုန်းပါဘဲ။ ကနေ့ စစ်တပိုင်းအစိုးရက အမိန့်တွေကို လျှော့လိုက်တင်းလိုက်နဲ့ စစ်တပ်လိုပါဘဲ။ စစ်တိုက်လိုက် အပစ်အခတ်ရပ်စဲရေးလုပ်လိုက်နဲ့ ချွေစစ်ကိုကျင့်သုံးသလို နိုင်ငံရေးသမားတွေကိုလည်း ချွေစစ်ကျင့်သုံးနေတဲ့ပေါ်လစီအဆက်လို့ ပြောလိုပါတယ်။

ကနေ့အခြေအနေက တချို့ တော်လှန်ရေးအဖွဲ့ အစည်းတွေ မျက်လုံးတဖက်ကန်းကုန်ကြပြီး၊ တချို့ဆို စုံလုံးကန်းလို့ ခေါင်းဆောင်ဆိုသူတွေ စစ်တပ်မှာ ဗိုလ်မှုးကြီးတွေ၊ ဘာတွေတောင်ဖြစ်ကုန်ကြတာတွေ့နေရတော့ … မျက်လုံးတဖက်ကန်းဖို့ တာစူနေသူတွေ၊ စုံလုံးကန်းဖို့ တာစူနေသူတွေအတွက် တော်လှန်ရေးသတိရှိကြဘို့နဲ့  စစ်တပ်ကိုယ်တိုင်လဲ ရိုးသားဖြောင့်မတ်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မှာဖြစ်ကြောင်းပါဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကိုအောင်မှိုင်း – ခြေတပေါင်ကျိုး အဘိဓမ္မာနဲ့ မျက်စေ့တဖက်ကန်း တော်လှန်ရေး
  1. Dear Ko Aung Hmaing..Excellent writing. Wish you to write more..Anyway, i did not see those slogan anymore in public. It is inside the room. We must take picture those signboards and post in web/facebook. Thanks

  2. အားလုံးလိုလိုဒီထဲက နိုင်ငံရေးဆောင်းပါးကို ဖတ်ရတာဗဟုသုတရပါတယ် နှောင်လည်းအဆက်မပြတ်အားပေးသွားမယ်လို့

Comments are closed.