သူတို့အာဘော်

ဇင်လင်း – ငြိမ်းချမ်းရေးခရီး…မိုင်ထောင်ချီ လှမ်းရဦးမှာလား

ဇင်လင်း – ငြိမ်းချမ်းရေးခရီး…မိုင်ထောင်ချီ လှမ်းရဦးမှာလား
စက်တင်ဘာ ၃၀၊ ၂၀၁၄

စက်တင်ဘာ ၂၁ ရက်ဟာ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်သူလူထုအဖို့နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်ဒဏ် ခံနေရတဲ့အလျှောက် ငြိမ်းချမ်းရေး ဆာလောင်မွတ်သိပ်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးနေ့    မှာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ရာနဲ့ချီတဲ့ ပြည်သူလူထုဟာ ရန်ကုန်မြို့အနှံ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြတာ သတင်းမီဒီယာတွေမှာ တွေ့ရပါတယ်။ ရန်ကုန်မှာတင်မက မန္တလေး၊ မော်လမြိုင်၊ ပုသိန် နဲ့စစ်တွေမြို့တွေမှာလည်း  ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့အကြောင်း သတင်းဂျာနယ်တွေက ဖေါ်ပြကြပါတယ်။

နောက်တနေ့ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက်မှာ အစိုးရနဲ့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ရဲ့ (၆) ကြိမ်မြောက် အပစ်ရပ်ရေးဆွေးနွေးပွဲကို ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှာ စတင်ကျင်းပခဲ့ပါတယ်။ စက်တင်ဘာ လ ၂၆ ရက်နေ့အထိ၊ (၅) ရက်တိုင်တိုင်ပြုလုပ်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ဆွေးနွေးပွဲမှာ အချက် (၅) ချက်သာ ဆွေးနွေးဖို့ ကျန်တယ်လို့ နှစ်ဦးနှစ်ဖက် ထုတ်ပြောဖေါ်ပြောထားခဲ့ပါတယ်။ ဒါကြောင့် အခုကျင်းပမယ့် (၅) ရက်ကြာ ဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အပြီးသတ်နိုင်စရာ ရှိတယ်လို့ တချို့ကမျှော်လင့်ကြပါ တယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်ကတော့  ဒီတစ်ကြိမ် (စက်တင်ဘာ ၂၂ -၂၆) ဆွေးနွေးပွဲ က အပစ်ရပ်ရေး စာချုပ်မူကြမ်းကို အပြီးသတ်ဆွေးနွေးဖို့ စီစဉ်ကြတာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပြကြောင်းလည်း သိရပါတယ်။

“အဓိကကတော့ အပစ်ရပ်မူကြမ်းကို အမြန်ပြီးအောင်လို့ပဲ ရည်မှန်းချက်ထားပါတယ်။ ဒီ မူကြမ်းက ကျနော်တို့ သဘောတူချက် မရမချင်း ပြင်ဆင်နေမှာပေါ့။ အဓိက တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ တပ်နေရာချထားရေး စသဖြင့် ဆွေးနွေးဖို့ ရှိပါတယ်။ အပစ်ရပ် မူကြမ်းကတော့ ကျနော်တို့ နောက်ဆုံးဖြစ်စေချင်တယ်။ ဒါပေမယ့် မူကြမ်းပြီးရင် ဆက်ပြီးလုပ်ရမယ့် ကဏ္ဍတွေက အများကြီး ကျန်ပါသေးတယ်။ တချို့ကပြောတာ ဒီတခါနောက်ဆုံးလားလို့ပြောရင် ဒီ process က နောက်ဆုံးလို့ ပြောလို့မရဘူး၊ ပြီးတဲ့အထိ သွားရဦးမယ်၊ နောက်ဆုံးတော့မဟုတ်ဘူး။” လို့ ဗိုလ်ချုပ်ဂွန်မော်ရဲ့ ပြောကြားချက်ကို ထောက်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲခရီးဟာ မိုင်ပေါင်းထောင်ချီ သွားရဦးမယ့်သဘောပါပဲ။ လူထုက မြန်မြန်ငြိမ်းချမ်းချင်ပေမယ့် အခြေအနေက ၂၀၁၅ ရွေးကောက်ပွဲလွန် ကာလ၊ နောက်အစိုးရလက်ထက်အထိ ဆက်လက်သယ်ဆောင်ရမယ့်ပုံ တွေ့နေရတယ်။

ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နဲ့ အတူ အစိုးရဘက်က ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီ၊ ဦးသန်းဌေး တို့အပြင် တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(စစ်ဥပဒေချုပ်) လည်း ပါဝင် တက်ရောက်တာတွေ့ရပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဘက်ကတော့ နိုင်ဟံသာ ခေါင်းဆောင်နဲ့အတူ တပ်ပိုင်းဆိုင်ရာ တိုင်းရင်းသားတပ်မှူးတွေ ပါဝင်တက်ရောက်ကြပါတယ်။ အခု ဆွေးနွေးပွဲမှာ နိုင်ငံရေး မူဘောင်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစီအစဉ်၊ တပြည်လုံး အပစ်ရပ်သဘောတူညီချက်မှာ ဘယ်သူတွေလက်မှတ်ထိုးမှာလဲ၊ အပစ်ရပ်ပြီးနောက် တပ်နေရာချထားရေးကိစ္စ၊ နှစ်ဘက်လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်း၊ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေး နဲ့ တပြည်လုံး အပစ်ရပ်ပြီးနောက်ပိုင်း တပ်သားသစ်စုဆောင်းရေး၊ မစုဆောင်းရေး စတဲ့ ကိစ္စတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

အစိုးရနဲ့ အပစ်ရပ်စဲရေး ရပြီး၊ နိုင်ငံရေးဆွေးနွေးတဲ့ ကြားကာလအတွင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေ မူလနေရာဒေသတွေမှာ တပ်စွဲခွင့် နယ်မြေ သတ်မှတ်ပေးသလို ဖြစ်မှာလည်း အစိုးရဘက်က စိုးရိမ်နေပုံရတယ်လို့ဆိုပါတယ်။ ဒါ့ အပြင် တပ်သားသစ် စုဆောင်းတာနဲ့ အခွန်စည်းကျပ်တာတွေကိုလည်း သဘောမတူနိုင်ဘဲ၊ တားမြစ်ချင်ပုံရတယ်လို့ NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ဘီဘီစီ ကို ပြောတယ်လို့လည်း သိရတယ်။ NCCT ဘက်က အပစ်အခတ်ရပ်စဲပြီးရင် အစိုးရရယ်၊ ပါတီတွေရယ် နဲ့ လက်နက်ကိုင်တွေပါတဲ့ ပူးတွဲနိုင်ငံရေး ဦးဆောင်အဖွဲ့ ဖွဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကျင်းပသွားစေချင်တယ်။ အစိုးရဘက်က တော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အစိုးရ၊ စစ်တပ်၊ လွှတ်တော်၊ တိုင်းရင်းသားတပ်တွေနဲ့ ပါတီတွေဆိုပြီး ငါးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်ဖို့ လိုလားနေတယ်လို့ဆိုတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကတော့ အောက်တိုဘာမှာ အပစ်ရပ်လက်မှတ်ထိုးပြီး ၂၀၁၅ ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ချင် တယ်လို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။ တချိန်တည်းမှာ ပြည်တွင်းနိုင်ငံရေး ပါတီတွေကလည်း နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲရေး လုပ်ငန်းတွေ စတင် ပြောဆို ဆွေးနွေး လုပ်ဆောင်လာကြတာ တွေ့လာရပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားသို့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာတော့ – “ ကျွန်ုပ်တို့ နိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပေါ်ပေါက်ခဲ့ သော နိုင်ငံရေး ပြဿနာများ ကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းမရှိခဲ့သည့်အတွက် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရာ ပြည်ထောင်စု အတွင်းရှိ ဒေသများစွာမှ ပြည်သူများသည် ယနေ့တိုင် ငြိမ်းချမ်းရေး အနှစ်သာရကို ပြည့်ဝစွာ ခံစားရရှိခြင်းမရှိသည်ကို သိရှိကြပြီးဖြစ်ပါသည်။” လို့ဆိုထားတာတွေ့ရပါတယ်။

သ၀ဏ်လွှာမှာ နိုင်ငံတော်သမ္မတက– “ မကြာမီတွင် ကျွန်ုပ်တို့အားလုံး အတူတကွ ကြိုးပမ်းမှုဖြင့် ပေါ်ပေါက်လာသော ရလဒ်များကိုအခြေခံ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များရေးဆွဲခြင်းနှင့် ကျယ်ပြန့်သည့်နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ များ ပြုလုပ်ခြင်း စသည့် အဆင့်များသို့ အဆင့်ဆင့် တက်လှမ်း ကြမည်ဖြစ်ရာ ပြည်သူတစ်ဦးချင်းစီအနေဖြင့် မိမိတို့တတ်စွမ်းသည့် အနေအထားမှ ပါဝင်ဆောင်ရွက် နိုင်သည့် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။”  လို့ ဆက်လက်ဖေါ်ပြထားပါတယ်။

နိုင်ငံတော်သမ္မရဲ့ သ၀ဏ်လွှာမှာဖေါ်ပြတဲ့ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်း နဲ့ ဖြေရှင်းနိုင်ခြင်း မရှိတဲ့အတွက် ပြည်သူတွေ ယနေ့တိုင် ငြိမ်းချမ်းရေးအရသာ မခံစားရသေးဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရေးကိစ္စကတော့ နိုင်ငံတော်သမ္မမျှော်မှန်းသလို လွယ်လွယ်နဲ့တော့ ဖြစ်နိုင်ခြေမရှိပါ။ နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များရေးဆွဲခြင်း ကျယ်ပြန့်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ခြင်း စတဲ့ အဆင့်တွေအထိ တက်လှမ်းဖို့ကလည်း ထင်သလောက် လွယ်ကူမယ် မဟုတ်ပါ။ အကြောင်းက တော့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးမှု မပြေလည်ခဲ့ရင်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ လွယ်ကူဖွယ် မရှိပါ။

အထူးသတိပြုစရာ ကိစ္စတစ်ခုက စက်တင်ဘာ ၁၉ ရက်နေ့မှာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က သင်တန်းသား အရာရှိတွေ နဲ့ တွေ့ဆုံစဉ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့UNFC အပေါ် ပြောဆိုချက်ဖြစ်ပါ တယ်။ UNFC ရဲ့ လုပ်ဆောင်ချက်တွေဟာ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရပါတယ်။ ဒီ ပြောဆိုချက်အပေါ် “ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (UNFC) ရဲ့ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့အတွက် အစိုးရ၊ တပ်မတော်တို့နဲ့အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များသာ ချမှတ်ထားတယ်လို့ စက်တင်ဘာ ၂ဝ ရက်နေ့မှာ တုန့်ပြန်ပြောကြားသွားပါတယ်။ NCCT အဖွဲ့မှာ အားလုံးနီးနီးက UNFC အဖွဲ့ဝင်တွေချည်းဖြစ်ပြီး၊ NCCT အနေနဲ့ အစိုးရ၊ တပ်မတော်တို့နဲ့ ပြေလည်အောင် ညှိနှိုင်း လုပ်ဆောင်ဖို့ တစ်သဘောတည်း ရှိကြောင်း၊ NCCT လုပ်ဆောင်ချက်နဲ့ UNFC လုပ်ဆောင်ချက်တို့ ကွဲပြားတာမရှိကြောင်း၊ NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ “ကရင်နီအမျိုးသားတိုးတက်ရေးပါတီ” ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ရှင်းပြတာလည်း သတင်းမှာတွေ့ရပါတယ်။

UNFC တပ်ပေါင်းစုကနေ KNU လတ်တလောထွက်သွားတဲ့ ပြဿနာ ရှိနေချိန်မှာ၊ UNFC အဖွဲ့တွင်းကိစ္စကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေနဲ့ မပြောသင့်ဘူးထင်ပါတယ်။ ငြိမ်းချမ်းရေးလိုလားရင် အချင်းချင်းအကြား နားလည်မှု လွဲစေမယ့် စကား မျိုး မပြောသင့်ပါ။ အခုလို နိုင်ငံ့ စစ်ခေါင်းဆောင်က စကားတစ်လုံးကို ထိန်းပြောရမယ့်အစား၊ ဖွင့်ပြောလိုက်ခြင်းဟာ ရည်ရွယ်ချက် တစ်ခု ရှိနေသလား…လို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ UNFC က တစိုက်မတ်မတ် ပြောခဲ့တဲ့ “ဖက်ဒရယ်ပြည်ထောင်စု” ဖွဲ့စည်းရေး၊ “ပြည်ထောင်စုတပ်မတော်” ပေါ်ထွန်းရေးမူဝါဒကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သဘောတွေ့ပုံ မပေါ်ပါ။ တပ်မတော်က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်မယ်လို့ ပြောနေချိန်မှာ၊ UNFC က “ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပြည်ထောင်စုတပ်မတော်ပေါ်ထွန်းရေး”အတွက် အားလုံးလက်ခံနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတခု အသစ်ပြန်ရေးဆွဲဖို့ တလျှောက်လုံး တောင်းဆိုခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။  KNU နဲ့ UNFC အကြား သဘောထားပဋိပက္ခ ရှိနေချိန်မှာ တပ်မတော် ကာကွယ်ဦးစီးချုပ်အနေနဲ့ UNFC ကို ဝေဖန်ပြီး KNU ခေါင်းဆောင်နဲ့ ပလဲပနံသင့်ပြနေတာဟာ၊ တိုင်းရင်းသား အချင်းချင်းကြား အထင်အမြင်လွဲမှားစေပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ထိခိုက်နိုင်ပါတယ်။

ဒီ့ အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ အကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်တဲ့ နောက် အကြောင်းတစ်ခုကတော့ တပ်မတော်က ထုတ်ပြန်ကြေညာထားတဲ့ သဘောထား(၆)ချက် ကိစ္စပါပဲ။ အဲဒီ အချက်တွေ ကတော့  “လူမသတ်ရန်၊ အဓမ္မ တပ်သားစုဆောင်းခြင်းမပြုရန်၊ ဆက်ကြေးအခွန် မကောက်ရန်၊ တပ်နေရာသစ် တိုးချဲ့ ဆောက်လုပ်မှု မပြုရန်၊ မဟာမိတ်တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်းမပြုရန်၊ အစိုးရအုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်နှင့် တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမပြုရန်”၊ အစရှိတဲ့ ကန့်သတ်ချက်တွေဖြစ်ပါတယ်။ တပ်မတော်က စစ်သားစုဆောင်းရေး မရပ်၊ တိုင်းရင်းသား ဒေသတွေအတွင်း စစ်အင်အားတိုးချဲ့နေရာယူမှုတွေမရပ်၊ တပ်နေရာအတွက် လူထုမြေယာတွေသိမ်းယူမှုမရပ်၊ တပ်ဖက်က အစိုးရအုပ်ချုပ်ရေးပိုင်းမှာ စွက်ဖက်မှုတွေ မရပ်ဘဲ၊ အခြားတစ်ဖက်ကိုသာ ပိတ်ပင်ဟန့်တားနေတာကလည်း သဘာဝမကျလှပါ။  အစိုးရနဲ့ တပ်မတော်တို့က ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ ထားရှိနေသမျှ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေ ညှိနှိုင်းမှု အဆင်ပြေ နိုင်မယ် မထင်ပါ။ မပြေလည်ခဲ့ရင်၊ လက်ရှိ အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ဖို့ နီးစပ်နိုင်ဦး မည် မဟုတ်ပါ။ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းအနေဖြင့် တိုင်းရင်းသားများအပေါ် တန်းတူအခွင့်အရေးပေးဖို့တွန့်ဆုတ်နေ သမျှ မြန်မာပြည် ငြိမ်းချမ်းရေးခရီး မိုင်ထောင်ချီ သွားရဦးမယ် ထင်ပါတယ်။ နှစ်ဖက် ခေါင်းဆောင်တွေ အနေဖြင့် ဇာတိပုည ဂုဏ် မာနတွေကို စွဲလန်းဖက်တွယ်နေသမျှ မြန်မာပြည် နဲ့ ငြိမ်းချမ်းရေး၊ အလှမ်းဝေးနေဦးမယ်လို့ ရိုးသားစွာ ထင်မြင်မိကြောင်းပါ။။။။

((စက်တင်ဘာလ (၂၉) ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts