မောင်ရစ် – ကမ္ဘာဘောလုံးနဲ့ အမေရိကန်ဘောလုံး တို့ ဆုံကြရာဝယ် …
(အတွေးအမြင်မဂ္ဂဇင်း ရန်ကုန်ထုတ်၊ အောက်တိုဘာ ၂၀၁၄) အောက်တိုဘာ ၈၊ ၂၀၁၄
ဒီနှစ် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာ တောင်အမေရိကန်အသင်းတွေနဲ့ ဥရောပအသင်းတွေ အကျိတ်အနယ် ဗိုလ်လုကြတဲ့ ပွဲပါပဲ။ အာရှအသင်းတွေဟာ အစောကြီး ဖျာလိပ်ကြပေမယ့် အာဖရိကအသင်းတွေကတော့ အတော်ကို အုပ်စုပွဲတွေမှာ တောင့်ခံပြီး ကစားကြတယ်။ ဘောလုံးပွဲကြည့်လို့ဆိုပြီး အစွန်းရောက်ဘာသာရေးအကြမ်းဖက်တွေက အာဖရိကန်နိုင်ငံတခုမှာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်လိုက်သေးသတဲ့။
အင်း … ကြံကြံဖန်ဖန် လျှောက်တွေးရရင်တော့ နိုင်ငံတကာစံချိန်အရကတော့ တကမ္ဘာလုံးက နိုင်ငံတွေအားလုံးနီးပါး ကမ္ဘာ့ဘောလုံး (International Football) ပဲ ကန်တယ်။ အမေရိကန်ဘောလုံး (American Football) မကန်ဘူး။
ကမ္ဘာကြီးမှာ လူသန်း ၇၀၀ လောက်က ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်တယ်။ အမေရိကန်နဲ့ အခြား လူသန်းပေါင်း ၁၀၀ ကျော်က အမေရိကန်ဘောလုံးကို ကြည့်တယ်လို့ ဆိုတယ်။
ဘောလုံး ၁ လုံးကို ၂ ဖက်အသင်းက လူတွေ ကွင်းထဲမှာ လုယက်ပြီး ဝိုင်းကန်တာက ကမ္ဘာ့ဘောလုံးဖြစ်ပြီး၊ ဘောလုံးတလုံးကို လက်နဲ့ပိုက်ပြီး တဖက်အသင်းထဲကို တိုးခွေ့ပြေးတာက အမေရိကန်ဘောလုံး ဖြစ်ပါတယ်။
ခြေထောက်နဲ့ကန်တဲ့အချိန်ကနည်းပြီး ဘောလုံးကို ပစ်ပေါက်ပြီး လက်နဲ့ပိုက်လို့ တဖက်အသင်းလူတွေ ဝိုင်းမဖမ်းမိအောင် တိုးခွေ့လို့ တဖက်အသင်း နောက်ဆုံးစည်းအထိ ပြေးရတဲ့အချိန်ကများသော်လည်း သူတို့က သူတို့ဘောလုံးကို Football လို့ ခေါ်တယ်။ ကမ္ဘာ့ဘောလုံးကိုတော့ အမေရိကန်များက Soccer ဆောကား တဲ့ဗျား။
ကုန်ကျစာရိတ်ချင်းယှဉ်လိုက်ရင် ကမ္ဘာ့ဘောလုံးကစားနည်းက လမ်းကျဉ်းထဲ၊ ကွင်းပြောင်ထဲ၊ ဖိနပ်မပါဘဲ – ရော်ဘာဘောလုံး၊ ပလတ်စတစ်ဘောလုံးနဲ့ ရှိတဲ့လူနဲ့ သိမ်းကျုံးကန်လို့ ကစားလို့ရတယ်။ ပြီးတော့ တဖြေးဖြေး အဆင့်တွေ တက်သွားရုံသာ။ အမေရိကန်ဘောလုံးကတော့ သခွားသီးလိုလို ရှည်မြောမြော ဘောလုံးတခုတည်း လိုတာမဟုတ်ဘူး၊ ကွင်းကျယ်ကျယ်မှာ တဖက်နဲ့တဖက် ပြေးဖို့ ပစ်ဖို့၊ ဆွဲလွဲပြီး လူကို ဖမ်းဖို့၊ တွန်းဖို့ တိုက်ဖို့ ဖိဖို့ အင်အားတွေလိုတယ်၊ မြက်ခင်းပြင် လိုတယ်။ စရိတ်က တွက်လိုက်ရင် ခေါင်းကာ၊ ဒူးကာ၊ ခြေထောက်ကာ၊ ဝတ်စုံတွေ လိုတယ်။ အတော်တော့ ကြီးကျယ်သား။
ကမ္ဘာ့ဘောလုံးဆိုတာမှာ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမား – အဲသည် ကစားသမားတွေက တချိန်တည်းမှာ ထိုးစစ်၊ ခံစစ်တွေ အတက်အကျတွေ တလစပ်နဲ့ အင်အားတွေ အရှိန်အဟုန်တွေသုံးပြီး မိနစ် ၉၀ သတ်မှတ်ချက်အတွင်း ကစားပွဲတခုကို အပြီးဆော့ကြရတာဖြစ်ပါတယ်။
အမေရိကန်ဘောလုံးကတော့ ထိုးစစ်အသင်း (Offense Team) ခံစစ်အသင်း (Defense Team) ဆိုပြီး အုပ်စု ၂ စု ကို အသင်းတခုအတွင်းမှာ ခွဲထားပြီးသား ဖြစ်တယ်။ တဖက်အသင်းနဲ့ဆိုင်ပြီးကစားတဲ့အခါ ကိုယ်က ထိုးစစ်တလှည့် ကစား၊ ပြီးရင် ခံစစ်တလှည့်ကစား၊ နောက်မှ အမှတ်ချင်းတွေ ယှဉ်ကြည့်ကြတာ ဖြစ်တယ်။ သူတပြန် ကိုယ်တပြန် ကိုယ် တဂိုး၊ သူ တဂိုး သွင်းလိုက်၊ ပြေးတက် ပြေးဆင်း ကစားလိုက် မဟုတ်ဘူး။ ကစားချိန်ကလည်း သူတလှည့် ထိုးလိုက်၊ ကိုယ်တလှည့် ခံလိုက်နဲ့ မိနစ် ၉၀ အထက်မှာ အသာလေးရှိတယ်။ အကြာကြီး ကစားကြတာပဲ။ ဒါကြောင့် အမေရိကန်ဘောလုံးပွဲ ကြည့်သူတွေက တညနေလုံး တီဗီရှေ့မှာ စားလိုက်၊ သောက်လိုက်နဲ့ ကြည့်လိုက်ကြရတာဆိုတော့ ကမ္ဘာ့ဘောလုံးကြည့်သူရဲ့ ဘီယာဗိုက်က အမေရိကန်ဘောလုံးပရိသတ် ဘီယာဗိုက်ထက် ပိုပြီး မကြီးဘူးဗျ။
ကမ္ဘာ့ဘောလုံးပွဲမှာ နောက်တန်းကလူကလည်း ဂိုးဝင်သွင်းသွားတာ ရှိသလို၊ ရှေ့တန်းကလူကလည်း ခံစစ်ဝင်ကစားနေတာ ရှိတယ်။ ဘောလုံးကို အလယ်တန်းမှာ ဖြတ်ဆို့ ပင့်ပေး၊ ပို့ပေးနေတာတွေ ရှိတယ်။ အမေရိကန်ဘောလုံးကတော့ တိုက်စစ်သမားတွေက သတ်သတ်၊ ခံစစ်သမားတွေက သတ်သတ်ထားတော့ – ထိုးစစ်ပွဲကို သီးခြား အရသာခံကြည့်၊ ပြီးတော့ ခံစစ်ပွဲကို အချိန်ယူပြီး ရင်မပြီး ကြည့်၊ ကက်ပတိန်ကလည်း ၂ ဦး၊ အသင်းမန်နေဂျာကလည်း ၂ ဦး၊ ထိုးစစ်နဲ့ ခံစစ်အတွက် သတ်သတ်ထားတယ်။
စီးပွားရေး ဈေးကွက်အရ ကမ္ဘာ့ဘောလုံးပရိသတ်က ဘောကန်ဖိနပ်၊ ဘောကန် ဘောင်းဘီနဲ့ အင်္ကျီ ပြီးတော့ ဘောလုံးလောက် ဝယ်စုကြတာမျိုး၊ ကစားသမား ပိုစတာတွေ သိမ်းဆည်းကြတာမျိုး ရှိတယ်။ အမေရိကန် ဘောလုံးပရိသတ်ကတော့ ဝယ်စုစရာ ကိရိယတန်ဆာပလာတွေ၊ ချပ်ဝတ်တန်ဆာတွေက များမှများ။ ဖိနပ်၊ အင်္ကျီ၊ ဘောင်းဘီကစပြီး ခေါင်းဆောင်းဦးထုပ်မာ၊ လက်စွပ်၊ ခြေစွပ်၊ လက်ကာ၊ ဒူးကာ၊ ရှေ့ကာ၊ နောက်ကာ၊ ပုခုံးကာ၊ ပြီးတော့ အဲတာတွေ ဝတ်လိုက်ရင် လူက ဘီလူးကြီးလောက် ဖြစ်သွားတာ၊ တယ်ပြီး ပေါ့ပါးပုံမရ။ ဆောကားဘောလုံးသမားများကို မျက်နှာအတိုင်း ပရိသတ်ကမြင်ရတော့ ကိုယ့်ကစားသမားတွေ ချောတာ၊ ခေါင်းပြောင်တာ၊ ပြုံးတာ၊ မဲ့တာ၊ နာကျင်တာ၊ ဝမ်းသာတာ၊ စိတ်လှုပ်ရှားနေတာကို အတိုင်းသားမြင်ရပေမယ့် အမေရိကန်ဖွတ်ဘောကတော့ ဘာမှ အတိုင်းသား မမြင်ရတော့ ကျောနံပါတ်လောက်မြင်ပြီး အားပေးကြရတာ ဖြစ်တယ်။
ကဲဗျာ ဒီလောက်လျှောက်ပြီး ရေးပြနေတာ – အမေရိကန်နဲ့ ကမ္ဘာ့ဘောလုံး ဘယ်သင်းက ဘယ်လိုကွာသလဲ ဆိုတာ ရိပ်မိသလောက်ရှိမယ် ထင်တယ်။
တကမ္ဘာလုံးက ရှေးအကျဆုံး ဆောကားဆိုတဲ့ ဘောလုံးအားကစားကို ခုံမင်စွဲလန်း ချစ်ခင်ကြတယ်။ ကစားကြတယ်။ ဗြိတိန်က တီထွင်ပြီး ဘရာဇီးက ပြုပြင်လိုက်တယ်လို့ ဆိုရိုးရှိတယ်။ နိုင်ငံတကာက ဘောလုံး အသင်းတွေဟာ ချစ်ကြည်ရေးပွဲတွေ ဆင်နွှဲပြီး နိုင်ငံချင်းတွေ နီးစပ်အောင်လုပ်ကြတယ်။ ဘောလုံးပွဲနဲ့ ချစ်ကြည်ရေးတွေ ရှိသလို ဘောလုံးနဲ့ပဲ သတ်ကြ၊ ပုတ်ကြ၊ ရန်ဖြစ်ကြတွေ ရှိတယ်။
သို့သော်လည်း အမေရိကန်ဘောလုံးက သူတို့တိုင်းပြည်သက်တမ်း နှစ် ၂၀၀ ကျော်မှာ သူတို့ချည်းသာ ၀ါသနာအတင်းပါတဲ့ ကစားနည်း ဖြစ်တယ်။ ဆင်တူတဲ့ ရပ်ဂဘီလို ကစားနည်း သြစတြေးလျမှာ ရှိလို့ ကြားဖူးတယ်။ နောက်ပြီး ထိုးစစ်တလှည့်၊ ခံစစ်တလှည့် ကစားတဲ့ ကစားနည်းဆိုလို့ အမေရိကန်ဘေ့စ်ဘောတို့၊ ဥရောပက ခရစ်ကက်တို့ ရှိတယ်လို့ ဆိုတယ်။ သို့သော် အမေရိကန်ကစားနည်းဆိုတာဟာ စည်းကမ်းနည်းလမ်းတွေများ၊ အကုန်အကျတွေ များ၊ အချိန်တွေ အတော်ကုန်၊ အင်မတန် ကြီးကျယ်ခမ်းနားအောင် ချဲ့ထားတဲ့ ကစားနည်းပါကလားလို့ အတွေးခေါင်ကြည့်ကြမယ် ဆိုရင်လည်း ရမယ် ထင်ပါရဲ့။
အင်း … နောက်ထပ် “သို့သော်” တလုံးတော့ ထပ်တိုးလိုက်မယ်။ နိုင်ငံတကာရဲ့ နိုင်ငံရေးစစ်မျက်နှာတွေက ကစားကွက်တွေဟာ ကမ္ဘာဘောလုံးပွဲတွေနဲ့ တူတယ်လို့ ပြောလိုက်ချင်တယ်။ ပွဲစလိုက်တာနဲ့ အပြတ်ကို ကန်ကြတော့တာပဲ မဟုတ်လား။ နှစ်သင်းကို ရင်ဆိုင်ချပေးလိုက်လို့ကတော့ ရှုံး ရှုံး နိုင် နိုင် ကန်ကြရတာပဲလေ။ ရှုံးမှန်းသိရက်နဲ့လည်း တသင်းလုံးဟာ အနာခံပြီး ကန်ကြရတယ်။ ဒိုင်လူကြီးကို ရှေ့ထားပြီးတော့ လူချ ကစားချင်လည်း ကစားကြတယ်။ နိုင်မှန်းသိပေမယ့် သတိလက်လွတ်တဲ့အခါမှာ အောက်အသင်းကို ရှုံးချင်လည်း ရှုံးရတော့ တာပဲ ဖြစ်တယ်။ ဥပမာအားဖြင့် ယူကရိန်းနဲ့ ရုရှားစစ်မှာ ရုရှားဟာ ပွဲကို အနိုင်ကစားဖို့ ကွင်းထဲဝင်လာသလို၊ ယူကရိန်းတွေဖက်လည်း ရှုံးနေမှန်းသိသိနဲ့ မလျော့တမ်း ပြန်တိုက်၊ ပြန်ကစားနေရတာပါပဲ။
အမေရိကန်ဘောလုံးအသင်းတွေကတော့ ခံစစ်တလှည့်၊ ထိုးစစ်တလှည့်မှာ သူတို့ရဲ့ ဘောလုံးနည်းဗျူဟာတွေနဲ့ ကစားပွဲတွေကို ဆွဲဆန့်ပြီး ကစားနိုင်တယ်။ ကိုယ်က ထိုးစစ်ဆင်ပြီဟေ့ ဆိုတာနဲ့ တဖက်အသင်းဟာ ခံစစ်မပြင်ဘဲနဲ့နေရင် ကိုယ့်ဖက်က ညှာနေမှာ မဟုတ်သလို၊ တဖက်အသင်းကို ထိုးစစ်ဆင်ခွင့်ပေးလိုက်ချိန်မှာ ကိုယ့်ဖက်က အစွမ်းကုန် ခံစစ်ကို ပြင်ပြီးတော့ ရင်ဆိုင်မှာ ဖြစ်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။
ထင်ရှားတဲ့ ဥပမာကတော့ နိုင်းအီလဲဗင်းမှာ အာဖဂန်ကို ထိုးစစ်ဆင်ဖို့ နိုင်ငံတကာမှာ အချိန်ယူ ပြင်ဆင်ပြီးမှ ထိုးတာ ဖြစ်သလို၊ အီရတ်ကို တိုက်ဖို့အတွက်ကလည်း အချိန်ယူ ပြင်ဆင်ပြီးမှ ဘယ်သူမှ ပါပါ မပါပါ ကိုယ့်ဖာသာကိုယ် လုံတဲ့ ခံစစ်ကို ပြင်ပြီးမှ ထိုးတာ ဖြစ်တယ်လို့ ပြောချင်တာပါပဲ။ အမေရိကန်တွေက စစ်ရေးမှာ ထိုးစစ်ချိန် ထိုး၊ ခံစစ်ချိန် ခံ၊ ကျွမ်းကျင်တဲ့ ကစားသမား အမျိုးအစားခွဲခြားပြီး ကစားသလို စီးပွားရေးမှာလည်း စီးပွားတက်ချိန်ဗျူဟာနဲ့ စီးပွားကျချိန် ခံစစ်ကစားရမှာကို ပြင်ဆင်ထားလေ့ရှိတာ တွေ့နိုင်ပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တို့ ရွေးကောက်ပွဲ ကစားပွဲစဉ်တွေမှာလည်း ရှုံးတယ်၊ နိုင်တယ် ဆိုတာထက် ရေရှည်မှာ ထိုးစစ်တလှည့်၊ ခံစစ်တလှည့် အရင်းအနှီး အပြည့်အစုံ၊ ပြင်ဆင်မှု အပြည့်အစုံနဲ့ ထိုးကြ၊ တိုက်ကြ၊ ခံကြတာ ဖြစ်တယ်လို့ မြင်မိပါတယ်။ ရွေးကောက်ပွဲတခုတည်းနဲ့ တိုင်းပြည်နဲ့ ကံကြမ္မာကို အဆုံးအဖြတ်ခံကြသော်လည်း ဒီရွေးကောက်ပွဲတခုမှာ ခံစစ်နဲ့ ကစားလိုက်တဲ့ အရှုံးပါတီဟာ နောက်ရွေးကောက်ပွဲမှာ တိုက်စစ်ဆင်ကြတာမျိုးတွေ တွေ့ရတာကိုး။ ကျနော်တို့ဆီကတော့ တပွဲတိုး၊ အပြတ်၊ အကွဲအပြဲ ကိုင်မှာပဲ။ ပြီးလို့ ရှုံးသွားရင် ညစ်မယ်၊ သို့မဟုတ် နောက်မကန်တော့ဘူး၊ ကမ္ဘာကြီးနဲ့ချီ စိတ်နာပြီး ကျောခိုင်းမယ်။ အဲ … နိုင်တဲ့သူကလည်း ရှုံးတဲ့သူကို တခါတည်း အပြတ်ချေမှုန်းပစ်မယ်။ ဒါမျိုးတွေ ဖြစ်တတ်တယ် မဟုတ်လား။ အာရှက ဘောလုံးပွဲတွေ ပြောပါတယ်။
ကဲ … ပြောချင်တာကတော့ ကမ္ဘာ့ဘောလုံးပွဲတွေလို မိနစ် ၉၀ အတွင်းမှာ သို့မဟုတ် ပယ်နတီကစ်တွေ အတွင်းမှာ နိုင်မယ်ဆိုလို့ကတော့ ကန်ပေါ့ဗျာ။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ကန်ကြစေသတည်းပေါ့။ အင်း မိနစ် ၉၀ နဲ့ မနိုင်ဘူး ထင်ကြရင်တော့ အမေရိကန်ဘောလုံးပွဲတွေကို အတုယူပြီး ဉာဏ်များသင့် ဉာဏ်များကြရင် ကောင်းလေမလားလို့ တွေးမိကြောင်းပါ။
ဘယ် ရွေးကောက်ပွဲတွေ့တွေ့ … ဒို့ကတော့ ရှိတဲ့ ဖိနပ်စုတ်လေး စွတ်ပြီး ၀င်ကန်မှာပဲ ဆိုလို့ကတော့ မတားပေါင်ဗျာ။ ပွဲကြည့်စင် ဟိုချောင်ကနေ ပရုပ်ဆီဗူးလေး ဆောင်လို့ ကျပ်ထုပ်ထိုးပေးဖို့ အဆင်သင့်စောင့်နေရုံသာ ရှိပါတယ်။