ဟေမာန်သဇင် – လျှပ်တပြက် အမှတ်တရများ
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၄
စာမရေး တာ ကြာပြီ။ အလုပ်မအားတာအကြောင်းပြပြီးတော့ လေ။ စိတ်ထဲမတော့ နေ့ တိုင်း ရေးချင်တာ တွေ စီပြီး ရေးနေပေရဲ့ ။ချမရေးဖြစ်တော့  ကိုယ်ရေးချင်တာတွေ က ထမင်းသိုး ဟင်းသိုး လိုဖြစ်သွားတာပေါ့။
ဒီနေ့ တော့  ကိုယ့်ကိုယ်ကိုတနေ့  စာလေး တကြောင်းဖြစ်ဖြစ် ရေးနိုင်သလောက်ရေးဖို့  ဖြောင်းဖျတဲ့ အနေ နဲ့  ရေးချင်တာလေးရေးလိုက်မှ လို့ ။
ရေးဖို့ တေး ထားတာ တွေ ကလည်း အများသားလား။
ဆရာမ မဖြစ်စလောက်လေး လုပ်ခဲ့တုံး က သင်ခဲ့  ရ တဲ့ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး နဲ့  ဆိုင်တာလေးတွေ ။ ရေ အကြောင်းသိ ခဲ့ ရသလောက်တွေ။ ရေဆိုး တွေ နဲ့ ပတ်သက်တာလေးတွေ။ အမှိုက်သိမ်းစံနစ် အကြောင်းတွေ။ ရွာတုံး က ဆရာမ နဲ့  ရွာအပြင် ဆရာမ ဘာတွေ ကွာခဲ့သလဲ.. ဒါ့အပြင် ဖြတ်ခဲ့ ရတဲ့ ဘ၀တလျှောက် ကြုံ ခဲ့ ရတဲ့ အမှတ်တရလေးတွေ…စတဲ့ စုံစီနဖာလေးတွေ ကို ပေါ့။
အခုတော့ စစချင်း စာမရေးတာကြာနေတော့ လက်နွေးတဲ့ အနေ နဲ့ ခပ်ပေါ့ပေါ့ ပါးပါးလေးပဲ ရေးလိုက်ချင်တယ်။
ပြီးခဲ့ တဲ့ ၂လလောက်က ရွာပြန်တော့ ကိုယ့် တို့ ရဲ့ ကျောင်းတော်ကြီးဆီ အရောက်သွားခဲ့ တယ်။ ချိန်းထား တဲ့ သူငယ်ချင်းတွေနဲ့ လဲ တွေ့ ရင်း .. ကိုယ်တို့ တွေ ရဲ့  ဆရာဆရာမတွေ နဲ့ လဲ တွေ့ လိုတွေ့ ငြားလည်း ပါပေါ့။ ကံကောင်းတော့ သူငယ်ချင်းတွေ ရော။ ဆရာမကြီး ဒေါ်မြမြဦးရော ။ ဒါ့အပြင် ဌါနမှာ ဆရာမကြီး ဖြစ်နေတဲ့ သူငယ်ချင်း မမူ နဲ့ ရော ဆုံခဲ့ ပေါ့။ ဆုံ ဆုံချင်းမမု ပြောတဲ့ စကားလေးကို စိတ်ထဲ စွဲ နေရင်းဆက်စပ်ပြီး ရေးချင် စရာ လေးတွေ ပေါ်လာတော့တယ်။
မမူ ကပြောတယ်။ မေ ပြန်လာမယ်ဆိုတော့ မေပြောခဲ့ တဲ့ စကားလေး ကို အမြဲ အမှတ်ရ နေတယ်။ ဘ၀ဆိုတာ တနေ့ တမျက်နှာ ပဲ ဖတ်ခွင့်ရှိတဲ့ ရေးပြီးသား စာအုပ်တအုပ်လိုပဲ ..ဆိုတာလေ ..တဲ့ ။။
ဘယ်တုံး က ဘာအတွက် ပြောခဲ့ မှန်း မမှတ်မိပေမဲ့ ..ငယ်ငယ်တုံးက အဲ့လို ပဲ ကြီးကြီး ကျယ်ကျယ် ပြောတတ်တာကို ပြန်သတိရမိစေတယ်။ မမူတို့ နဲ့မဆုံခင် အထက်တန်း ကျောင်းသူ တုံး ကဆို ကျောင်းတွေ ပိတ်ခါနီး မှာ ရေးပေးတဲ့ အော်တိုစာအုပ်တွေ မှာ.. ဘ၀မှာ ဖြစ်ချင် တာနဲ့ ဖြစ်သင့် တာ တထပ်တည်းကျပါစေ.. ဆိုတဲ့ စာသားကိုတော်တော်များများရေးပေးခဲ့ ဖူးတာ ပြန်သတိရလာတယ်…
ကိုယ်ဖတ်ခဲ့တဲ့ စာတွေ ထဲကကြိုက်တဲ့ စာသားတွေ ..စကားတွေ ကို ကြိုက်ပြီဆို အဲ့လို ယူသုံးတော့တာပဲ။ ဘယ်ကမှန်းမမှတ်တော့ လို့  ရည်ညွန်းတွေ ခရက်ဒစ်တွေ မပေးနိုင်တာကိုတော့ ခုနေခါမှာ အပြစ်တခုလို တော့ ခံစားရမိတယ်။
ဖတ်ခဲ့ ဖူးတဲ့ စာတွေ. ကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်တွေ.ဟာ ကိုယ့် ဘ၀ကို ထင်ဟပ်စေနိုင်သလား… အခုတွေးကြည့်ရင်ကော ဘာတွေဟာ စဉ်းစားနေစရာမလို ပဲ တန်းကနဲ မှတ်ထင်နေသလဲ…
ယော်နသံစင်ရော် စာအုပ်ထဲက မတ်စောက်နေတဲ့ ကျောက်ကမ်းပါးယံ ကြီးမှာ တဂီးဂီးအော်ပြီး ကိုယ့်ရဲ့ အပျံ စွမ်းရည်ကိုကိုယ်ဖာသာမြှင့်နေတဲ့ စင်ရော်ကြီး ကို အမှတ်ရလာတယ်။
ပြီးတော့ တော့တိုးချန် စာအုပ်ထဲကဘယ်ကျောင်းကမှ လက်မခံတော့ တဲ့ ကလေးမ ကို လက်ခံခဲ့ တဲ့ ထူး ဆန်း တဲ့ ကျောင်းဆရာကြီး.နဲ့ . သူ့ ရဲ ထူးဆန်းတဲ့ စာသင်နေပုံ ဟာလည်း အမြဲ အမှတ်ရတဲ့ အထဲ မှာပါတယ်..
ပြီးတော့ မခင်လေးရဲ့  ချောကလက်ကြိုက်တဲ့ ခွေးလေးအကြောင်းရေးတဲ့ စာတပုဒ်ဟာ လည်းအမှတ်ရ တဲ့ အထဲ အမြဲပါတယ်။
စာရေးဆရာမ မနှင်းဖွေး လို့တော့ထင်တာပဲ.. အရှေ့ နဲ့  အနောက် တိုင်းပြည်တွေ ရဲ့  မိဖတွေရဲ့  ပုံစံမတူ တဲ့  တူညီတဲ့ချစ်ခြင်း အကြောင်းရေးထားတဲ့ စာလည်း ပြန်တွေးတိုင်း မှတ်မိ တဲ့ စာလေးပါပဲ။
ရုပ်ရှင်ထဲမှာ ဆို ဇာတ်ကားနံမယ် မမှတ်မိပေမဲ့ ရုပ်ရှင်မင်းသား ဖိုးပါကြီး. .ကြည်ကြည်ဌေး..၀င်းဦး. .မြင့်မြင့်ခင်..တို့ ပါတဲ့ဇာတ်ကား …အဲ့ဒီထဲမှာ ဖိုးပါကြီး က ပန်းချီဆရာ..၀င်းဦးက မိုးကုတ် သူဌေးသား ဆေးကျောင်းသား ..သူ့ ကို ကယ်ရင်း မြင့်မြင့်ခင် ရဲ့ ခင်ပွန်း ဆရာဝန်ကြီးဆုံးသွား…. ဖိုးပါကြီး က ပန်းချီဆွဲရင်း.၀င်းဦးကို.ပြောတဲ့ စကား.. ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ တဲ့ သူကို ကျေးဇူးဆပ်ခွင့်မကြုံခဲ့ ရင် သူပြူသလို တခြားသူတွေ ကို ကျေးဇူးပြုတာဟာ သူ့ အပေါ်ကျေးဇူးဆပ်သလို ..ဖြစ်မယ်..ဆိုတာမျိုး.. အတိအကျမဟုတ်ပေမဲ့ .. ပန်းချီးစုတ်တံကြီးကိုင်ပြီးပြောနေတဲ့  ဖိုးပါကြီး လည်း အမြဲ အမှတ်ရတဲ့ အထဲ ပါတယ်။
နောက်ရုပ်ရှင်တကား က အကယ်ဒမီရလို့  မြန်မာ့ အသံမှာ ပြတုံး ကြည့် ခဲ့ရတဲ့  မွန်းတည့် ချိန်မှာ နေ၀င်သည်ဆိုတဲ့ ဇာတ်ကား..
သရုပ်ဆောင်တွေ ပီပြင်လွန်းလို့… အဲ့ဒီအထဲက .. မင်းသားကြီးကျော်ဟိန်း ဆိုက်ကာြး ကီး နင်းပြီး ..မင်းသမီးကြီး ချိုပြုံး..ကို တင်လာတာ..အဲ့ဒီမှာ မင်းသမီး က အပျက်မ လုပ်ရတာ ..သူ့ ဘ၀ကို ဆိုက်ကားဆရာ ကို ပြောပြနေတဲ့အခန်း..လောကကြီး ကို အရွဲ့တိုက်လိုက်တာ.. လောကကြီးကတော့ ဘာမှဖြစ်မသွားဖူး… ကျမကသာ ပျက်သွားတာ….ဆိုပြီး နာနာကျင်ကျင်ရီနေတဲ့ မင်းသမီးကြီး ကို အမြဲ အမှတ်ရတယ်။
ပြီးတော့ ဖြစ်သမျှတွေ ကို အို….အသင်လောက လို့ ရင်ဖွင့် တတ်တဲ့  ထန်းခေါက်ဖျာ နဲ့  ဖာတလုံး မင်းသားကြီး က လည်း ကိုယ့် ရဲ့ အမှတ်ရ စရာထဲမှာအမြဲ ရှိနေတယ်။
နောက်ဆုံး အမှတ်ရတဲ့ စာက တော့ ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်တဲ့  IF ကဗျာ လေးထဲ က ကျွေတလှည့် ကြက်တခုံ ..ဘ၀ဟာ ..တစစီဖြစ်သွားခဲ့ရင် အသစ်ကပြန်စနိုင်သလား..ဆိုတဲ့ စာသားလေးဟာလည်း ဘယ်အချိန် ပြန်တွေးတွေး မှတ်မိစေတဲ့စာလေးပါပဲ။
မမူကို ကိုယ်ပြောခဲ့ တဲ့ ..ဘ၀ဟာ တနေ့  တရွက်သာကြည့် ခွင့် ရှိတဲ့  ရေးပြီးသားစာတအုပ်ဆိုရင် …. ကိုယ်ဖတ်ခဲ့ တဲ့  စာတွေ ဟာ ကိုယ့်လက်တွေ့ ဘ၀မှာ ဘယ်လောက် ထင်ဟပ်နိုင်သလဲ ….တနေ့ တရွက်ဖတ်ခွင့် ရ ခဲ့တဲ့ ကိုယ့် ဘ၀ရဲ့ စာမျက်နှာတွေ ကို ပြန်လှန်ရင်း…..
Sept 21. 11:14pm.
Photo – Aung Htet