ဝတ္ထုတို

ညိုထက်ညို – စိတ်ကို စွဲလမ်းစေတတ်သော (၀တ္ထုတို)

ညိုထက်ညို – စိတ်ကို စွဲလမ်းစေတတ်သော (၀တ္ထုတို)
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၄

ပန်းဆိုးတန်းထိပ်ရှိ Panorama ဟိုတယ်ဧည့်ခန်း ထဲတွင် သူ နန်းကို ပြန်တွေ့လိုက်ရတော့ စပို့ရှပ် အဝါနုရောင် ကလေးနှင့် ဘောင်းဘီ မီးခိုးရောင်ဖျော့ဖျော့ ကလေး ဝတ်ထားသော နန်းက ဟိုတုန်းကအတိုင်း ဖြူဖြူဖွေးဖွေး သေးသေးသွယ်သွယ်နှင့် ပခုံးစွန်းကျော်ကျော် ဆံနွယ်ကလေး တွေကို ရှေ့မှာ ချချ ထားတတ်သည့် အပြုံးသဲ့သဲ့ ကလေး တွေကို နှုတ်ခမ်း တွန့်ခေါက်တောင်တန်း ပန်းရောင် ကလေးတွေ ပေါ်မှာ အရိုးခံ လိမ်းကျံ ထားတတ်သော တရုတ်မ ကလေး ဖြစ်မြဲ ဖြစ်နေသည်။  နှစ်ကာလ အလွှာတွေက ပို့ချသည့် အနယ်အနှစ်တွေ နန်း အပေါ် စွန်းထင်း ခဲ့ပုံမရ။ တခုပဲကွာတာက ဟိုတုန်းကလို မဟုတ်ဘဲ နဂိုဖြူသော အသားအရေ ပေါ်တွင် ရေခြားမြေခြားအရောင် ဝင်းလဲ့လဲ့ ကလေးက မြင်နေရသည့် နန်း လက်သွယ်သွယ်လျလျကလေးတွေပေါ်မှာ ခြောက်နှစ်စာလောက် တဖျတ်ဖျတ် ယှက်သမ်းနေခြင်း ဖြစ် သည်။ သူ နန်းကို …

နန်း နေကောင်းလားဗျ။ မတွေ့တာ ကြာလှပြီ … ဟု နှုတ်ဆက်လိုက်တော့ နန်းက ….

… ကောင်းတယ် ကိုဝေမိုး၊ မနေ့ကမှ ရောက်တာ။ အဲဒါ ကိုဝေမိုးကို အစ်ကိုပေးလိုက်တဲ့စီဒီတွေပေးမလို့ ဖုန်းဆက်လိုက်တာ ကိုဝေမိုးတို့ကော နေကောင်းလား … ဟု နန်းကပြောရင်း သူတို့ ဟိုတယ်ဧည့်ခန်းရှိ ဧည့်သည်များထိုင်ရာဖြစ်သော ဆိုဖာနှစ်လုံးပေါ်မှာ ထိုင်ပြီးစကား အနည်း အကျဉ်း ပြောဖြစ်ကြသည်။ လွန်ခဲ့သည့် ခုနစ်လ ရှစ်လလောက်က မြန်မာပြည်ကို တခေါက်ပြန်လာခဲ့သေးသော နန်းအစ်ကို သူ့ သူငယ်ချင်း နှင့်တကွ အခုထက်ထိ ပြန်မလာနိုင်သေးသည့် နန်း အဖေ အမေတွေအကြောင်း သူ နန်းကို မေးသည်။ ပြီးတော့ နန်းက သူ့ကို နန်း အစ်ကို သူ့သူငယ်ချင်းပေးလိုက်သည့် စီဒီထုပ်ကလေး လှမ်းပေးသည်။ သူ နန်းပေးသောစီဒီထုပ်ကလေးကိုလှမ်းယူရင်း ပြုံးမလို နှုတ်ခမ်း ကလေး တွေနှင့် နန်းကို နှုတ်ဆက်လိုက်သည်။ Panorama က သူပြန်ထွက်လာတော့ အင်္ဂလန်နှင့် ပါရာဂွေး ပထမပိုင်း ပြီးခါနီးအထိ ဂိုးမသွင်းနိုင် သေးဘဲ သရေဖြစ်နေသည်ကို လက်ဖက်ရည်ဆိုင် တဆိုင်ထဲတွင် ဖွင့်ထားသည့် တီဗွီဖန်သားပြင်ပေါ်တွင် ရိပ်ခနဲတွေ့လိုက်သည်။

နောက် သုံးလေးရက်လောက်တော့ သူ နန်းနှင့် မတွေ့ဖြစ်။ နန်းကိုင်ထားသော လက်ကိုင်ဖုန်း နံပါတ်ကိုသိသော်လည်း  သူ ကမ္ဘာ့ဖလားပွဲ တွေ ရိုက်ရင်းကြည့်ရင်း အလုပ်ရှုပ်နေ တာက တကြောင်း၊ ရောက်စမို့ နန်းလဲ နားချင် နားလိမ့်ဦးမည် ထင်ထားတာက တကြောင်းကြောင့် သူ မခေါ်ဖြစ်။ သို့သော် နန်းဆီက ဖုန်းဝင်လာတော့ သူ နန်း ကို အားနာသွားပြန်သည်။ သူ ပျက်ကွက်သလို ဖြစ်သွားပြီလား  သူတွေးနေရင်း နန်းဆီ ရောက်သွားသည်။ အင်္ကျီအဖြူရောင် လက်ပြတ်ကလေးနှင့် သွယ်သွယ်လျလျ ဂျင်းဘောင်းဘီလေးဝတ်ထားသည့် နန်းကလဲ သူ့ကို ပြန်အားနာနေလားမသိ။ သူ နန်း အနေမကြုံ့စေရန် ဟိုဟို သည်သည် ပြောပြီး ထိုနေ့ တနေ့လုံး နန်း သွားချင်သည့် နန်း သူငယ်ချင်း တွေဆီ လိုက်ပို့ရသည်။ နန်းတို့ မောင်နှမနှစ်ယောက်နှင့် သူက တကျောင်းတည်းထွက်မို့ နန်း သူငယ်ချင်း တွေထဲက တချို့က သူ နှင့် နန်း အစ်ကို ကျောင်းနေဖက်များ၏ ညီမတွေ ဖြစ်နေသည်။ ရေကျော်တဝိုက်တွင်ရှိသော နန်း သူငယ်ချင်းအိမ်တွေ လှည့်ပို့ပြီးနောက် ရွှေဘုန်းပွင့် ဘုရားနား ပြန်အရောက် သူ နန်းနှင့် နန်း သူငယ်ချင်းကို နန်းက နိုင်ငံခြားမထွက်မီ သည်နားတဝိုက်မှာ နေခဲ့သောကြောင့် ရောက်တုန်း ရောက်ခိုက် ကိုယ့်မြို့ကိုယ့်ရွာက ဘုရားကို ဖူးစေချင်သောစိတ်ဖြင့် ရွှေဘုန်းပွင့် ဘုရားဝင်ဖူးရန် တိုက်တွန်းမိသည်။ သူ ကမ္ဘာ့ဖလား ဘောပွဲဈေးတွေ ဖုန်းဖြင့်မေးရင်း  ကျုံ့ကျုံ့ရုံ့ရုံ့ကလေးထိုင်ကာ ဘုရားဝတ်ပြုနေသော မြန်မာဆန်နေသေးသည့် နန်း ကို ငေးနေမိသည်။

နောက်တပတ်မှာတော့ နန်းနှင့် နန်းသူငယ်ချင်းများ ခရီးထွက်ရန် သူစီစဉ်ပေးရသည်။ နန်း ကတော့ ခရီးထွက်ရတော့မှာမို့ ယုန်မကလေးလို ခုန်ဆွခုန်ဆွ ဖြစ်နေသည်။ နန်း တို့ ခရီးက မန္တလေး၊ မေမြို့၊ ပုဂံ သို့ ဖြစ်သည်။ သူ့အသိ ကုမ္ပဏီ တခု ထံမှ ပေါင်မုန့် ကားတစင်း သူ ငှားပေးလိုက်သည်။ နန်းတို့ မနက်ထွက်သွားပြီး ညဘက် သူဘောပွဲတွေကြည့်နေတုန်း လက်ကိုင်ဖုန်းမြည်လာလို့ ဖုန်း ကောက်ကိုင် လိုက်တော့ နန်းဆီက ဖြစ်နေသည်။ သည်တော့မှ နန်းတို့ မိတ္ထီလာ မြို့တွင် ကားပျက်နေကြောင်း သူသိရပြီး သူကုမ္ပဏီကို ဖုန်း လှမ်းဆက်ရသည်။ တဖက်မှလဲ နန်းဆီ ကြိုးဖုန်းဖြင့် ပြန်ခေါ်ရသည်။ သူ နန်းနှင့် ကုမ္ပဏီအကြား တနာရီလောက် ဖုန်းနှစ်လုံးဖြင့် အလုပ်များပြီးမှ ကားလဲလှယ်ပေးမည့် ကိစ္စ ပြီးပြတ်သွားသည်။ သည်တညတော့ နန်းကို မိတ္ထီလာမှာပဲ တည်းခိုခန်း သန့်သန့် ရှာတည်းဖို့ တပါတည်း ပြောလိုက်ရသည်။

မေမြို့က တခါ ပုဂံ က တခါ နန်း ဆီက ဖုန်းရအပြီး နောက် လေးငါးရက် လောက် နေ၍ နန်း တို့ ပြန်ရောက်လာတော့မှ သူ နန်းတို့ လမ်းခရီး အဖြစ်အပျက်စုံကို သိရသည်။ အဆင်မပြေတာတွေကော ပြေတာတွေကောက အခုတော့လည်း ရယ်စရာလို ဖြစ်နေသည်။ တပတ်လောက် နေပူထဲတွင် ခရီးသွားခဲ့သော်လည်း နန်း အသားအရေ လေးကတော့ ရဲရဲတင်းတင်း ဝင်းမြဲဝင်းလျက် ဖြစ်ကြောင်း သူ တွေ့သည်။ သူ နန်းကို ဘယ်သွားဦးမလဲ မေးတော့ တပတ်လောက် အရင်နားလိုက်ဦးမယ်၊ ပြီးမှ နောက်ခရီးတခု စီစဉ်မယ် ဟု နန်း ကပြောသည်။ နောက် နှစ်ရက် သုံးရက်လောက်တော့ သူ နန်း သွားလိုရာ တွေ လျှောက် ကားမောင်း ပို့ပေးရင်း အလုပ်များနေသည်။

တညနေတော့ နန်း နှင့်၊ သူနှင့် အရင်ကတည်းက သိနေခဲ့သည့် ယောက်လမ်းတွင် နေထိုင်သူ နန်း အစ်မဝမ်းကွဲ ဖြစ်သူကို သူ ခေါ်ကာ အင်းလျားသို့ ရောက်သွားသည်။ ]စိမ်းလန်းစိုပြေ} ရှေ့တွင် ကားရပ်ထားခဲ့ပြီး ကန်ဘောင် ဘက် သူတို့ ထွက်လာတော့  ဟိုးအရင်တုန်းကလို နိုင်ငံတော် တာဝန်တွေကို ထမ်းဆောင်နေဆဲ ဖြစ်သော အင်းလျားကို သူ သမားရိုးကျ တွေ့ရသည်။ ကန်ဘောင်ပေါ်တွင် ခဏလျှောက် ပြီးတော့ သူတို့ “စိမ်းလန်းစိုပြေ” ဘက် ပြန်ထွက်ခဲ့သည်။ “စိမ်းလန်းစိုပြေ” အဝင်ဝရှိ လက်ဝတ်တန်ဆာ အလှပစ္စည်း ရောင်းသောဆိုင်တွင် နန်း က လည်ဆွဲလေးတခု ကို ဝတ်ကြည့်နေသေးသည်။ သူ ဆိုင်ထဲက နန်းကို ဆိုင်ဝမှ တချက်ငေးရင်း နန်းအစ်ကို သူ့သူငယ်ချင်းပြန် လာစဉ်က “စိမ်းလန်းစိုပြေ” တွင် ဘီယာလာသောက်ခဲ့သည် ကို သတိရနေသည်။ ခဏနေတော့ နန်း နှင့် နန်းအစ်မ ဆိုင်ထဲမှ ပြန်ထွက် လာကာ သူတို့ အောက်သို့ ဆင်းခဲ့ကြသည်။

မိုးတွင်းကြီးမို့ ညနေကတော့ ခပ်မှိုင်းမှိုင်းပဲ တောက်ပနေသည်။ “စိမ်းလန်းစိုပြေ” ထဲရှိ အလှပြုပြင် ထားသော ပန်းကလေး တွေကို နန်း လျှောက်ကြည့်နေရင်း သူ နန်း နှင့် နန်း အစ်မဝမ်းကွဲတော် ကို လေညင်း ကလေးတွေ နှင့် အင်းလျား ကို နောက်ခံထား၍ ဓာတ်ပုံ နှစ်ပုံသုံးပုံ ရိုက်ပေးရသည်။ နန်း ဒစ်ဂျစ်တယ် ကင်မရာ လေးထဲက ရိုက်ပြီးသော ပုံကလေးတွေ ကို သူ ပြန်ကြည့်လိုက်တော့ ဂျင်းဂျာကင် ကလေး ဝတ်ထားသော ပန်းကလေးလို လန်း နေသည့် သိမ်မွေ့သော ရေမွှေးနံ့ ကလေးနှင့် နန်း က သူ့ နံဘေး ရောက်လာပြီး သူ့ ပုံကလေး သူ ပြန်ကြည့်သည်။

ဓာတ်ပုံကလေးတွေ လှတယ်ဗျ

ဟု သူ တည်ဆဲ သတ်ပုံသတ်ညွှန်းတွေ အတိုင်း ပြောမိတော့ နန်း ၏ ငုံနေသော နှုတ်ခမ်းကလေးက အပြုံးကလေး တပွင့် လှိုက်လှိုက်လှဲလှဲ ပွင့်လာပြီး နန်း အစ်မတော် က

ဝေမိုးကော ရိုက်ဦးမလား
ဟု သူ့ကို လှမ်းမေးသည်။ သူ ပြုံး ၍ ခေါင်းခါပြီး ခဏနေတော့ သူတို့ စိမ်းလန်းစိုပြေ မှ ပြန်ထွက်လာကာ ဘူးသီးကြော် ဆိုင်တွေဘက် လျှောက်လာခဲ့သည်။ ‘

ဘူးသီးကြော် ဆိုင် တဆိုင် အဝရောက်တော့ သူတို့ အထဲဝင်ခဲ့ကြသည်။ ဆိုင်ကောင်တာကို ဖြတ်ကျော်အပြီး အုတ်လှေကားထစ် အတိုင်း ဆင်းလာရင်း အင်းလျားနှင့် အနီးဆုံး ဖြစ်သော စားပွဲကလေး တခုမှာ သူတို့ ထိုင်လိုက်ကြသည်။ မိုးတွင်းမို့ အင်းလျား ရေပြင်အစပ်က သူ နှင့် လက်တကမ်း အကွာ ရောက်နေသည်။ သူ တက္ကသိုလ် ရောက်ခဲ့တာပင် ဆယ်နှစ်ကြာခဲ့ပြီ ဆိုတာ သူ တွေးမိရင်း ဘာကြောင့်မှန်းမသိ၊ စိတ်တို့ လှိုက်လှိုက်လှဲလှဲ အုံ့မှိုင်းနေသည်။ ဒါပေမယ့် ခဏနေတော့ ဘာ ပကာသန တွေမှ စွန်းထင်နေခြင်း မရှိသည့် ဘူးသီးကြော်ချောင်း ကလေးတွေကို တချောင်းပြီး တချောင်း ခုံခုံမင်မင် စားနေသည့် နန်း ကို ကြည့်ရင်း သူ ပြန်လန်းဆန်းသွားရသည်။ သူ ဘာရည်ရွယ်ချက်မှ မရှိပါဘဲလျက် နိုင်ငံတော်သစ္စာ ကို စောင့်သိနေဆဲ ဖြစ်သော အင်းလျား နှင့် အစိမ်းရောင် အကြောမျှင် နုနုလေးတွေ ကန့်ကွက်သူမရှိ ယှက်သမ်းနေသော နန်း လက်ခုံကလေး ကို တလှည့်စီ ကြည့်ပြီး အတွေးတွေ ထုံးစံအတိုင်း ကစင့်ကလျား ဖြစ်နေသည်။ ရောက်တတ်ရာရာတွေ ပြီးတာနဲ့ အမှောင်ကတော့ အင်းလျားပေါ် ဟိုတုန်းက ညတွေလိုပင် ကျလာသည်။ သို့သော် ဟိုတုန်းက  ည မဟုတ်တော့သောကြောင့် သူတို့ စောစောပဲ ပြန်ခဲ့ကြသည်။

နောက်သုံးလေးရက် နေတော့ မနက်၁၁ နာရီလောက် သူ ]စိတ်တိုင်းကျ} မှာ ထိုင်နေတုန်း သူ့ ဖုန်းက မြည်လာသည်။ Nan ဆိုသော ဖုံးခွက်မှ စာသားလေးကို ကြည့်ရင်း သူ ဖုန်းကိုင်လိုက်တော့ ဖုန်းထဲမှ နန်းအသံကလေးက ပုစွန်တောင်က ချမ်းသာပလာဇာသို့ ရောက်နေသည်။ သူ ဖုန်းကို ပြန်ချလိုက်ရင်း ချမ်းသာပလာဇာ သို့ သူ့ကားဖြင့် ထွက်လာခဲ့သည်။

ချမ်းသာပလာဇာပေါ် သူ တက်ခါနီး နန်း ဆီ တချက် လှမ်းဖုန်းဆက်တော့ နန်း က အောက်ထပ်က ကော်ဖီဆိုင်မှာ လို့ ပြောသည်။ သူ တက်စရာ မလိုတော့ဘဲ အောက်ထပ်က ကော်ဖီဆိုင်ကို  ရောက်သွားတော့ နန်း နှင့် နန်း သူငယ်ချင်း ဖြစ်သူကို ဆိုင်ထောင့်စားပွဲတွင် ထိုင်နေတာ တွေ့ရသည်။ သူ နန်း တို့စားပွဲ ဆီ လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။ ၁၁ နာရီ ထိုးနေပြီမို့ သူ ဘာမှတော့ မသောက်တော့။ ခဏနေ နန်းတို့ သွားတော့မည် ဟု ဆိုတော့ သူ ကောင်တာကို သွားပြီး ငွေရှင်းလိုက်သည်။ နန်းဆီက အားနာသည့် အကြည့်ကလေးက တခုတ်တရ သူ့ထံရောက်လာသည်။

“ဘယ်သွားမလဲဗျ”

ဟု သူ နန်းကို မေးတော့

“တနေရာရာမှာ ထမင်းသွားစားရအောင်”

ဟု နန်း ကပြောသည်။ သူ ဒီတခါ နန်း ကို မြန်မာထမင်းဆိုင်ပဲ ခေါ်သွားတော့မည် အတွေးနှင့် သိဒ္ဓိရှင်သို့ မောင်းခဲ့သည်။ သိဒ္ဓိရှင် တွင် နန်း အတွက် စားရခဲသည့် ငါးရှဥ့်မြေအိုး နှင့် ဟင်းသုံးလေးမျိုး မှာပေးလိုက်သည်။ နန်း က ထမင်းတွေ ဟင်းတွေ ရောက်မလာမီတွင်

“ကိုဝေမိုး မရှင်းနဲ့နော်၊ နန်း ရှင်းမှာ”

ဟု ကြိုကြိုတင်တင် ပြောသည်။

ငါးရှဥ့်မြေအိုးက သူတို့ ထင်ထားတာထက် အများကြီး ပူနေသည်။ နန်းစားရင်း မတော်တဆ အိုးနှုတ်ခမ်းနှင့် နန်း လက်ခလယ် ထိမိသွား သည်။ ချက်ချင်း ရဲတက်သွားသော နန်း လက်နုနုကလေးကို သူ ကြည့်ရင်း

“နန်း ပူသွားသေးလား”

ဟု မေးလိုက်မိသည်။ နန်း က လက်ကလေးကို ပွတ်သပ်ရင်း

“ရတယ် နည်းနည်းပါ”

ဟု သူ့ ကို ပြန်ပြောသည်။ ထမင်းစားရင်း နန်းက မိဘမဲ့ကလေးကျောင်း တကျောင်းတွင် နံနက်စာကျွေး လှူဒါန်းချင်သည် ဟု သူ့ကို ပြောသည်။ သူ သိဒ္ဓိရှင် ကောင်တာက့ နူသတ စေါန် စာအုပ်ကြီးဆီ ထွက်လာခဲ့သည်။

ဖုန်းနံပါတ် သုံးလေးခုလောက် သူ စုံစမ်းပြီးတော့ သူတို့ သွားရမည့်နေရာကို သူ သိသည်။ သူ စာရွက်ပိုင်းကလေးမှာ ရေးမှတ်ရင်း နန်း တို့ ထိုင်နေရာ လှမ်းကြည့်လိုက်တော့ နန်း က ရေနွေးကြမ်း သောက်ရင်း သူငယ်ချင်း နှင့် စကားပြောနေသည်။ သူ တပါတည်း ပိုက်ဆံအိတ်ကို ထုတ်၍ မန်နေဂျာအား ကျသင့်ငွေ တွက်ခိုင်းလိုက်သည်။ မန်နေဂျာက ကျသင့်ငွေကို ပြောတော့ သူ ငွေခြောက်ထောင်ကျော် ထုတ်ပေးလိုက်ပြီး နန်း တို့ဆီ ပြန်လာခဲ့သည်။ သူ နန်း ကို ဖုန်းဆက်မေးပြီးသမျှ ပြောပြပြီး

“ဒါဆို သွားရအောင်”

ဟု ပြောလိုက်သည်။ နန်း က ပိုက်ဆံရှင်းရန် ထောင်တန်အုပ်ကလေး တအုပ်ထုတ်ရင်း စားပွဲထိုးအား လိုက်ရှာသည်။ ဒီတော့မှ သူ နန်းကို သူ ရှင်းပြီးကြောင်း ပြောလိုက်ရသည်။ နန်း က သူ့ကို အတော် အားနာသွားပုံမျိုးဖြင့် ဘာပြောရမှန်း မသိ အမူအရာမျိုး ဖြစ်သွားသည်။ လိပ်ခဲတည်းလည်း အခြေအနေကို နန်း သူငယ်ချင်းကပဲ

“သွားရအောင်”

ဟု ပြောရင်း ဖြေရှင်းလိုက်သည်။

သူတို့ ပြန်ထွက်ခဲ့ကြတော့ နန်း သူငယ်ချင်း က သူ့အဖိုး အသည်းအသန် ဖြစ်နေသောကြောင့် ဟု ဆိုကာ မလိုက်နိုင်တော့ သောကြောင့် သူ နန်းသူငယ်ချင်းကို လမ်းလေးဆယ်သို့ ပြန်ပို့ပေးခဲ့သည်။ နှစ်ယောက်တည်း ထပ်ထွက်လာတော့ နေ့လယ် တနာရီ ကျော် နေပြီဖြစ်သည်။ သူ ရွှေဂုံတိုင်ဘက်သို့ ထွက်လာရင်း နောက်ကြည့်မှန် ကလေးထဲက နန်းနှင့် စကားတခွန်းစ နှစ်ခွန်းစ ပြောလာခဲ့သည်။ ဘဏ်ရိပ်သာ မျက်စောင်းထိုးလောက်က အစိုးရ မိဘမဲ့ဂေဟာကို သူ တွေ့တော့ ကားကို ချိုးကွေ့လိုက်သည်။

သူတို့ ဂေဟာထဲ ရောက်တော့ အဝင်ဝ စားပွဲတွင် ထိုင်နေသော ရိပ်သာမှ တာဝန်ရှိသူ အမျိုးသမီး နှစ်ယောက်ကို တွေ့ရသည်။ ခပ်ကြီးကြီး အမျိုးသမီးက နံနက်စာ ကျွေးမွေးနိုင်သည့် နေ့နှင့် ကုန်ကျငွေကို ပြောတော့ နန်း က ဟိုဟိုသည်သည် အကဲခတ်နေသည်။ ကျွေးမွေးနိုင်မည့် ရက်ကိုတောင် အတော်ရှာယူ ရသောကြောင့် မိဘမဲ့ရိပ်သာက နန်း မျှော်လင့်ခဲ့သလောက်တော့ မနွမ်းပါးမှန်း သူ သတိထားမိသည်။ နန်း နှင့် ခပ်လှမ်းလှမ်း သွား၍ စကားပြောပြီးနောက်

“ကျွန်တော်တို့ အချိန်ညှိလိုက်ပါဦးမယ်”

ဟု သူ စကားလှအောင် ပြောပြီး နန်းနှင့် အပြင် ပြန်ထွက်လာခဲ့သည်။ အပြင်ရောက်လို့ နန်းကို မေးကြည့်တော့ နန်းက

“ဒီ့ထက် ရှားပါးတဲ့ကျောင်း မရှိဘူးလား ကိုဝေမိုး ၊ သူတို့ ကြည့်ရတာ တော်တော် ပြည့်ပြည့်စုံစုံပဲ”

ဟု နန်း က သူ့ကို ပြောသည်။  သူ တချက် စဉ်းစားလိုက်ရင်း ကားဆီ ပြန်လျှောက်လာခဲ့သည်။

ကားထဲရောက်တော့ ဟိုဟိုသည်သည် ဖုန်းဆက်ရင်း နန်း နှင့်လဲ မျက်နှာချင်းဆိုင် တိုင်ပင်ရင်း နန်း လှူချင်သည့် နေရာ ရှာပုံတော် ဖွင့်ရသည်။ နန်း ဆန္ဒပြည့်ချင်လို့ပဲလားတော့ မသိ။ ခဏနေတော့ သူတို့ နန်း အစ်ကိုဝမ်းကွဲ တယောက်ဆီက သီလရှင်ဆရာကြီး တပါး ဦးစီးသော ယုဇနဥယျာဉ် မြို့တော် ဟိုးဘက် လယ်ကွင်းတွေရှိ မိဘမဲ့ဂေဟာ တခု လိပ်စာရသည်။ သူ စီးကရက် တလိပ်ကို ထပ်မီးညှိရင်း ကားကို မောင်းထွက်ခဲ့သည်။

ယုဇနဥယျာဉ်မြို့တော်ဘက် ချိုးကွေ့ပြီးတော့ သူ လိပ်စာကို ရှာမရ ဖြစ်နေသည်။ ဟိုမေးသည်မေး သုံးလေးငါးခါ လောက်မေးပြီး သူ့ကားကလေးက တဝဲလည်လည် ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် နန်း အပြုံး ပူပူနွေးနွေး ကလေးတွေကို လမ်းညွှန် အနေနှင့် ကြည့်ရင်း နောက်ဆုံးတော့  သူ လမ်းမှန်ကို တွေ့သွားပြီး  နဖူးပေါ် စီးကျနေသည့် ချွေးတွေကို လက်ခုံ နှင့် သုတ်ရင်း ကားမောင်းလာခဲ့သည်။  အဲကွန်းမရသည့် သူ့ကားထဲတွင် အိုက်နေဟန်ရှိသည့် နန်း ကလဲ ရေသန့်ဘူးကလေး ကို ခဏခဏ ဖွင့်ဖွင့်သောက်နေသည်။

ခုနက အသားညိုညို ပိန်ပိန်ပါးပါး ဂျိုးသိန်းကြေညာ တီရှပ် လက်ပြတ် နှင့် ဆိုက်ကားသမား တယောက် ညွှန်လိုက်သော လိပ်စာအတိုင်း ကောင်းကင်မှာ အလေ့ကျ တွေ့နေရသည့် တိမ်တွေအောက်က တဖက်တချက် လယ်ကွင်းပြင်ကြီးတွေ ကြားမှာ လမ်းအတိုင်း ကားကို မောင်းမိတော့ သူ ဇော်ဝင်းထွဋ် ဗီစီဒီထဲက လယ်ကွင်းပြင်ကြီးတွေကြားက ချက်ဗလက်ကားနီကြီးကို မြင်ယောင်လာသည်။ သည်မှာပင် နန်း အပြုံး ကလေးတွေကို တခါတခါ နှောင့်ယှက်ဖျက်ဆီး တတ်သည့် ချစ်ချင်ယောင် ဘယ်လိုမှ ဆောင်လို့ မရသော နေရောင်တွေ လျော့ပါးသွားပြီး မိုး နည်းနည်း အုံ့သွားသည်။ နန်း ကတော့ မိုးတိမ်ရိပ်တွေ အောက်က လတ်လတ်ဆတ်ဆတ် လယ်ကွင်းတွေကို ကလေးလေး တယောက်လိုပဲ တအံ့တဩ ငေးနေသည်။

လမ်းမမှ ဖဲ့ထွက်၍ လမ်းကျဉ်းကလေး အတိုင်း ဟိုကွေ့သည်ကောက် ဝင်အပြီး သူတို့ကားလေးက ခြံဝန်းကျယ်ကြီး အတွင်းတွင် ရှိသော မိဘမဲ့ဂေဟာ ရှေ့ထိုးရပ်သွားသည်။ ခွေးသုံးလေးကောင် သူတို့ဆီ ပြေးထွက်လာသည်။ နန်း ကတော့ ချက်ချင်း တံခါးဖွင့်မဆင်းရဲ သေးဘဲ

”ခွေးကြောက်တယ်”

ဟု ဟန်ဆောင်မှု အမှုန်အမွှား တွေ ကင်းစင်နေသော အပြုံးနုနုကလေး တဝက်ဖြင့် သူ့ကို ပြောသည်။ သူ က

“မကိုက်ပါဘူး နန်း ရဲ့ ကျွန်တော် ရှိသားပဲ”

ဟု ယောကျာ်းတယောက် ထုံးစံအတိုင်း မယိမ်းမယိုင် ပြောကာ ကားသော့ကို ဆွဲနှုတ်၍ ကားပေါ်မှ ဆင်းလိုက်သည်။ ပြီးတော့ နန်း ရှိရာ နောက်ခန်းဘက် သွားလိုက်မှ နန်း က တံခါးကို ဖွင့်၍ မရဲတရဲလေး ဆင်းလာသည်။ ခွေးတွေ နှင့် လေးငါးခြောက်နှစ် အရွယ် ကလေးလေးတွေကြားမှ သူတို့  သူတို့ကို ထွက်ကြိုနေသော သီလရှင် တပါးဆီ လျှောက်လာခဲ့သည်။

အုတ် နှင့် သစ်သား ရောညှပ်ဆောက်ထားသော မိဘမဲ့ ဂေဟာ အဆောက်အဦးကြီး ကတော့ ခပ်နွမ်းနွမ်းပဲ ဖြစ်သည်။ ကလေးလေးတွေ စာသင်နေကြသည့် စာသင်ခန်း  သုံးလေးခန်းကို ဖြတ်ပြီး သူတို့ လှေကားဆီ လာခဲ့ကြသည်။ လှေကားထစ်လေးငါး ဆယ်ထစ်လောက် ကွေ့ချိုး တက်လာပြီးတော့ သူတို့ ကျောင်း အပေါ်ထပ် သို့ ရောက်လာသည်။ ကျယ်ဝန်းပြန့်ပြူး လှသည့် ဘုရားခန်းကြီးထဲမှာ သူတို့ ထိုင်ရင်း သူ နှင့် နန်း ဘုရား ဝတ်ပြုလိုက်ကြသည်။ သူတို့ ကြမ်းပြင်ပေါ်တွင် ပြန်ထိုင်ပြီး မရှေးမနှောင်း မှာပင် မိဘမဲ့ဂေဟာ အကြီးအမှူး သီလရှင် ဆရာကြီး တပါး ထွက်လာသည်။ သူတို့ အပြန်အလှန် နှုတ်ဆက်ရင်း သူ က ဆရာကြီးကို

“ဒါက နိုင်ငံခြားက ခဏပြန်လာတဲ့ တပည့်တော် နှမလေးပါ ဘုရား”

ဟု အစချီကာ လာရင်း ကိစ္စကို ရှင်းပြရသည်။ ဆရာကြီး ကတော့ ဖြူဖြူဖွေးဖွေး တရုတ်မကလေး နန်း နှင့် ဝင်ရိုးစွန်း တဖက်မက ခြားနေသော ရုပ်ချင်း ဘယ်လိုမှ ဆက်စပ်မရသည့် သူ့ကိုကြည့်ရင်း သူ ပြောတာတွေ နားထောင်နေသည်။ နန်း ကတော့ ချို့တဲ့ပုံရသော ကျောင်းကလေးကို စိတ်ဝင်စားနေပုံ ရသည်။ ဆရာကြီး နှင့် နန်း ဆယ်ရက်လောက် လိုသေးသည့် တရက်ကို ရွေးနေချိန်တွင် သူ ကတော့ ကျောင်းနံရံတွင် ချိတ်ထားသော ယခင် လူတွေ လာလှူဒါန်းကြစဉ်က အမှတ်တရ ဓာတ်ပုံများနှင့် ကျောင်း တည်ထောင်သည့် နေ့စွဲ မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသည် ကို ကြည့်နေမိသည်။ အရေးထဲ ဆရာကြီး က သူ့ကို ယခင်က လာဖူးသလား ဟု မေးနေသည်။ မလာဖူးကြောင်း ပြောတော့ သုံးလေးခေါက် လာဖူးသည့် လူငယ် တယောက် နှင့် သူ အတော့်ကို ဆင်သောကြောင့် မေးခြင်း ဖြစ်ကြောင်း ဆရာကြီး က သူ့ကို ရှင်းပြသည်။ ဆရာကြီး ရှင်းပြမှ သူ ဘာကြောင့်မှန်းမသိ ပရဟိတ ဂေဟာတွေ မရောက်တာ  ဆယ်နှစ်လောက် ရှိပြီ ဆိုတာ သူ သတိရလာသည်။ အားလုံး စီစဉ်ပြီးတော့ သူတို့နှစ်ယောက် နှင့် ဆရာကြီး ကျောင်းအောက် ပြန်ဆင်းလာခဲ့သည်။

ကျောင်းအောက်တွင်တော့ တစုတဝေး ရပ်နေကြသည့်  အရွယ်မျိုးစုံ ကလေး တွေကို သူ တွေ့သည်။ မူလတန်း အရွယ်မှ စ၍ တက္ကသိုလ်တက်နေသည့် ကျောင်းသူ နှစ်ဦးအထိ ရှိကြောင်း ဆရာကြီးက သူတို့ကို ရှင်းပြနေသည်။ နန်း ကတော့ စောစောက ခွေးတွေ အရိပ်အခြည်ကို ကြည့်ရင်း ကလေးလေးများကို ကြည့်ကာ ပျော်နေသည်။ သူတို့ ကားပြန်ထွက် လာတော့ ကလေးလေးတွေက လက်ကလေးတွေ ဝှေ့ယမ်းပြရင်း ကျန်ခဲ့သည်။

သူတို့ သာကေတ က ရွှေပုစွန် ဘက်ဆီ ပြန်ရောက် တော့ သူ နန်းကို ရွှေပုစွန်တွင် အအေးသောက်ဦးမလား မေးမိသည်။ နန်းဆီက ကိုယ်ပိုင်အပြုံး ကြွကြွရွရွကလေးတပွင့် သူ့ဆီ ရောက်လာပြီး

“ကိုဝေမိုး မရှင်းရင် သောက်မယ်”

ဟု ဆည်းလည်းသံ သဲ့သလို အသံလေး ထွက်လာသည်။ သူ ကျေကျေနပ်နပ် ရယ်မောမိရင်း နန်း အပြုံး ရင်ဖိုရင်လှိုက် ကလေး တွေ လှိုင်လှိုင်ထွက်ရာ နန်း နှုတ်ခမ်း တောင်စဉ်တောင်တန်း သွယ်သွယ်လျလျ ကလေး တွေကို တခါလောက် သေသေချာချာ ကျင်ကြည့်လိုက် ချင်သည့် စိတ် နှင့်

“အင်းပါဗျာ၊ ဒီတခါ နန်း ရှင်းလိုက်”

ဟု ပြန်ပြောမိသည်။ ခဏအကြာ နန်း အတွက် အအေး နှင့် သူ့အတွက် ကော်ဖီ သူတို့ ရှေ့သို့ ရောက်လာသည်။ အအေးခွက် ကလေးကို နန်းက လှမ်းကိုင်လိုက်တော့ နန်း လက်ခလယ် ဖြူဖြူသွယ်သွယ် ကလေးပေါ်မှာ နေ့လယ်က သိဒ္ဓိရှင် တွင် အပူလောင်လာခဲ့သည့် နီညိုရောင် အကွက်ကလေးကို သူ တွေ့သည်။

ထိုညက နန်း နှင့်အတူ နန်း သူငယ်ချင်းတယောက် နှင့် သူ ဝါးတန်းလမ်းရှိ FeeL တွင် ညစာစားပြီး နန်းကို ဟိုတယ်သို့ ပြန်ပို့ကာ သူ အိမ်ပြန် ခဲ့သည်။ ညဘက် ကိုးနာရီခွဲ လောက်ကျတော့ နန်းက သူ့ကို ဖုန်းခေါ်ပြီး သူ ဘယ်ရောက်နေလဲ ဟု မေးသည်။ ပြီးတော့ စာအုပ်ဆိုင်တွင် နန်း စာအုပ်ငှားချင်ကြောင်း ပြောတော့မှ သူ နန်းကို စာအုပ်ငှားပေးဖို့ မေ့နေကြောင်း သူ သတိရသည်။ သူ ခုလေးပဲ ၄၆လမ်းထိပ်ရှိ ရှိုး မှ ပြန်လာတာ ဖြစ်သော်လည်း နန်းကို ဟိုတယ်မှာ ဝင်ခေါ်၍ သူ ပြန်ထွက်ခဲ့သည်။ စာအုပ်ဆိုင်တွင် နန်း က ရွှေအမြုတေ မဂ္ဂဇင်း အဟောင်း တချို့ နှင့် မဟေသီ ငှားသည်။ နန်း စာအုပ်တွေ အေးအေးဆေးဆေး ရွေးနေစဉ် သူကတော့ စောစောကပဲ ငှားပြီးခဲ့ပြီ ဖြစ်သောကြောင့် တွတ်ပီ အဟောင်းတအုပ် ဆွဲဖတ်ရင်း နန်း ကို စောင့်နေရသည်။ နန်း ငှားပြီးတော့မှ နန်း ဟိုအရင် ရန်ကုန်တွင် ရှိစဉ်ကတည်းက စာဖတ် ဝါသနာပါကြောင်း သူ ပြန်တွေးမိလာသည်။

နောက် နှစ်ရက် သုံးရက်နေတော့ နန်း နောက်ခရီး တခု မထွက်ဖြစ်တော့တာ သူ သိသည်။ နန်း သူငယ်ချင်းများ မလိုက်နိုင်တော့သောကြောင့် ပျက်သွားရကြောင်း နန်း ကတော့ တဖျစ်တောက်တောက် နှုတ်ခမ်းကလေး တွေနှင့် ပြောနေသည်။ နောက်တော့ နန်း နှင့် နန်းအစ်မဝမ်းကွဲ နေ့ချင်းပြန် ပုသိမ်သို့ ကားငှားသွားရန် စီစဉ်ကြသည်။ နန်းတို့ ညီအစ်မနှစ်ယောက် မသွားမီညတွင် သူ့ထံ နန်းဆီက ဖုန်းဝင်လာပြီး ငှားထားသည့်ကားက ပျက်သွားသောကြောင့် မလိုက်နိုင်တော့ကြောင်း လာပြောသွားသည်ဟု နန်း အစ်မဝမ်းကွဲ က သူ့ကို ပြောသည်။ သူ နန်း အစ်မဝမ်းကွဲကို မနက်ဖြန်မနက် သူလိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts