Poems ရန်လင်းအောင်

ရန်လင်းအောင် – ပိုကောင်းသွားမလားလို့

ရန်လင်းအောင် – ပိုကောင်းသွားမလားလို့
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၄

ပိုကောင်းသွားမလားလို့ အပျော်အပါးလျှော့တယ်
အပျင်းပြေအလုပ်တွေနားလိုက်တယ်

ပိုကောင်းသွားမလားလို့
ကဗျာရေးတယ်
သစ်ပင်စိုက်တယ်

ပိုကောင်းသွားမလားလို့
ပန်းချီဆွဲတယ်
ဒဏ်ကြေဆေးတွေလိမ်းကြည့်တယ်
သွေးပေါင်ခဏခဏချိန်ကြည့်တယ်

ပိုကောင်းသွားမလားလို့
ဆေးလိပ်ဖြတ်တယ်
အရက်ဖြတ်တယ်
လူပေါင်းမမှားဖို့ဂရုစိုက်တယ် ။

ပိုကောင်းသွားမလားလို့
သစ္စာဆိုတယ်  မေတ္တာပို့တယ်
မည်သို့ဆိုစေ  ကိစ္စမရှိဘူး
သင်ပုန်းချေတယ်။

ပိုကောင်းသွားမလားလို့
ပုံမပြောတော့ဘူး
အတွန့်မတက်တော့ဘူး
အငြိမ်ဇယားပဲဆွဲပါတယ်

ပိုကောင်းသွားမလားလို့
ငါးဝယ်လွှတ်တယ်
ငှက်ဝယ်လွှတ်တယ်
လိုအပ်ရင်
ကံ့ကော်ညွန့်လို အချိုးခံပါ့ မယ်

ပိုကောင်းသွားမလား လို့
အိပ်ယာနေရာသန့်ထားလို့
အိပ်မက်လှလှစွဲအောင်တွေးလို့
အေးအေးလူလူကမ္ဘာကြီး
ဘယ်တော့ဘယ်လိုပြန်လာနိုင်မလဲ
စိတ်နဲ့ကိုယ်ဘယ်တော့ မြဲမြံပါ့ မလဲ
မင်း သေမှအေးမယ်ဆိုလည်း
ပြဿနာမရှိ
အပိုစကားဆိုစရာ ငါ့မှာ နတ္ထိ ။

ပိုကောင်းသွားမလားလို့
ပိုကောင်းသွားမလားလို့
ပိုကောင်းသွားမလားလို့  . . . . ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts