Maung Yit Op-Ed

အယ်ဒီတာ့စကား (၂၉) Maung Yit

အယ်ဒီတာ့စကား (၂၉)
ဖဲဝိုင်းမှာ ဆုံကြမယ်
မောင်ရစ်၊ အောက်တိုဘာ ၃၀၊ ၂၀၁၃
အယ်ဒီတာ့လက်ရေးကို ခပ်စိတ်စိတ်လေး ရေးချင်တာ၊ တခြားအိမ်စာတွေ လုပ်နေရတော့ မရေးဖြစ်ဖူးပေါ့။ စေတနာ့ဝန်ထမ်း ၀ိုင်းတော်သားတွေဆီက စာမူတွေ အလာနည်းရင် ကိုယ်က လိုက်မီးပူထိုးရတာနဲ့ ကိုယ်တိုင် သတင်းလေး ဘာလေး ၀င်ရေးရတာနဲ့ဆိုတော့ အယ်ဒီတာ့လက်ရေး မရေးဖြစ်ဘူး။ ပြီးတော့ စဉ်းစားမိသလောက်ကလည်း ရေးချင်စရာ သိပ်မရှိဘူး။ ကိုယ်တိုင်လည်း ယနေ့ အခင်းအကျင်းတွေကို အမြင်မရှင်းသလိုလို ရှုပ်ထွေးနေသလိုလို ဖြစ်နေတာက တကြောင်း၊ တခုခုတော့ လွဲနေသလိုလို၊ ကိုယ်ကိုယ်တိုင်က ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြောတဲ့ ဘလယ်ဒီဖူးလ် ခပ်ကြောင်ကြောင်လို ဖြစ်နေလို့ပါ။ ကိုယ်တိုင်က မရှင်းမှတော့ သူများကို ဘယ်လို ပြောရမယ် မသိဘူးပေါ့။
ဒီလိုနဲ့ပဲ အွန်လိုင်းပေါ်ကနေ ၀ိုင်းတော်သားတွေနဲ့ စကားလက်ဆုံကျ၊ ကိုယ့်စိတ်ကူးယဉ်တာတွေ လုပ်ချင်တာတွေ လျောက်ပြောမိတယ်။ မြန်မာပြည်ထဲမှာ မိုးမခလစဉ်လေး ထုတ်ပြီး မိတ်ဆွေ ပရိသတ်တွေကို အလကား မေတ္တာလက်ဆောင် ဝေချင်တဲ့အကြောင်း။ အခုလက်ရှိ လစဉ်ထုတ် အီးဇင်းလေးကို ပရင့်ထုတ်တာထက် ပုံနှိပ်တာက ပိုပြီး အဆင်ပြေ မြန်ဆန်လွယ်ကူမယ့် အကြောင်း၊ အင်တာနက်ပရိသတ်ထက် ပုံနှိပ်စာအုပ်ဖတ်တဲ့ ပရိသတ်တွေနဲ့ မိမိမိတ်ဆွေတွေကို စာအုပ်လက်ဆောင်ပေးရတာကို အလေးသာမိကြောင်း ပြောမိတာပါ။ အတော်များများကတော့ မောင်ရစ်ကို သနား အားနာပြီး တားမြစ်ကြပါတယ်။ မင်းနှယ် သူများတွေလို ကျောထောက်နောက်ခံလည်း မကောင်းဘဲနဲ့ မမိုက်ချင်စမ်းပါနဲ့ပေါ့။ အော် … မိုက်တာများ သူတို့ပြောမှဘဲ ကျောထောက်နောက်ခံရှိမှပဲ မိုက်ရတော့မလိုလို။ ဒီအတိုင်း ကိုယ်ထူကိုယ်ထ မိုက်လို့ မရတော့ဘူးလား တွေးနေမိတယ်။
နိုင်ငံရေးတို့ တိုင်းရေး ပြည်ရေးတို့ စာနယ်ဇင်းရေးတို့ လူမှုရေးတို့ ဆိုတာ ကလေးကစားသလိုများ မှတ်နေသလား၊ အရင်းအနှီးတွေက မျိုးစုံနဲ့ အရှုံးအမြတ် စွန့်လွှတ် စွန့်စားရတာ များပါဘိသနဲ့ … တဲ့။ အင်း … ဘ၀ဆိုတာ ကစားပွဲတခုလိုပဲလား၊ သူတို့တတွေဟာ ဗမာပြည်အရေး ပြည်တွင်းအရေးတွေကို ကစားပွဲလိုများ လောင်းကြေးထပ်ကစားနေကြသလားလို့ အတွေးတွေ ချော်နေမိတယ်။
အင်း … ဟုတ်တာပဲ။ ကြေးကြီးတဲ့ ကစားဝိုင်းတ၀ိုင်းလိုမျိုး တွေးကြည့်လိုက်ရင်တော့ မျက်စိရှေ့မှာ ရှုပ်နေတဲ့ သတင်းခေါင်းစဉ်တွေ အဖြစ်အပျက်တွေဟာ ရှင်း ရှင်းမြင်လိုက်ရစေတဲ့ ဥပမာပေးချက် တခုပဲ။
အရင်တုန်းက ၁၉ ၈၈ အရေးတော်ပုံအပြီး ရွေးကောက်ပွဲမတိုင်မီကာလကတော့ စာရေးဆရာတွေက ဗမာပြည်နိုင်ငံရေး အခင်းအကျင်းကို ဒိုင်လူကြီးညစ်ပြီး တဖက်အသင်းလူချကစားတာ ခံနေရလို့ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ ဘောလုံးအသင်းလိုမျိုး ဥပမာပေးကြတယ်။ အဓိကပလေယာတွေကို အနီကပ်ပြပြီး ထုတ်ထား၊ ကွင်းထဲမှာ လူ ၂ ယောက် ၁ ပိုင်းနဲ့ လူချခံရပြီး ကန်နေရတဲ့ပုံပေါ့။ ရွေးကောက်ပွဲ နိုင်လည်း ရှုံးတာပါပဲ။ ဂိုးဘယ်လောက် သွင်းသွင်း ဒိုင်လူကြီးကမှ မပေးတာ ကျနော်တို့အသင်း ဘယ်လိုလုပ်နိုင်မှာလဲ။
နောက်တော့ ဒေါက်တာလွဏ်းဆွေအပြောနဲ့ ပြောရရင်တော့ ဗမာပြည်နိုင်ငံရေးမှာ အတိုက်အခံအင်အားစုတွေဟာ ကလေးတွေ ဘောလုံးကန်ကြသလို ဟိုဖက်က ချပေးလိုက်တဲ့ ဘောလုံးတွေ မှန်သမျှ နောက်က လိုက်ကန်နေကြတာနဲ့ တူသတဲ့။ ဒါက ၂၀၀၃ နောက်ပိုင်းကို ပြောတာပါ။ ဟိုဖက်က စစ်အုပ်စုက ပြသနာတွေ ဖန်တီးလိုက် အဲသည်တလုံးပြီး တလုံး ချပေးလိုက်တဲ့ ဘောလုံးတွေနောက် အတိုက်အခံတွေက လိုက်ကန်နေကြ။ စစ်တွေဖြစ်လိုက်၊ ဗုံးတွေ ပေါက်လိုက်၊ ကုလား နဲ့ တရုတ်နဲ့ ရိုက်လိုက်၊ မီးပျက်လိုက်၊ ရေပြတ်လိုက်၊ လူတွေ ဖမ်းလိုက်၊ ပြန်လွှတ်လိုက်၊ အင်းယားကန်ထဲ ယက်တော ပေါ်လိုက် ပျောက်လိုက်။ အဲသည်လို မဟုတ်လား။
နောက်ပိုင်း ကိစ္စတွေကို ဘောလုံးပွဲနဲ့ နှိုင်းမလား၊ ကျနော်တော့ မနှိုင်းချင်တော့ဘူး။ အခုအချိန်မှာ ကျနော် တွေးနေမိတာကတော့ မတရားအမွေတွေ ရလိုက်တဲ့ မသာရှင်က သူ့အသုဘအိမ်မှာ ဖဲဝိုင်းထောင်ပြီး ပတ်ဝန်းကျင်ကလူတွေကို အမြတ်ထုတ် လုပ်စားနေသလိုမျိုး မြင်ယောင်နေမိတယ်။
စစချင်းကတော့ ကိုယ့်ဖဲကိုယ်ဆင်၊ ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်ဖဲကိုယ်ဝေတဲ့ တချပ်မှောက်ဝိုင်းမှာ ထိုးသားတွေက ကိုယ်လူတွေချည်းပဲ လုပ်ပြီး ဖဲဝိုင်းကို စပြီး ဆွယ်ခဲ့တာမျိုး တွေးမိတယ်။ (၂၀၀၈) ဘယ်သူမှလည်း ဒီဖဲဝိုင်းထဲ ၀င်ပြီး တအိမ်ဝင် မထိုင်ရဲဘူးလေ။ သည်တော့ သူတို့ လူတွေချည်းနဲ့ ဖဲဝိုင်းကို စထောင်ပြီး ရိုက်တော့တာပဲ မဟုတ်လား၊ အရပ်ကတော့ စစချင်း ဘေးကနေ ၀ိုင်းကြည့်အဆင့်။ (၂၀၁၀)
အဲသည်မှာ ဘေးက ရပ်ကြည့်နေတဲ့ သူတွေထဲက ဒလံတွေ အလံသျှူးတွေက မြှောက်ပင့် ဈေးခေါ်ကြ၊ အသံတွေ ပေးကြနဲ့ အခြားရပ်ကွက်က ငွေရှင် ကြေးရှင်တွေက ရပ်ကွက်သားအချင်းချင်း ဘေးကရပ်ကြည့်နေသူတွေကို ဖဲအိမ်တွေမှာ ၀င်ထိုင်အောင် ဖိအားတွေပေး၊ လောင်းကြေးတွေ ၀င်စိုက်ထုတ်ပေး၊ သူများဗိုက်နဲ့ ဓားအငှားထိုးခံအောင် လုပ်လာကြတာတွေ မြင်ယောင်မိတယ်။ ရပ်ကွက်သားတွေထဲက သူများလောင်းကြေးကို လက်သင့်ခံပြီး ဖဲဝိုင်းထဲ ၀င်ထိုင်ရတာ အရှုံးမှ မရှိတာလို့ တွေးပြီး ဖဲဝိုင်းထဲ ၀င်ထိုင်ကြသူတွေကြောင့် မတရားအမွေရထားသူ မသာရှင်ရဲ့ အသုဘအိမ်ဖဲဝိုင်းက ပိုပြီး စည်ကားလာခဲ့တယ် မဟုတ်လား။ (၂၀၁၁)။
ဖဲဝိုင်းကြီးက စည်ကားလာလိုက်တာ လူတွေက မယုံရဲ ယုံရဲဖြစ်လာတဲ့ အချိန်မှာ လံကြုပ်ဖဲဝိုင်းကြီးဖြစ်နေပါရက်နဲ့ ဒီဖဲထုတ်ကို လဲပစ်ရမယ်၊ ဒီဖဲဆင်ကို ပြင်ရမယ်ဆိုပြီး ကြွေးကြော်သံနဲ့ မိမိတို့ ရပ်ကွက်ထဲက လူအများကြည်ညိုသူ ရပ်ကွက်လူကြီးကိုယ်တိုင် ဖဲဝိုင်းထဲ ၀င်ထိုင်လိုက်တဲ့ အချိန်ဟာ ဖဲဝိုင်းကြီးတခုလုံး ကြွက်ကြွက်ညံ စည်ကားပြီး အလှည့်အပြောင်း ဖြစ်သွားတော့တာပေါ့။
သူ့ထက်ငါ ဖဲဝိုင်းထဲမှာ တအိမ်ဝင်ယူ ထိုင်ကစားချင်သူတွေ၊ ကိုယ့်အချင်းချင်း မျက်စပစ်ပြီး ဘေးကနေ ထိုးချင်သူတွေ၊ အောက်ဖဲမှာ တပွင့်မှ မရှိဘဲ အောက်ပြုတ်လိုက် ရှိုးချင်သူတွေ၊ ဖဲဝိုင်းဘေးမှာ ကြည့်ချင်ပွဲတွေ သွင်း၊ ပွဲဈေးလေး ထောင်ပြီး ဈေးရောင်း ဈေးခင်းလိုသူတွေပါ တသောသောဖြစ်လို့ အုပ်အုပ်ကြက်ကြက် ဖြစ်လာခဲ့တာပေါ့။ ဖဲဝိုင်းအားကိုးနဲ့ အမြီးရောင်းသူ၊ အရက်ရောင်းသူ၊ ကာရာအိုကေ ၀င်ဆိုတဲ့သူတွေနဲ့ စည်ကားလို့ပေါ့။ (၂၀၁၂)။
ဒီအတိုင်းမှာ ဒိုင်ကိုင်တဲ့သူရဲ့ အလျော်အစားဆိုတာကလည်း သူ့အိတ်ထဲက စိုက်ထားတဲ့ ငွေကြေး အရင်းအနှီးတွေမှ မဟုတ်တာပဲ။ မတရားအမွေတွေနဲ့ ဒိုင်လျော် ဒိုင်စားကလည်း ပြင်းလှတာပေါ့။ ၀င်ကစားသူတွေထဲမှာကလည်း ရှိစုမဲ့စု ချစ်ချုပ်ဝင်ကစားသူက နည်းနည်း၊ နောက်ကွယ်က လက်သိပ်ထိုးပေးထားတဲ့ ငွေပုံကြီးနဲ့ ကစားကြသူတွေကြောင့် ပွဲကလည်း ကြမ်းလှတာပေါ့။ ဖဲဝိုင်းဘေးက ထိုင်ပြီး အခြားရပ်ကွက်ကလူတွေကလည်း ငွေတိုးချေးတဲ့သူနဲ့၊ အပေါင်ခံတဲ့သူနဲ့ အလုပ်ကို ဖြစ်နေတာပဲလို့ မြင်ယောင်ကြည့်နေမိတယ်။ အကယ်၍များ ဒိုင်လုပ်သူမှာ အရှုံးပေါ်မယ်ဆိုရင် ဖဲဝိုင်း အကောက်ကောက်နေသူကလည်း သူတို့ လက်သတ်မွေးထားတဲ့ လူမိုက်တွေ ဆိုတော့ကာ ဖဲဝိုင်းကို ဖျက်ပြီး မှောက်လိုမှောက် လှန်လိုလှန် စိတ်တိုင်းကျ နောက်ပြန်ကျွမ်းထိုးလို့ရတဲ့ အာမခံချက်ကလည်း အပြည့်ဆိုပါတော့လေ။
ကျနော်ကတော့ လက်ရှိအခင်းအကျင်းကို ရွာထဲက အောက်လင်းဓာတ်မီးကြီး တထိန်ထိန်နဲ့ မသာအိမ်က ဖဲဝိုင်းကြီးတခုလိုမျိုး တွေးနေမိတယ်။ သာမန်ရိုးကျ ရပ်ကွက်သားတွေကတော့ ညကြီးမိုးချုပ်ကြီးထဲ အောက်လင်းဓာတ်မီးကြီးတွေ ထိန်နေတုန်း ကိုယ်သားချင်း မိတ်ဆွေတွေ တစုတစည်း ကျောချင်းကပ်၊ သတိအပြည့်နဲ့ ပြင်ဆင် အားဖြည့်ထားကြဖို့ နတ်ကရာ ကြည့်မော မဖြစ်ဖို့ လိုတယ် ထင်တာပါပဲ။
တရွာလုံး မှောင်အတိနဲ့ လူခြေတိတ်လို့၊ မီးထိန်ပြီး လူစည်ကားတဲ့နေရာက ရွာလည်ခေါင် အသုဘဖဲဝိုင်းနဲ့ ပွဲဈေးတန်းပဲ ရှိနေတာကြောင့် ရွာသူ ရွာသားတွေကလည်း အဲသည်နားမှာပဲ ရစ်သီရစ်သီနဲ့ စောင့်ကြည့် လေ့လာနေကြရမှာကိုလည်း မတားမြစ်သင့်ပါဘူးလေ။ ဖဲဝိုင်းကို ကန့်ကွက် ရှုံ့ချတဲ့သူတွေ၊ ဆုံးပါးသွားတဲ့ မသာအတွက် ငိုချင်းချနေသူတွေ၊ မီးရောင်အားကိုး ကလေးသူငယ်တို့ ဘာဝ ဆော့ကြ ကစားကြ၊ ပျော်မြူးကြတာကိုလည်း လက်ခံကြရမှာပေါ့နော်။
ဘာပဲဖြစ်ဖြစ် ဖဲဝိုင်းတွင်း၊ ဖဲဝိုင်းပြင် လှုပ်ရှားမှုတွေကို ရွာသားတွေ မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြီး မတော်မသင့်တာ မဖြစ်ရအောင် အရေးပေါ်တဲ့အခါ အားလုံးက ညာသံပေးပြီး အော်ကြ ဟစ်ကြ ဖေးမကြ၊ ကိုယ့်လူတွေ မထိခိုက် မပြိုကွဲရအောင် ကာကွယ် စောင့်ရှောက်ကြရမယ် မဟုတ်ပါလား။ 
ဖဲဝိုင်းမှာ ဆုံကြတာပေါ့။ မမြင်ချင်ယောင်တော့ မဆောင်ကြနဲ့နော်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts