တူမောင်ညို – ခေတ်သုံးခေတ်အကျဉ်းသားနဲ့ကျနော်

တူမောင်ညို – ခေတ်သုံးခေတ်အကျဉ်းသားနဲ့ကျနော်
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၄

ထောင်စာအုပ်တွေဖတ်ဖူးပါတယ်။
အဲဒီအထဲကမှ (ဦး) အောင်သူ (မန်းတက္ကသိုလ်) ရဲ့ “ခေတ်သုံးခေတ် အကျဉ်းသား” ဆိုတဲ့စာအုပ်နဲ့ပတ်သက်ပြီး ကျနော့် အမြင်ပြောပါရစေ။

“ကန့်ဘလူလယ်သမားတွေလွတ်မြောက်ရေး၊ ထားဝယ်လယ်သမားတွေလွတ်မြောက်ရေး၊ ဖြူနှင်းထွေးလွတ်မြောက်ရေး” ကြွေးကြော်သံ တွေ ဘဝဂ်ထိအောင်ညံနေချိန်မှာ ဒီစာအုပ်ကို ကျနော်ဖတ်ရတာပါ။

ရှင်းလင်းပေါ်လွင်အောင်ပြောရရင် ဒီစာအုပ်က ထောင်နဲ့ပတ်သက်ပြီး “ထောင်သံဝေဂ/ ထောင်တရား” ရသွားပုံကို ရေးထား တာတော့ မဟုတ်ဘူး။ ထောင်ထဲမှာရရှိသွားတဲ့ “မြတ်ဘုရားရဲ့အမြိုက်တရား” မျိုးလည်းမဟုတ်ဘူး။ထောင်ထဲမှာတချို့တွေရသွားတတ် တဲ့ “နိုင်ငံရေး သံဝေဂ” လည်းမဟုတ်ဘူး။

ထောင်ဆိုတဲ့ ဖိနှိပ်ညှင်းပမ်းရေးယန္တားကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းရသလဲ၊ အုပ်စိုးသူအာဏာပိုင်တွေက ဘယ်လို ယုတ်မာ ကောက်ကျစ် ရက်စက်သလဲဆိုတာကို ၁၉၅၃ ကနေ ၂၀၀၅ အတွင်း သူဖြတ်သန်းသွားရတဲ့ (ခေတ်သုံးခေတ်) အတွေ့အကြုံတွေထဲ ကနေ ကွင်ကွက်ကွင်း ကွင်းရေးပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်က မျိုးဆက်သစ်များ ထောင်ကို ကြောက်ရွံ့ကျိုးနွံသွားအောင်ရေးထားတဲ့ စာအုပ်မဟုတ်ဘူး။ ထောင်ကိုမကြောက် ဘူး/ ရင်ဆိုင်မယ်ဆိုတဲ့ ခွန်အားသတ္တိနဲ့ရဲရင့်တည်ကြည်မှုတွေ အလျှံညီးညီးတောက်ပလာစေတဲ့ စာအုပ်လို့ ကျနော်ယူဆတယ်။
ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ”စာအုပ် နဲ့ တွဲပြီးဖတ်သင့်ပါတယ်။

လူငယ်ကျောင်းသားဆိုတာ ခေတ်တိုင်းရဲ့လှံသွားအခန်းကနေ ပါခဲ့ကြသူတွေမဟုတ်ပါလား။ (ဦး) အောင်သူ (မန်းတက္ကသိုလ်) ဟာ သူ့ခေတ် မှာ လှံသွားအခန်းက ပါဝင်ခဲ့ကြသူ ကျောင်းသားလူငယ်တွေထဲက တစ်ဦးဖြစ်ပါတယ်။

သူတို့ရင်ဆိုင်ဖြတ်သန်းသွားရတဲ့ခေတ်တွေရဲ့ဖိနှိပ်မှုတွေကိုရေးပြထားသလို၊ သူတို့ ရပ်တည်ရင်ဆိုင်ကြတဲ့ သဘောထားတွေ နဲ့ကျင့်သုံးခဲ့တဲ့နည်းနာတွေကိုလည်း ပီပီပြင်ပြင်ရေးပြထားပါတယ်။

ရည်တည်ချက်ကတော့ နည်းနာလို့ အခြေအနေအချိန်အခါကိုလိုက်ပြီးပြောင်းနိုင်တာမျိုးမဟုတ်ပါဘူး။ အဖိနှိပ်ခံပြည်သူတွေဘက်က၊ စစ်မှန်တဲ့ဒီမိုကရေစီဘက်က၊ ပြည်တွင်းစစ်ရပ်စဲပြီးပြည်တွင်းငြိမ်းရေးတည်ဆောက်ရေးဘက်က မပြောင်းမလဲရပ်တည်ကြတာပါ။

“နည်းနာ” ဆိုတာကတော့ ခေတ်ကာလရဲ့ပေးထားချက်တွေ အပေါ်ကနေ တည်ထွင်မှုရှိရှိ ဆန်းသစ်ဖန်တီးကြရတာမို့ သူတို့ ခေတ် သူတို့အခါက နည်းနာတွေဟာ ကျနော်တို့အတွက် သင်ခန်းစာနဲ့အတွေ့အကြုံ ကောင်းတွေ ဖြစ်ပါတယ်။ ပုံတူကူးလို့တော့ ဘယ် ဖြစ်နိုင်မှာလဲ။

သူတို့ခေတ်မှာ ပျူစောထီးကိုရင်ဆိုင်ရပြီး၊ ကျနော်တို့ခေတ်က လက်သစ်ပျူစောထီး(ဝါ)  ကြံ့ဖွံ့စွမ်းအားရှင်တွေနဲ့ “ဘယ်ကမှန်း မသိတဲ့ ဓါးလွတ်ကိုင်လူအုပ်ကြီးတွေ”ကို ရင်ဆိုင်နေရတာပါ။

“ဘားမားစတိတ် စီးကရက်ဘူးခွံ” တစ်ခုဟာ သူတို့ခေတ်ရဲ့ (ဖဘ) လို့ပြောရင်ရမယ်လို့ကျနော်ထင်ပါတယ်။ ဒီစီးကရက်ဘူးခွံ လေးကြောင့် ပြည်သူ့ရဲဘော်ခေါင်းဆောင်သုံးဦး ပျူစောထီးတွေအသတ်ခံရမယ့်ဘေးကနေ သီသီကလေးလွတ်မြောက်သွားပုံဟာ စိတ် ကူး ယဉ်ဇာတ်လမ်းတွေထက် ထူးခြားဆန်းကျယ်ပါတယ်။

“၁၉၄၇ အခြေခံဥပဒေ”နဲ့ (ဖဆပလ) အစိုးရခေတ်ကာလကို “ဒီမိုကရေစီရှိတယ်”လို့ ယေဘုယျအားဖြင့်ပြောကြပါတယ်။ ပြောတဲ့သူတွေ ထဲမှာ အခြေခံအားဖြင့် ၂ မျိုး ၂ စားတွေ့ရပါတယ်။ ပထမအမျိုးအစားက (ဖဆပလ)ခေတ်မှာ အုပ်စိုးသူ အဝန်းအဝိုင်း အတွင်းကလူတွေနဲ့ ဆက်နွှယ်နေသူတွေ (ဖဆပလ ဒီမိုကရေစီနဲ့စားသာခဲ့ကြတဲ့သူတွေ) ကပြောတာဖြစ်ပြီး။ ဒုတိယတမျိုးက ကျနော်တို့ လို “ပြည်တွင်းဖြစ် ဖက်ဆစ်ခေတ်ကြီး”ထဲ မှာ ကြီးပြင်းလူလားမြောက်လာခဲ့ကြသူတွေက စိတ်မှန်းနဲ့နှိုင်းယှဉ်ပြီးပြောကြတာမျိုးပါ။ ဒါကလည်း တကယ်တော့ ဒယ်အိုးထဲကအပူနဲ့ မီးဖိုထဲက အပူကို နှိုင်းယှဉ်ပြီး ပြောတာမျိုးသာဖြစ်ပါတယ်။

ဗန်းမောင်တင်အောင်၊ လူထုဦးလှ၊ ဒဂုန်တာရာ၊ သခင်မြသန်း၊ သခင်ဖေဌေး၊ ဗိုလ်ချုပ်အစ်ကိုဦးအောင်သန်း စတဲ့ နိုင်ငံရေး သမားတွေ၊ စာရေးဆရာတွေရေးတဲ့  စာအုပ်အချို့ကို ဖတ်ဖူးတယ်ဆိုရင်ပဲ  “ဖဆပလဒီမိုကရေစီ” ဘယ်လောက်ခါးတယ်ဆိုတာ လွယ် လွယ်သဘော ပေါက်နိုင်ပါတယ်။ ကျနော်ဟာ ဖဆပလဒီမိုကရေစီရဲ့ခါးတဲ့အရသာကို စာအုပ်တွေထဲကနေတဆင့် သိလာရသူပါ။

(ဦး)အောင်သူ က သူ့ဖြတ်သန်းသွားတဲ့ခေတ်သုံးခေတ်ထဲမှာ တိုင်းပြည်နဲ့ပြည်သူတွေမှာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးမရှိပုံ ကိုရေး ပြထားပါ တယ်။

၂၀၀၈ အခြေခံဥပဒေနဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရခေတ်ကလည်း ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဟာ မူးလို့တောင်ရှူစရာ မရှိ တဲ့ ခေတ်ပဲဖြစ် နေပါသေးတယ်။ “ပုဒ်မ ၁၈ ၊ ဘူဒိုဇာနဲ့တင့်ကား” တို့နဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေကို ဖိနှိပ်နင်းချေ နေတဲ့ ခေတ်ဖြစ်ပါ တယ်။

အခြေခံဥပဒေလုံးဝမရှိတာထက် ရှိတာကမကောင်းဘူးလား။ ဖန်ခွက်ရေမရှိတာထက် တစ်ဝက်ရှိနေတာကောင်းတယ်လို့ ရှေ့နေလိုက်ခဲ့ကြ သူတွေဟာ (ဗိုလ်)ဦးသိန်းစိန်တို့ရဲ့ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ကို သကာဖုံးပေးနေသူတွေ၊ ဇာနာတပ် ပေးနေ သူတွေ၊ ပြည်သူတွေ ကို ကျုံးသွင်းမှိုင်းတိုက်နေသူတွေသာဖြစ်တယ်။

သူတို့တတွေဟာ အုပ်စိုးသူတစ်သိုက်နဲ့ စိတ်တူကိုယ်တူတွေပြီး ၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ကို အလုပ်အကျွေးပြုနေသူတွေသာ ဖြစ်တယ်။

ခေတ်သုံးခေတ်အကျဉ်းသား
အောင်သူ (မန်းတက္ကသိုလ်)
၂၀၁၃၊ ဧပြီ၊ (ပထမအကြိမ်)
ဇင်ရတနာစာပေ၊ အုပ်ရေ ၁၀၀၀
တန်ဖိုး ၁၈၀၀ ကျပ်

One thought on “တူမောင်ညို – ခေတ်သုံးခေတ်အကျဉ်းသားနဲ့ကျနော်

  1. ဆရာတူးမောင်ညို ခင်ဗျား၊ … အခုလိုဖေါ်ပြရေးသားမှပဲ လူတွေသတိပြန်ရလာကြတယ်။
    မြန်မာလူငယ်တွေ.. ဗီယက်နမ်၊တရုပ် တွေလိုပဲ.. အသွင် ပြောင်းလဲနေပြီ၊ ငွေရရှိရေး၊ ဟန်းဖုန်းနဲ့သီချင်း၊ဗီဒီယိုတွေနဲ့ ဇိမ်ခံ၊အချိန်ကုန်၊ အလုပ်ကောင်းကောင်းရရှိရေး ..နိုင်ငံခြားထွက်ရေးလမ်းကြောင်းတွေ ပွင့်ကုန်တော့ အဲဒီကိုပြေးနေကြပြီလေ။ လယ်သမား၊ ဆင်းရဲသား၊ လူ့အခွင့်အရေးတွေပေးပါတယ်။ အလုပ်တော့ ရှားလွန်းနေဆဲပါ။ ..ဥပမာ.. မိချောင်းကန်သပိတ်စခန်း မြို့လယ်ခေါင် ဆူးလေဘုရား၊ဗန္ဒုလပန်းခြံဘေးမှာပဲ ချက်ပြုစားသောက်၊ တဲထိုး၊ညအိပ်၊ တရက်၂ခေါက် မြို့တော်ခန်းမ တစ်ပတ်လျှောက်၊ဒို့အရေးကြွေးကြော်လက်မောင်းတန်း၊ ပြိးတော့ မြို့တော်ခမ်းမရျေ့ထိုင်ပြီး ဒို့အရေး၊လော်စပီကာနဲ့အော်.. ကျုပ်ရန်ကုန်ရောက်တုန်းက သူတို့ကို အင်တာဗျူးလိုက်သေးတယ်။ ရက်ပေါင်း၁၀၀ သင်္ကြန်ရက်တွင်းလဲ ကြံကြံခံတဲ့ သပိတ်စခန်းတောင်၊ ထောက်ပံ့၊ကျွေးမွေးတဲ့ သူဌေးလူတွေလဲ ရှိတယ်။ အခု ရက်၂၀၀ကျော်တော့ လူတွေ စိတ်ပျက်ပြီးပြန်ကုန်ကြပြီလေ… ဒီတော့၊ အဲဒီအုပ်စုမှာ လူငယ်တွေမပါဘူးဗျ။ သတ္တိခဲမိန်းမကြီးတွေပဲ..။ ဒီတော့…

Comments are closed.