ရသဆောင်းပါးစုံ

ဇင်လင်း – ထွန်တုံးတိုက်ပွဲ လယ်သမားလွတ်လပ်ခွင့်နဲ့ ပြုပြင်ပြောင်းလဲရေး

ဇင်လင်း – ထွန်တုံးတိုက်ပွဲ လယ်သမားလွတ်လပ်ခွင့်နဲ့ ပြုပြင်ပြောင်းလဲရေး
စက်တင်ဘာ ၁၅၊ ၂၀၁၄
 Photo Bangkokpost

ဦးသိန်းစိန်အစိုးရ သက်တမ်း သုံးနှစ်ခွဲကျော်ကာလ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ တိုးတက်နေသလား။ ဆုတ်ယုတ်နေ သလား။ ဘယ်လိုရှိနေပါသလဲ။ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်နေသလား။ အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ ရလတ်တွေကို ဆင်းရဲသားလူထု ခံစားခွင့် ရရှိခဲ့ ပါရဲ့လား။ လယ်ယာစိုက်ပျိုးရေးအခြေခံတဲ့ မြန်မာနိုင်ငံမှာ မြန်မာ တောင်သူလယ်သမားတွေရဲ့ဘ၀အခြေအနေ တိုးတက်နေပြီလား။ လယ်သမားလွတ်လပ်ခွင့် ဘယ်လောက်ရပြီလဲ။

ဦးသိန်းစိန်အစိုးရက နောက်(၅)နှစ်မှာ ရည်မှန်းထားတဲ့ အမျိုးသား ထုတ်ကုန်တန်ဖိုးGDP က (၇.၇) ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုး စရိတ်တိုးမြှင့်ပေးဖို့၊ ဓါတ်မြေသြဇာလုံလောက်အောင် ဖြန့်ဖို့၊ အထွက်တိုးစပါးမျိုးတွေ စိုက်ပျိုးနိုင်ဖို့… စသဖြင့် ပြင်ဆင်နေတယ် လို့ စင်္ကာပူအခြေစိုက် BloombergBusinessWeek သတင်းထောက် ချန်ယာပုန် (Chanyaporn Chanjaroen) က ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ သတင်းရေးဖူးပါတယ်။ ဒီ စီမံကိန်းက ဦးသိန်းစိန်ရဲ့လယ်သမားတွေ ၀င်ငွေတိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး တို့နဲ့ တဆက်တစပ်တည်းဖြစ်ပြီး၊ ဆင်းရဲမှုနှုန်းကို လက်ရှိ ၂၆ % ကနေ ၂၀၁၅ ခုနှစ်မှာ ၁၆%အထိ လျှော့ချနိုင်ဖို့လည်း ဖြစ်တယ်လို့ ချန်ယာပုန် က ဆိုပါ တယ်။

ထုတ်ကုန်တန်ဖိုးGDP ကိုမြှင့်နိုင်တင်နိုင်ရေးအတွက် ဆန်စပါးထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ကြ ဖို့ ဦးသိန်းစိန်အစိုးရက ပြောနေပေမယ့်၊ လက်တွေ့အခြေအနေတွေနဲ့အတော် အလှမ်းကွာနေသေးတာတော့ အမှန်ပဲလို့ဆိုနိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလက ကမ္ဘာ့ဆန်ဈေးကွက် မှာ တနှစ်လျှင် ပျမ်းမျှဆန်တန်ချိန် (၇) သန်းခန့် ရောင်းဝယ် ဖေါက်ကားမှု ရှိပါတယ်။ အဲဒီ အချိန်က မြန်မာနိုင်ငံရဲ့ ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု ပမာဏဟာ တန်ချိန်(၃.၅)သန်းဝန်းကျင်ဖြစ်ပါတယ်။ ကမ္ဘာ့ဆန်ဈေးကွက် ရဲ့(၅၀) ရာခိုင်နှုန်းကို မြန်မာနိုင်ငံက စိုးမိုးထားခဲ့တာတွေ့နိုင်ပါတယ်။ ဆန်စပါးထုတ်လုပ်ရေးကို မြှင့်တင်မယ်ဆိုရင် အဓိက ဆန်စပါးစိုက်ပျိုးထုတ်လုပ်ပေးသူ လယ်သမားတို့ရဲ့ရပိုင်ခွင့်ကို မှန်မှန်ကန်ကန် စီမံဆောင်ရွက်ပေးရေးကိစ္စဟာ နိုင်ငံရေး စီးပွားရေး တည်ငြိမ်မှုအတွက် ပဓါနအချက်ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာတောင်သူလယ်သမားတွေရဲ့ အခန်းကဏ္ဍကို အစိုးရက ဘယ်လောက် အလေးထားပါသလဲ။ လက်ငင်းဖြစ်ပေါ်နေတဲ့ သတင်းတွေအရ တောင်သူ လယ်သမားတွေရဲ့ ဘ၀ဟာ မြေမဲ့ယာမဲ့ ဖြစ်ပြီး အိမ်နီးချင်နိုင်ငံတွေမှာ မျက်နှာအောက်ချ လုပ်အားရောင်းစာနေကြရတယ်။

မြန်မာနိုင်ငံ အနှန့်အပြားမှာ လယ်သမားတွေရဲ့ လယ်ယာမြေ ဧကအမြောက်အမြားကို စစ်တပ်နဲ့အုပ်ချုပ်ရေးအာဏာပိုင်တွေက ဥပဒေမဲ့ သိမ်းယူနေကြတဲ့ ဖြစ်ရပ်တွေကို ကြည့်ရင်တော့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ် နေတယ်။ ၂၀၁၄ သြဂုတ်လ (၄) ရက် ဧရာဝတီသတင်းက ဖြစ်ရပ်တစ်ခုကို ဥပမာ ပေးချင်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်ထဲမှာ ရှိတဲ့ ပေကြီး၊ ခအုံးတာ၊ ထောက်ရှာအိုင်၊ ငှက်ပျောတိုင်းနှင့် စံပယ်နံ့သာ ကျေးရွာတွေက၊ လယ်သမားတွေ လုပ်ကိုင်နေကြတဲ့ လယ်မြေ ဧက ၁၄,၀၀၀ ကို ၁၉၉၉ ခုနှစ်က စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) က မတရားသိမ်းယူခဲ့ပါတယ်။ သကြားစက်ရုံ ဆောက်ဖို့လို့ဆိုပါတယ်။ လယ်မြေ တဧကလျှင် လျော်ကြေးငွေ ၂၅ ကျပ် ပေးပြီး၊ တောင်သူ ၅၀၀ ကျော်ထံက၊ ဥပဒေမဲ့ သိမ်းယူသွားခဲ့ခြင်းဖြစ်တယ်။ လျော်ကြေးကို တချို့လယ်သမားတွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

အသိမ်းခံရတဲ့ လယ်မြေတွေ ပြန်ရရှိရေးအတွက် ဒီနှစ် ဇွန်လ ၃၀ ရက်က စတင်ပြီး လယ်သမားတွေက ထွန်တုံးတိုက်ပွဲ ၀င်ခဲ့ကြ ပါတယ်။  ဇူလိုင်လ ၁၇ ရက်နေ့မှာ  လယ်သမား ၅၇ ဦးကို အင်အားသုံ ဖမ်းဆီး ထောင်ချခဲ့တယ်။ ၁၅ ဦးကို နေရပ်ဒေသနဲ့ဝေးတဲ့ ထောင်တွေဆီ  ပို့လိုက်ပါတယ်။ သက်ဆိုင်တဲ့ လယ်သမားမိသားစုဝင်တွေ စားဝတ်နေရေး အခက်အခဲ အလွန်ကျပ်တည်း ဒုက္ခ ရောက်ကြရပါတယ်။ လယ်သမားတွေကို ကူညီနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက- “လယ်သမား ၅၇ ဦးကိုတော့ အမိန့်ချပြီးသွားပြီ။ ၁၇၃ ယောက်တော့ တရားရင်ဆိုင် နေရတုန်းပါ။ အဲဒီအထဲမှာ အသက်၈၀ အဘိုးအိုနဲ့ အသက် ၁၂ အရွယ် ကောင်လေး တယောက်ပါတယ်” လို့ ဧရာဝတီသတင်းဌာနကို ပြောတာတွေ့ရတယ်။

လယ်သမားတွေအပေါ် မတရားစွပ်စွဲထောင်ချခဲ့တဲ့ အမှုကိစ္စကို ပြန်လည်ခုခံ ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ ဒီ အမှုဖြစ်စဉ်ကို  နိုင်ငံတော် သမ္မတထံသို့ စာပေးပို့ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လွှတ်တော်ကော်မတီနှင့် လွှတ်တော်တရားရေးရာကော်မတီ တို့ကိုလည်း တင်ပြသွားမှာ ဖြစ်တယ်လို့ ဦးသိန်းသန်းဦးက ဆိုပါတယ်။

ကန့်ဘလူမြို့နယ် ငှက်ပျောကိုင်း ကျေးရွာသား ကိုဇော်ဝင်းမောင်က- “ကျနော်တို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို တပ်က ဖျက်လိုက် တယ်။ အဝေးပို့ခံရတဲ့ တောင်သူ မိသားစုတွေဆို တော်တော်လေး သနားဖို့ ကောင်းပါတယ်။ ကျနော်တို့ လယ်ယာမြေ ပြန်ရဖို့ အတွက်နဲ့ ထောင်ချခံရသူတွေ ပြန်လွှတ်ဖို့အတွက် ဒီလ ၁၃ ရက်မှာ ဆန္ဒထုတ်ဖော်တာတွေ လုပ်သွားမှာပါ” လို့ဧရာဝတီ သတင်းဌာနကို ပြောပြတာ တွေ့ရတယ်။

ထွန်တုံးတိုက်ပွဲဝင် လယ်ထွန်ယက်တဲ့ အမှု တမှုအတွက် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တယ်။ တချို့လယ်သမားတွေက အခြားလယ် တွေမှာပါ လယ်ထွန်ပေးခဲ့တဲ့အတွက် အကျိုးစီးပွားဖျက်ဆီးမှုပုဒ်မ ၄၂၇၊ အားပေးအားမြှောက်မှုပုဒ်မ ၄၂၇/၁၄၄ တွေနဲ့တရားစွဲဆို စီရင်ချက်ချတာခံကြရတယ်။ ပြစ်ဒဏ် ၃ လမှ ၃ နှစ်အထိ အသီးသီး ထောင်ချခံခဲ့ကြရပြီး၊ တောင်သူ ၁၅ ဦးကို ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူ၊ တောင်ငူ၊ ရွှေဘို၊ ပဲခူး အကျဉ်းထောင်တွေဆီ ပို့လိုက်တယ်။

အလားတူပဲ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အာဏာပိုင်တို့ရဲ့ မတရားသိမ်းယူခဲ့တဲ့ မြေတွေနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ တောင်သူလယ်သမားတွေကို မြို့နယ်တရားရုံးက ဇူလိုင် ၁၆ ရက်မှာ ထောင်ဒဏ်၊ ငွေဒဏ် အသီးသီး ချမှတ်လိုက်တယ်။ ထားဝယ် တောင်သူလယ်သမားအဖွဲ့ ခေါင်းဆောင်အပါအ၀င် အမျိုးသား ၉ ဦးကို ထောင်ဒဏ်နဲ့ အမျိုးသမီး ၁၀ ဦးကိုတော့ ဒဏ်ငွေ ၁ သောင်းစီ ချမှတ်ခဲ့တယ်လို့ အမှုမှာ လိုက်ပါပေးခဲ့တဲ့ ရှေ့နေ ဦးအောင်စိန်က ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။

ဇူလိုင် ၁၆ ရက်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ထားဝယ်မြို့ တောင်သူ ၁၀ ဦးရဲ့ မိသားစုဝင်တွေက လယ်ယာမြေ အဓမ္မ သိမ်းဆည်း ခံမှု ပြဿနာကို တရားနည်းလမ်းတကျ အမြန်ဆုံးဖြေရှင်းပေးရေး၊ မတရားဖမ်းဆီးထောင်ချခံထားရတဲ့ လယ်သမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် စက်တင်ဘာ ၅ ရက်က လယ်သမားမိသားစုဝင် အမျိုးသမီး ၃၀ ခန့် ထားဝယ်မြို့အတွင်း လှည့်လည်တောင်းဆို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တာလည်း၊ အလဲဗင်းမီဒီယာသတင်းအရ သိရပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ  နိုင်ငံတစ်ဝန်း မတရားဖမ်းဆီးခံ လယ်သမားများအား ပြန်လွှတ်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ လယ်ယာမြေ အဓမ္မသိမ်းဆည်းမှု ရပ်တန့်ရေး၊ အဓမ္မသိမ်းဆည်းထားသည့် လယ်မြေများပေါ်တွင် အဆောက်အအုံဆောက်လုပ်မှု ရပ်ဆိုင်းပေးရေး၊ စတဲ့ အချက်တွေ ကို ကြွေးကြော်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ထွန်တုံးတိုက်ပွဲ ဆင်နွှဲတဲ့အတွက် တရားစွဲဆိုခံထားရတဲ့ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာက တောင်သူ ၁၈ ဦးကိုလည်း၊ ဇူလိုင် (၁၇)ရက်နေ့က ပိုင်နက်ကျူးကျော်မှုနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ကြောင်း ဒီဗွီဘီသတင်းအရ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာက တပ်သိမ်းမြေတွေ ပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲလုပ်ခဲ့တဲ့ တောင်သူ ၄၀၀ ကျော် ကို တရားစွဲဆိုထားပြီး၊ ၁၈ ဦးကို ဇူလိုင်(၁၇)ရက်နေ့က ထောင်ဒဏ်ချမှတ်လိုက်တာလို့ “အထက်မြန်မာပြည် တောင်သူလယ်သမား အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးရေးအဖွဲ့” က ဦးကိုကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်က တရားဝင် ပေးထားတဲ့ လစာငွေနဲ့ ရပ်တည်သင့်ပြီး၊ လယ်ယာမြေ မတရားသိမ်းယူမှုတွေ မပြုလုပ်သင့်ဘူးလို့ “(၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း” မှ ဦးမင်းကိုနိုင်က ပြောကြားတဲ့ သတင်းကိုလည်း အလဲဗင်းမီဒီယာသတင်းအရ သိရပါတယ်။ သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ  ပြုလုပ်တဲ့ “တောင်သူ လယ်သမားများ၏ အသံစုစည်းခြင်း-ဆွေးနွေးပွဲ” အတွင်း စစ်တပ်က မတရား သိမ်းယူထားတဲ့ လယ်ယာမြေ ပြဿနာနဲ့ပတ်သက်ပြီး ဦးမင်းကိုနိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယခင်စစ်အစိုးရ လက်ထက်က စစ်တပ်မှ လယ်ယာမြေ သိမ်းယူမှု အမြောက်အမြား ရှိခဲ့ပြီး ယခုအခါ ယင်းလယ်ယာမြေ အချို့ ပေါ်မှာ တောင်သူ လယ်သမားတွေက ထွန်တုံးတိုက်ပွဲဆင်နွှဲမှုတွေ လုပ်နေပါတယ်။ ထွန်တုံးတိုက်ပွဲတွေဟာ ကောင်းတဲ့ အလား အလာ မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ဇူလိုင် ၁၆ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သတင်းထောက်တွေကို  ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ နိုင်ငံနှန့်မှာ စစ်တပ်က သိမ်းယူထားတဲ့ စစ်တပ်သိမ်းမြေ ဧကပေါင်း ၃ သိန်းခန့် ရှိတယ်လို့ဆိုပါတယ်။ သိမ်းယူထားတဲ့မြေ ဧက စုစုပေါင်းရဲ့ ၁၆ ပုံတစ်ပုံဖြစ်တဲ့ ဧက (၁၈,၀၀၀) ကျော်ကိုသာ ပြန်ပေးနိုင်မယ့်အကြောင်း၊ ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ကော်မရှင်အစီရင်ခံစာ အပိုင်း (၁) တင်သွင်းစဉ်က လွှတ်တော်မှာ ဖြေကြားခဲ့ဖူးပါတယ်။

စစ်တပ်က မတရားသိမ်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ သဘောထားမရှိဘူးဆိုရင်၊ ဦးသိန်းစိန်ရဲ့လယ်သမားတွေ ၀င်ငွေ တိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး ကတိက၀တ်ဟာ ပြည်သူလူထုကို လှည့်စားမှုသက်သက်ဖြစ်တယ်လို့ပဲ ဆိုရပါတော့မယ်။ လယ်ယာစိုက်ပျိုးရေးအခြေပြု နိုင်ငံမှာ လယ်သမားတွေအပေါ် လက်နက်အားကိုနဲ့အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ မရပ်သမျှ၊ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး  ဆိုတာဟာ နိုင်ငံရေးမျက်လှည့်ပွဲ သက်သက်သာဖြစ်တယ်လို့ မထောက်မညှာ ဆိုရတော့မှာပါပဲ။ ဒီကနေ့ လယ်သမားတွေ ဆင်နွှဲနေတဲ့ ထွန်တုံးတိုက်ပွဲတွေဟာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းဆိုတဲ့ နိမိတ်ပုံကို ဖေါ်ပြ နေပြီဖြစ်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို သိမ်းဆည်းမြေ ပြန်ပေးမှာလား၊ ဒါမှမဟုတ် လယ်သမား အရေးတော်ပုံတစ်ခုကို ခွင့်ပြုမလား၊ စဉ်းစားချင့်ချိန်ဖို့လိုပြီထင်ပါတယ်။ လယ်ယာမြေမူဝါဒကို မှန်မှန်ကန်ကန်ချမှတ်ပြီး  ဆန်စပါး အခြေခံ စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်ရေးကို တိုးတက်အောင် လုပ်ဆောင်ဖို့ပျက်ကွက်ရင် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာလည်း သဲထဲရေသွန် ဖြစ်ဖွယ်ရှိပါတယ်။ တောင်သူလယ်သမားတွေအပေါ် ဖိနှိပ်အနိုင်ကျင့်မှုတွေ ရပ်စဲဖို့ သင့်ပါပြီ။။။

((စက်တင်ဘာလ (၁၅) ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇင်လင်း – ထွန်တုံးတိုက်ပွဲ လယ်သမားလွတ်လပ်ခွင့်နဲ့ ပြုပြင်ပြောင်းလဲရေး
  1. Good Article about “Land Problem in Myanmar)

    Land reform is very important to reform the country otherwise government related personals and their business partners – take opportunity. Then RICH vs POOR too much different and country median wealth distribution is destroyed.

    S. Korea, Taiwan, Thailand, Philippine land reform are compared and university reports results.
    – Taiwan quickly reformed and developped first (people are very rich).
    – S Korean reform slowly and completed after democratic change (people are rich)
    – Thailand is slow, slow, median (rural people are poor).
    – Philipine is alway slow , the most poorest. (rural peoople are very poor like Myanmar)

    Analysis is ritten in Burmese, attached the original report in English

    Link
    http://www.slideshare.net/myanmarjobstudent/landreformformyanmar2014

    What we can do is pray for government and write their corruption / unlawful business.

Comments are closed.