Yan Naung (Bo Ta Htaung) သတင်းဆောင်းပါး

ရန်နောင်(ဗိုလ်တထောင်) – စာပေအနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မိတ်ဆုံမြင်ကွင်း

 

ရန်နောင်(ဗိုလ်တထောင်) – စာပေအနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မိတ်ဆုံမြင်ကွင်း
သြဂုတ် ၂၈၊ ၂၀၁၄

ရန်ကုန်မြို့ မှစာရေးဆရာများ၊ ကဗျာဆရာများ၊ကာတွန်းဆရာများ၊ပန်းချီဆရာများ နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဥက္ကဋ္ဌ ) နှင့် တွေ့ဆုံပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းပေါ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၅ ရက် (တနင်္လာနေ့)  နံနက်  ၁၀ နာရီတွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲ တွင် သဘာပတိအဖြစ် စာရေးဆရာဦးမိုးသူ (ဘကြီးမိုး)က ဆောင်ရွက်ပြီး အဖွဲ့ဝင်အဖြစ် ဦးဝင်းထိန်(လွှတ်တော်ကိုယ်စားလှယ်) တို့မှဆောင်ရွက်ကာ အခမ်းအနားမှူး အဖြစ် ဦးစိုးညွန့် (တော်ဝင်နှင်းဆီ) မှ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သဘာပတိ ဘကြီးမိုး(ဦးမိုးသူ)က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံပွဲမျိုးကို မန္တလေးတွင် ပြုလုပ်ပြီးကတည်းက ရန်ကုန်တွင် ပြုလုပ်ရန်စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း ဘဘဦးဝင်းတင် ဆုံးသွားသောကြောင့် မပြုလုပ်နိုင်ခဲ့ကြောင်း၊အန်တီစုနှင့် ၁၉၈၈ ကတည်းကလက်တွဲလာခဲ့သော သူများမှာ စာပေအနုပညာရှင်များပင်ဖြစ်ကြောင်းအစရှိသည်ဖြင့် အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက်တက်ရောက်လာသော စာပေအနုပညာရှင်များကအသီးသီးတစ်ဦးချင်း မိတ်ဆက်စကားများပြောကြားကြပါသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိတ်ဆက်စကားပြောတော့ မန်းလေးက လူတွေပါနေတာလားဆိုပြီး ဦးဝင်းထိန်ကို မေးကြည့်တော့ သူတို့က (ကျူး) တွေပါလို့ ကျွန်မကို အဲဒီလိုပြောပါတယ်။ဒါပေမဲ့ ဒါတွေက (တရားဝင်ကျူး)တွေပါတဲ့ ဟု အသောလေးနှင့်အစချီလိုက်ပါသည်။ တကယ်တမ်းတော့ ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ်တစ်ခု ထူထောင်ရုံနဲ့ မရပါဘူး။ယဉ်ကျေးမှုတစ်ခုအနေနဲ့ မြင်မှ ခိုင်မြဲလိမ့်မယ်လို့ ကျွန်မပြောပါတယ်။ စိတ်ဓါတ်တော်လှန်ရေးပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုတစ်ခုထူထောင်တာပဲဖြစ်ဖြစ် အဲ့ဒီလိုကိစ္စတွေ မှာဆိုရင် စာပေအနုပညာရှင်များရဲ့ကဏ္ဍဟာ အင်မတန်မှအရေးပါပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုဖြေရှင်းပေးဖို့ ကူညီစေချင်ပါတယ်။ပါဝင်စေချင်ပါတယ်။တက်တက်ကြွကြွနဲ့ ဦးဆောင်မှုပေးစေချင်ပါတယ် အစရှိသဖြင့် နှုတ်ခွန်းဆက်ပြောကြားသည်။

 

 

ထို့နောက် တက်ရောက်လာသော စာပေအနုပညာရှင်များထဲမှ ဆရာဖေမြင့်၊ဆရာမဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဆရာထက်မြက်(မြန်မာနိုင်ငံ စာရေးဆရာများအသင်းသမဂ္ဂ)၊ဆရာသစ္စာနီ(မြန်မာနိုင်ငံကဗျာဆရာများအသင်းသမဂ္ဂ) ၊ဆရာအောပီကျယ်(ကာတွန်း)၊ဆရာကျော်သောင်း(ပန်းချီ) တို့မှ မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြသည်။

 

ဆရာဖေမြင့်က စာနယ်ဇင်းသမားများကိုယ်စား စာနယ်ဇင်းသမားများ ဖမ်းဆီးအရေးယူခံရမှုနှင့် ပတ်သက်၍လည်းကောင်း၊စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်လည်းကောင်း ၊ဆွေးနွေးတင်ပြခဲ့ပြီး ဆရာမ ဒေါ်စမ်းစမ်းနွဲ့ မှလည်း ယခုကဲ့သို့ တွေ့ဆုံပွဲမျိုးကို အခါအားလျော်စွာပြုလုပ်ပေးသင့်ပါကြောင်း ၊အလုပ်ရုံဆွေးနွေးပွဲများကိုလည်း အခါမလပ် ပြုလုပ်စေချင်ပါကြောင်း၊ ကျွန်မတို့ စာရေးဆရာများသည် ဖိတ်စာရတိုင်း မလာပါကြောင်း၊ယခုပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား အင်မတန်ပင် လေးစားလွန်းလို့၊ချစ်ခင်လွန်းလို့ လာရောက်ကြတာပင်ဖြစ်ကြောင်း၊ကျွန်မတို့ နိုင်ငံသည် လွန်စွာပင် အလှည့်အပြောင်းများကြောင်း၊အရေးမပါသည့် ကိစ္စများကို အရေးပါသယောင်ပြုလုပ်နေကြကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ဆရာထက်မြက်က လက်ရှိမှာပုဒ်မ ၁၈ နဲ့ ဆွဲခံနေရတာတွေ ရှိသေးတယ်။စာနယ်ဇင်းသမားတွေ တရားစွဲဆိုထောင်ချခံနေရတာတွေကို NLD ပါတီအနေနဲ့ ပါဝင်ကူညီစေချင်ပါတယ်၊ စစ်အာဏာရှင်စနစ်ကျန်ရှိနေသေးကြောင်း၊ ပြည်သူများမှာလည်း အဖိနှိပ်ခံနေရဆဲဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

ကဗျာဆရာသစ္စာနီကလည်း ကဗျာများကို သင်္ကေတ နှင့် ရေးသား၍ နိုင်ငံရေးကို လုပ်ဆောင်ခဲ့ကြောင်း၊လူငယ်ကဗျာသမားများကလည်းတတ်နိုင်သည့်နေရာမှ ပါဝင်ခဲ့ကြကြောင်းစသဖြင့် ဆွေးနွေးခဲ့သည်။

ကာတွန်းဆရာအော်ပီကျယ်မှလည်း ကျွန်တော်တို့ စာရေးဆရာ၊ကာတွန်းဆရာများသည် ကိုယ်ပိုင်အိမ်၊ကိုယ်ပိုင်ကားနှင့်နေနိုင်သူလွန်စွာရှားကြောင်း၊ တက္ကစီစီးနိုင်ဖို့ဆိုတာ ဝေလာဝေးဖြစ်ကြောင်း၊ လိုင်းကားကို တိုးဝှေ့စီးကာ ဝမ်းရေးကိုဖြေရှင်းနေရသူများ ဖြစ်ကြောင်း၊ လတ်တစ်လောတွင် အများစုသည် နိုင်ငံရေးကို လုပ်သည်ဆိုသော်လည်း သင်တန်းကို တသက်လုံးတက်ရောက်နေသည်နှင့် အချိန်ကုန်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဆီမှလည်း တိုက်ခန်းတောင်း၊ကားတောင်းမတောင်းချင်ကြောင်း၊ ပေးနိုင်မည်ဟုလည်း မထင်ပါကြောင်း၊သို့သော်လည်း ယခင်က စာရေးဆရာကြီးများလို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားချင်ပါကြောင်း၊ကူညီနိုင်ရင် ကူညီပေးစေချင်ပါကြောင်း ၊အများစုမှာ အင်္ဂလိပ်စကားပြောမကောင်းသဖြင့် ဂိုက်ချောချောလေးနှင့် ခရီးများထွက်ချင်ပါကြောင်း ဟာသနှောကာပြောဆိုဆွေးနွေးခဲ့သည်။

 

 

 

ထို့နောက် ပန်းချီကျော်သောင်းကလည်း ပန်းချီပညာဖြင့် နိုင်ငံရေးအား လုပ်ခဲ့သောအကြောင်းများကို တင်ပြခဲ့သည်။

ဆွေးနွေးတင်ပြချက်များအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်၍ တစ်ဦးချင်းဆီ၏ ပြောစကားကောက်နှုတ်ချက်များကို အပြန်အလှန် ရှင်းလင်းပြောကြားပေးခဲ့သည်။

ကျွန်မ အခုမှပဲသိရပါတယ်။လွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနကတင်သွင်းပြဋ္ဌာန်းခဲ့သည့် ဥပဒေကို မကန့်ကွက်ခဲ့ခြင်းမှာ နှစ်ဖက်ပြေလည်စွာ ညှိနှိုင်းပြီးဖြစ်သည်ဟု ယူဆ၍ဖြစ်ကြောင်း၊စာနယ်ဇင်းများက မပြေလည်သည့်အကြောင်းကို အသိပေးညှိနှိုင်းခြင်းမရှိမှုကလည်း အကြောင်းတစ်ခုအဖြစ်ပါဝင်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း အခါအားလျော်စွာပြုလုပ်ပေးမည်ဖြစ်ကြောင်း၊နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ရန် ကတိကို အလွယ်မပေးသော်လည်း ဖြစ်နိုင်လျှင်စီစဉ်ပေးမည်ဖြစ်ကြောင်း၊စာပေ အနုပညာရှင်များနှင့်တွေ့ဆုံခြင်းမှာ နိုင်ငံတိုးတက်ရေးလမ်းကြောင်းပေါ်သို့ရောက်ရှိရေးအတွက် မည်သို့ဝိုင်းဝန်းလုပ်ဆောင်သင့်မည်ကို အဖြေတစ်ခုရှာဖွေရန်နှင့် အားလုံးဝိုင်းဝန်းလုပ်ဆောင်ရမည့် အချိန်၌ အနုပညာရှင်များ အနုပညာသက်သက်အတွက်သာရပ်တည်ခြင်း မဟုတ်ပဲ အားလုံးလက်တွဲလုပ်ဆောင်စေလိုကြောင်း၊တရားစွဲခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လည်းကူညီဖို့အသင့်ပင်ရှိပါကြောင်း၊ဒါပေမဲ့ တချို့က NLD ပါတီကရှေ့နေတွေကူညီရင် တရားရှုံးမှာပဲလို့ ထင်မြင်နေကြသူများရှိကြောင်း၊ဒါနဲ့ ပတ်သက်ပြီး ဥပမာပေးရရင် ကျွန်မတို့ ပါတီက လူတွေကို ကြက်ကလေး၊ငှက်ကလေးဖမ်းသလို ဖမ်းဆီးအရေးယူ ထောင်ချနေတဲ့ အချိန်တုန်းက ဆိုရင် လူတွေကို ဥပဒေအသိပညာပေးထားတော့ အခုကျွန်မဘေးမှာရှိနေတဲ့ ဦးဝင်းထိန်ကို လာဖမ်းတဲ့အခါ ဝရမ်းပါသလားဟုမေးခဲ့ကြောင်း၊ ဖမ်းဆီးသူများမှ ဝရမ်းတွေ၊ဘာတွေပြောမနေဲ့၊ဘယ်နှစ်နှစ်ချတာဆိုတာပါ အမိန့်ပါပြီးသားဖြစ်ကြောင်း၊ ဒါကြောင့် တရားဥပဒေစိုးမိုးရေးသည်လည်း အရေးကြီးကြောင်း၊စသည်ဖြင့် အကျယ်တဝင့် ပြန်လည်ဆွေးနွေးခဲ့သည်။

 

ထို့နောက် တက်ရောက်လာသောစာအုပ်တိုက်ပိုင်ရှင်များနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သူများက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စာအုပ်များလှူဒါန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံရယူခဲ့သည်။

ဆွေးနွေးပွဲ သို့ မင်းယုဝေ၊မောင်လင်းယုန်(ရှမ်းပြည်)၊ မောင်ပေါ်ထွန်း၊ ၊ တက္ကသိုလ်စိန်တင်၊ စိမ့်(ပညာရေး)၊ ဝင်းဖေ၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ချစ်ဦးညို၊ သစ္စာနီ၊ မောင်စိမ်းနီ၊ သန်းဝင်းလှိုင်၊ မျိုးမြင့်ညိမ်း၊ မသီတာ(စမ်းချောင်း) ၊ဦးထွန်းလွင်(မိုးလေဝသ)၊ အကြည်တော်၊ ကြည်မင်း၊ မသီတာ(DVB)၊ ရဲသျှမ်း၊ နေမျိုးဆေး၊ မောင်လွင်မွန်(ကသာ)၊ ဂုဏ်ထူးဦးသိန်းနိုင်၊ အရိုး၊ စိုးဝင်းငြိမ်း၊ ထွန်းဝင်းငြိမ်း၊ ဇော်သက်ထွေး၊ နေဘုန်းလတ်၊ ညောင်ဦးဖိုးချို၊ ဘိုးလှိုင်၊ စိုးသော်တာ၊ မောင်သွေးသစ်၊ အော်ပီကျယ်၊ လေးကိုတင်၊ မြတ်ခိုင်၊ ဟိန်းလတ်၊ ကောင်းသန့်၊ ညီပုလေး၊ မောင်သင်းခိုင်(ပျဉ်းမနား)၊ ဝင်းဖေမြင့်၊ ကိုစိုင်း၊ ထိန်ဝင်း၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဖေမြင့်၊ ဆောင်းဝင်းလတ်၊ နုနုရည်(အင်းဝ) ၊ မြနှောင်းညို၊ ဂျူး၊ မောင်သာချို၊ မျိုးမြင့်၊ ကျော်သောင်း၊ ဒေါက်တာခင်မောင်ဝင်း၊ တက္ကသိုလ်ရွှေရီဝင်း၊ ဂျူနီယာဝင်း၊ လွတ်လပ်စိုး၊ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)၊ ကျော်သူ၊ စောဝေ၊ ဝင်းအောင်၊ ဇော်မောင်၊ ငွေကြည်၊ မြေဇာ၊ ရွှေမင်းသား၊ မြင့်မောင်ကျော်၊ မမွှေးနှင့် အခြားသော စာရေးဆရာ၊ကဗျာဆရာ၊ကာတွန်းဆရာ၊ ပန်းချီဆရာများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသော စာပေအနုပညာရှင်များအား ထောပတ်ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

 

 

ပွဲတက်လာသူ စာရေးဆရာ ချစ်ဦးညို အား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဒီလိုတွေ့တာကောင်းသောရလဒ်ပါ၊ဒါပေမဲ့ တွေ့ရုံနဲ့တော့ အလုပ်မပြီးနိုင်ဘူး။အဲဒီအပေါ်မှာ အလုပ်လုပ်ကြရမယ်၊သက်ဆိုင်ရာစာရေးဆရာတွေ၊ဒေါ်စုတို့ ဘက်ကလည်း အလုပ်တွေလုပ်ကြမှ အကျိုးလဒ်ကကောင်းမှာပေါ့။ တွေ့တဲ့ဟာ၊ဆွေးနွေးတဲ့ဟာတွေဟာ အကောင်အထည် ပေါ်ဖို့လိုတယ်လေ၊ဒါမှသာ မှန်ကန်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို ပြုစုပျိုးထောင်နိုင်မှာပါ ဟု ပြောကြားခဲ့သည်။

 

 

 

ဗိုလ်ချုပ်ရုပ်ရှင် အခြေအနေနှင့် ပတ်သက်မှုကိုမေးမြန်းခဲ့ရာတွင် ဒီကားက ၂၀၁၅ မှရိုက်မှာလေ၊အခုတော့ ရွေးထားတဲ့ သူတွေကို လေ့ကျင့်နေတာပါဟု ထပ်မံပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲ ရလဒ်အဖြစ် သတင်းမီဒီယာသမားများနှင့်NLD ပါတီမှ တာဝန်ရှိသူအချို့ တို့ကျောက်တံတားမြို့နယ်ရုံးခန်းတွင် သြဂုတ်လ (၂၈) ရက်နေ့တွင် တွေ့ဆုံဖို့ အစီအစဉ်ရှိကြောင်းလည်း ထပ်မံ၍ သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရန်နောင်(ဗိုလ်တထောင်) – စာပေအနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မိတ်ဆုံမြင်ကွင်း

Comments are closed.