Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်မြို့၌ ကျင်းပမည်

ရန်နောင် (ဗိုလ်တထောင်) – ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်မြို့၌ ကျင်းပမည်
စက်တင်ဘာ ၁၆၊ ၂၀၁၄

 

နှစ်စဉ်ကျင်းပနေကျ ဥရောပရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် စက်တင်ဘာ ၂၅ မှ အောက်တိုဘာ ၅ အထိ ကျင်းပပြု လုပ်မည်ဖြစ်သည်။

ဥရောပ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ပြင်သစ်သံရုံး၊ ပြင်သစ်ယဉ်ကျေးမှုဌာန ၊ အိုင်ယာလန်သံရုံး၊ အစ္စရေးသံရုံး၊ အီတလီသံရုံး၊ ဗြိတိသျှကောင်စီနှင့် ဂျာမန်ယဉ်ကျေးမှုနှင့် ဘာသာစကားဌာနတို့နှင့်ပူးပေါင်းကာ စီစဉ်ကျင်းပခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ကလည်း ရုပ်ရှင်ပွဲတော်အား ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။

ရုပ်ရှင်ပွဲတော်ကာလအတွင်း စုစုပေါင်း ရုပ်ရှင်ကား ၁၀ ကားပြသမည်ဖြစ်ပြီးတစ်ရက်လျှင် မွန်းလွဲ ၃ နာရီခွဲတကြိမ်၊ ညနေ၆နာရီခွဲ တကြိမ် ပြသသွားမည်ဖြစ်သည်။ ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး လက်မှတ်များကို ရုပ်ရှင်မစတင်မီ တနာရီမှ ရုပ်ရှင်ပြချိန် မတိုင်မီ ၁၅ မိနစ်အထိ ရယူ နိုင် မည်ဖြစ်သည်။

ကျနော်တို့ဒီရုပ်ရှင်ပွဲတော်ကို ကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ခင်ဗျားတို့ရဲ့မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ကလေးတွေခေါ်လာပြီး ရုပ်ရှင်လာကြည့်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်ဟု ဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီး  H.E Mr Christopl Burgener  က ပြောကြားခဲ့သည်။

ဥရောပရုပ်ရှင်ပွဲတော်ဟာ မြန်မာနိုင်ငံမှာ အလွယ်တကူမရရှိနိုင်တဲ့ ဥရောပရုပ်ရှင်ကားတွေကို ကြည့်ရှုခံစားနိုင်စေဖို့ မြန်မာပရိတ်သတ် အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ဥရောပနဲ့ မြန်မာအကြား ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေးမှာ တတပ် တစအား ပါဝင်ခွင့်ရတဲ့အတွက် ကျနော်တို့ အလွန်ပဲ ဝမ်းမြောက်ရပါတယ်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် မစ္စတာရိုလန်ကိုဘီယာ က လည်း ပြောကြားခဲ့သည်။

ဥရောပရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် နှစ်နှစ်ဆယ်ကျော် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ၂၃ ကြိမ်မြောက်အဖြစ် ပြုလုပ်မည်ဖြစ် သည်။  မူလက ရုပ်ရှင်ပွဲတော်အား ရန်ကုန်တွင် အမှန်တကယ်ရှိသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်လေးနိုင်ငံ၏သံရုံးများသာ စီစဉ်ကျင်းပခဲ့ပြီး ၎င်းတို့မှာ ဗြိတိသျှသံရုံး၊ အီတလီသံရုံး၊ ပြင်သစ်သံရုံးနှင့် ဂျာမန်သံရုံးတို့ ဖြစ်သည်။ အကျယ်အပြန့်ဖြစ်သော အနက်အဓိပ္ပါယ်အရ ဥရော ပယဉ်ကျေးမှုအမှတ်အသားမှာ နိုင်ငံရေးအရ ပေါင်းစည်းမှုတရပ်ထက် ပိုမိုကျယ်ပြန့်သောကြောင့် ဥရောပရုပ်ရှင်ပွဲတော်သည် ၂၀၁၂ တွင် အခန်းကဏ္ဍသစ်ဖွင့်လှစ်ခဲ့ပြီး အခြားနိုင်ငံများကို ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် သံရုံးတစ်ခုဖွင့်လှစ်မထားရှိရသေးသော်လည်း မြန်မာ နှင့် သံတမန်အဆက်အသွယ်ရှိသည့် ဥရောပနိုင်ငံများကို အထူးသဖြင့် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်က အစ္စရေးနိုင်ငံကို အထူးဧည့် သည်တော်အဖြစ် ဖိတ်ခေါ်ခဲ့သည်။

ဥရောပ ရုပ်ရှင်ပွဲတော်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ လှိုင်မြို့နယ် ခပေါင်းလမ်းသွယ် ၅၁/၂ မိုင်၊ ပြည်လမ်းရှိ ဆွစ်ဇာလန်သံရုံးတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts