ကဗျာ

မောင်စိုးချိန် – ပြည်တွင်းစစ်ရပ်ပစ် — ငြိမ်းချမ်းရေးပေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်စိုးချိန် – ပြည်တွင်းစစ်ရပ်ပစ် — ငြိမ်းချမ်းရေးပေး
စက်တင်ဘာ ၃၀၊ ၂၀၁၄

(၂၀၁၄ စက်တင်္ဘာ စစ်ရပ်စဲရေး ငြိမ်းချမ်းရေး ပြည်တွင်း လူထုလှုပ်ရှားမှုသို့ ဂုဏ်ပြုကဗျာ)

ပြည်တွင်းစစ်
စစ်ရဲ့သားကောင်
စစ်ရဲ့ ဓားစာခံ
စစ်ရဲ့ကျေးကျွန်
လုံးဝမဖြစ်လို
ဖြစ်ခဲ့ရ
စစ်ရဲ့အနိဋ္ဌာရုံ
မကြုံလိုဘူး
ကြုံခဲ့ရ
ခါးစီး ခံကြရ
လူထုဘဝပဲ။

စစ်ပါးစပ်ထဲ
စစ်သွားမေးရိုး ကြိတ်ချေ
သေကြေ ပျက်စီး ဆုံးရှုံး
လူညွှန့်တုံးနစ်နာခဲ့
လူထုတွေပဲ။

အုပ်စိုးသူ မိစ္ဆာက
ပြည်တွင်းစစ်နဲ့ လက်ထပ်ပေးခဲ့
အဓမ္မထိမ်းမြားခံခဲ့ရ
လူမျိုးစုံ ပြည်သူလူထုပဲ။

ဘယ်မှာလဲ
ငြိမ်းချမ်းလှပ ချိုမြ ချိုးကူသံ
စစ်အော်သံ
သေနတ်သံပဲ တရံမလပ်
ခြောက်ဆယ့်ခြောက်နှစ်
ပြည်တွင်းစစ်
လည်မျို ညှစ်သတ်နေခဲ့။

မြေတလက်မ
ခြေချတိုင်း
ဖိနှိပ်စစ်  စစ်လှိုင်းဂယက်က
ပြေးမလွတ်
မလွတ်တော့။

ဖိနှိပ်အုပ်စိုးသူ
စစ်ဗိုလ်
စစ်ကိုလိုလား
စစ်နဲ့မျှား  စစ်နဲ့ကစား
စစ်နဲ့ ရင်းနှီးမြှုပ်နှံ
လူထုအလောင်းတွေပေါ်မှာ
ချမ်းသာလာ
ပြာပုံပေါ်မှာ
အရိုးတောင်ပုံ ပေါ်မှာ
သိတ်ကြွယ်ဝလာ
ပူဆွေး ငိုကြွေးသံထဲမှာ
မိသားစု ဥကွဲ သိုက်ပျက်
ပျက်ပြန်းပြိုကွဲ  ကြေမွမှုတွေပေါ်မှာ
ကြွယ်ဝ ချမ်းသာလာ
စစ်ဗိုလ် ချုပ်တွေပါ
အမြတ် အစွန်းဖူးပွင့်  ခူးဆင့်
အခွင့်ထူးခံ  စိုးစံ
ဘုံပျံ နန်းပေါ်မှာ။

တကယ့်တကယ်
ပြည်တွင်းစစ် လက်သပ်မွေး
စစ်ခွေး
စစ်ရာဇဝတ်ကောင်တို့ရဲ့
တကယ့်စီးပွားရေး လုပ်ငန်းဖြစ်ခဲ့
စစ်ဟာ
မိစ္ဆာစစ်ဘီလူးတို့ရဲ့
ထုတ်ကုန်ပစ္စည်း စစ်စစ်ပဲ
သွေးအလိမ်းလိမ်း
သွေးစိမ်းရှင်ရှင် ပစ္စည်းပဲ
ရာထူးကြီးတွေ တိုးမြှင့် အရယူခဲ့တဲ့နေရာ
ဒီစစ်ထဲမှာ။

လူထုတွေ
အမြဲတစေ တောင့်တခဲ့
အသွေးအသားထဲက တောင်းဆိုခဲ့
ပေးပါ ငြိမ်းချမ်းရေး
ပေးပါ ဒီမိုကရေစီ
ပြည်တွင်းစစ် ရပ်ပစ်ပါ
လူထုတိုက်ပွဲ
လူထုအားနဲ့ပြသ
လှုပ်ရှားခဲ့ကြလေရဲ့။

စစ်ပြုသူနဲ့
စစ်ရဲ့သားကောင်တွေကြားမှာ
အဖိနှိပ်ခံနဲ့ 
စစ်နဲ့ ဖိနှိပ်သူတို့ ကြားမှာ
အကျိုးအမြတ်မတူ
အကျိုးစီးပွားမတူ
လုံးဝမတူ ဆန့်ကျင်ဘက်
ရန်ဘက် ပဋ္ဌိပက္ခ

စစ်ကျွန်ပြု ခံရသူ
လူမျိုးစုံ ပြည်သူ
အလံထူ
တိုက်ယူမှ ရမယ်
ငြိမ်းချမ်းရေးအတွက်
လက်နက်ဟာ
လူထုတိုက်ပွဲ ပဲဟေ။      ။

မောင်စိုးချိန်
စက်တင်္ဘာ ၁၉၊ ၂၀၀၄
(စစ်အာဏာသိမ်းတဲ့နေ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts