ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – တသက်စာ အလွဲများ

ဆောင်းယွန်းလ – တသက်စာ အလွဲများ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၄
သူတပါး ကိုယ်ပိုင်သံစဉ်ကို
ကော်ပီပြန်လုပ်ရရင်
လွဲလွဲလေးပဲ ကောင်းပါတယ်လို့ဆိုရမှာပေါ့…

တနေ့ တမျိုးမှာ
ဘာဆိုဘာမှ ရိုးသွားတယ်မရှိခဲ့ကြဘူး…

သတင်းတွေ မိုးခေါင်ခဲ့ပေမယ့်
အတင်းတွေ ရေမရှားခဲ့ကြဘူး…

ရောက်တတ်ရာရာမှာ
ဟိုလှန် ဒီလှန်နဲ့…

ဟိုကျန်ဒီကျန် တခွက်ကိုပဲ
တသက်စာ အဖော်အမှတ်နဲ့
ပျော်တတ်အောင် ပျော်တတ်ခဲ့ကြတယ်…

ကမ္ဘာချီအောင် တန်းထားတဲ့
လက်သီး လက်မောင်းတွေနဲ့အတူ
လမ်းမဆုံးခင် မြို့ရွာထူထောင်နိုင်ကြတဲ့
စွမ်းပကားတွေကလည်း ကြီးမားပါဘိ…

ခရီးသွားဟန်လွှဲ စာမျက်နှာတချို့ထဲမှာ
စာတအုပ်လုံးစာ လေသံမာမာနဲ့
အော်ကြ ရွတ်ကြရင်း
ယုံကြည်ချက်ကို ဖျာခင်းအိပ်တတ်ကြတဲ့
မာန်မာနတွေကလည်း အံ့မခမ်းပါဘိ…

ငါတို့မှာတော့
အမေနဲ့ရွာကို လွမ်းလို့ကောင်းတုန်း…

ကောင်းခန်းရောက်ရင် မိုးတွေက တအုံးအုံးချည့်ပဲ..

“မင်းတို့သိပ်မမိုက်ဘူး”လို့ တွေးခဲ့မိသူ
ငါတို့ကိုယ်တိုင်က
မိုက်မဲမိခဲ့ကြတာဖြစ်မှာပါ….

နောက်ဆုံးမှာတော့
မိုးခါးရေသောက်ဖို့ ကြောက်ခဲ့သူတွေပဲ
နွေလည်ခေါင်ထဲ
ကောင်းကင်ရှာလွဲခဲ့ကြရတာပေါ့…။ ။

ဆောင်းယွန်းလ (စက်တင်ဘာ ၁၈ရက်၊ ၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts