သြဂုတ် ၁၅၊ ၂၀၁၄
စာအုပ်အမည် • အညာပင်လယ်
စာရေးဆရာမည် • ညီပုလေး၊ မိချမ်းဝေ
ထုတ်ဝေသည့်ခုနှစ် • ဖေဖော်ဝါရီ ၂ဝဝ၈ (ပထမအကြိမ်)
တန်ဖိုး • ၁၂ဝဝ ကျပ်
အုပ်ရေ • ၁ဝဝဝ
ခွင့်ပြုချက်အမှတ် • ၅ဝ၁၁၃၁ဝ၉ဝ၇
ဖြန့်ချိရေး • ရန်ကုန်၊ ကမာရင်ကွဲစာအုပ်တိုက်။
ထုတ်ဝေသူ • ဦးဝင်းမျိုးသူရ
အညာလို့ ဆိုလိုက်တာနဲ့ …
ပူလောင်ခြောက်သွေ့တဲ့ ဒေသဆိုတာ လူတိုင်းအသိ ….။
ပင်လယ်လို့ ဆိုလိုက်တာနဲ့ …
အေးမြစိုစွတ်တဲ့ ရပ်ဝန်းအဖြစ် လူတိုင်းအသိ …။
မတူညီတဲ့ သဘာဝနှစ်ခုကိုပေါင်းစုံ စုစည်းထားတဲ့ သူ့အမည်က ‘အညာပင်လယ်”။
…. …. ….
ဆရာ ညီပုလေးနဲ့ ဆရာမ မိချမ်းဝေတို့ရဲ့ ဝတ္တုလတ် ၂ ပုဒ်နဲ့ ဖွဲ့နွဲ့ထားတဲ့ အညာပင်လယ်က အလေးအပင် မျှတတဲ့ ဟင်းတခွက်လို့ပါပဲ။ အညာပင်လယ်ဆိုတဲ့ အသုံးအနှုန်း ကလေးနဲ့တင်ကို စားသုံးသူပရိသတ်ကို မတို့ တို့မိအောင် ဆွဲဆောင်နေသယောင်လို့လည်း ထင်မြင်မိပါတယ်။ ဆရာမိုးဟိန်း (သားဂျာနယ်ကျော်) ရဲ့ အမှာစာနဲ့ ထောက်ကူလိုက်တဲ့အခါမှတော့ ‘အညာပင်လယ်’ ဟာ ပိုမိုလို့ ရုပ်လုံးကြွလာပါတယ်။
ဝတ္တုတိုဆိုတဲ့ မျိုးစေ့ကလေးဟာ ရေခံမြေခံနဲ့ ရှင်သန်ဖို့ အလားအလာကောင်းတွေ ရှိနေရင်တောင်မှ တကယ်တမ်း စိုက်ကြပျိုးကြဟယ်ဆိုတဲ့ အခါမှmတော့ လွယ်ကူစွာနဲ့ အစို့အညှောက်ထွက် အပင်ပေါက် ရှင်သန်ကြီးထွားလာဖို့ဆိုတာ မလွယ်ကူဘူးဆိုတာတော့ လက်ခံရပါတယ်။
ဆရာမိုးဟိန်း (သားဂျာနယ်ကျော်) အမှာစာထဲမှာလည်း လွန်ခဲ့တဲ့ အနှစ် ၄ဝ ကျော်က သူကိုယ်တိုင် ဝတ္တုတိုလေးတပုဒ်ကို အရောင်ချယ်သဖို့ ကြိုးစားတာ ၃ နှစ် ၃ မိုး ကြာခဲ့ပေမယ့် အဲ့ဒီဝတ္တုတိုလေး တပုဒ်အပေါ်ထားတဲ့ သူ့စိတ်ကူးစိတ်သန်းက အရောင်လက် မလာခဲ့ဘူးဆိုတဲ့ အဖြစ်အပျက်ကလေးကို ဖွင့်ဟထားပါတယ်။ ဝတ္တုသီးလေးတွေ မသီးပေမယ့် သူ့ပေပင်မှာတော့ ဝတ္တုသီးလေးတွေ ကိန်းအောင်းနေတဲ့ အကြောင်းပါ …။
… …. ….
‘ပင်လယ်ပြင်ရဲ့ ပြင်ညီစွန်းမှာ ခရမ်းချဉ်သီးကလေးတလုံး မရဲတရဲတက်လာသလို တဖြည်းဖြည်း ပေါ်လာသည်။ နေမင်းကြီးသည် လောကကြီးဆီ တနေ့တာ အလင်းပေးဖို့ နိုးထလာနေပြီ။ နေလုံးကိုယ်ထည်မှ ဖြာထွက်လာသော အလင်းတန်းသည် ရေပြင်ထက်မှာ လက်လက်ဖြာကျနေသည်မှာ ဘယ်ပန်းချီရေးလို့ မီမည် မဟုတ်ချေ။’
ဆရာမ မိချမ်းဝေရဲ့ ပီသလှတဲ့ အဖွဲ့အနွဲ့ကြောင့် ပင်လယ်ရှိရာ အရပ်ကိုကို ပြေးထွက်လို့ ပင်လယ်ရဲ့ အာရုံကို ခံစားချင်စိတ် ပေါက်စေပါတယ်။ အမှန်ဝန်ခံရရင်ဖြင့် ဆရာမ မိချမ်းဝေရဲ့ စာစုများနှင့် မရင်းနှီးသည်မှာ မှန်သော်လည်း ‘ညံ့သက်ပြေလွင် လှိုင်းကလေး …သင်’ အား စာဖတ်ပရိသတ်တဦး အနေဖြင့် နှစ်ခြိုက်မိပါသည်။
မြို့ပြကိုကျောခိုင်းပြီး မိဝေးဖဝေး မိသားစုကို ကျောခိုင်းလို့ ဝေးလံခေါင်သီလွန်းလှတဲ့ အရပ်တွေဆီ ဆွဲခန့်ဆရာမလေးတွေဖြစ်ဖို့ စွန့်စားခဲ့ကြတဲ့ ညံသက်ပြေလွင်ရဲ့ အဓိက ဇာတ်ကောင်တွေသည်တွေ …. စိုး ၊ ညွှန့်ညွန့်နဲ့ မေနီ ဟူသည့် မိန်းမငယ်လေး ၃ ဦး ဖြစ်သည်။
မွန်ပြည်နယ်၊ သထုံမြို့သူ ဇာတိဖြစ်တဲ့ ဆရာမမိချမ်းဝေသည် အဋ္ဌမတန်းကျောင်းသူ ဘဝကပင် သခွတ်ပန်း (သထုံ) ဟူသော ကလောင်ဖြင့် ‘ကျော်ဟိန်း အလိုရှိသည်’ ဆောင်းပါးဖြင့် စာပေမြေသို့ စတင်ခြေချခဲ့ပြီး၊ မြိတ်မဂ္ဂဇင်းတွင် `ကျနော် ဖောင်သမား’ ဝတ္တုတိုဖြင့် မိချမ်းဝေကလောင်ကို စတင်မွေးဖွားခဲ့သူဖြစ်သည်။
ယခု ညံ့သက်ပြေလွင် လှိုင်းကလေး …သင်သည် အမှန်တကယ်ပင် ပင်လယ်အရပ်ဒေသ၏ သဘာဝကို ခြုံငုံပေါ်လွင်စေရုံမျှသာမက ပင်လယ်အရပ်ဒေသ၏ အခေါ်အဝေါ် အပြောဆိုများဖြစ်သည့် .. ဗျောပင် (ငှက်ပျောပင်)၊ ဘားလင်ပင် (စပါးလင်ပင်)၊ တဒစ်ငယ် (အနည်းငယ်)၊ ဇိဇပ်ပုပ်အိုင် (ရေဆိုးရေညစ်ဗွက်အိုင်) စသည့် ဗဟုသုတဖြစ်ဖွယ် စကားလုံးလေးများကိုလည်း မှတ်သားရသလို၊ … ငတ်သလား … ငတ်ရင် စားပါ (ဆာသလား၊ ဆာရင်စားပါ) ဆိုတဲ့ ပယ်လယ်အရပ်ဒေ၏ သဘောကျဖွယ် ဝေါဟာရ စကားလုံးလေးတွေကိုလည်း တွေ့ရသည့်အတွက် ညံသက်ပြေလွင်သည် တမူထူးခြား၍ ဖတ်ချင်သဖွယ် ဖြစ်နေသည်ဟု ထင်မိသည်။
မြင်လေရာ အုန်းပင်နှင့် အုန်းသီးပေါသည့် အရပ်ဒေသဖြစ်သည့်အတွက် ကောက်ညှင်းနှင့် အုန်းနို့ရောထားသည့် အရောင်အဆင်း မည်းမည်းညစ်ညစ်နှင့် အနံ့သင်းသင်းနှင့် အမည်ဆန်းလှသည့် မုန့်ကုလားမည်း၊ ပအုန်းရည်ပိဖျော်ကဲ့သို့သော ဒေသအစားစာများကိုလည်း အလိုက်သင့် အလျားသင့် ထည့်သွင်းရေးဖွဲ့ထားသည့်အတွက် စာဖတ်သူ ပရိသတ်အတွက် ဖတ်ရသည်မှ တမျိုးဆန်းသည်ဟု ခံစားမိပါသည်။
လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခင်မင်မှု၊ ဖော်ရွေမှု စသည်တို့သည်ကား မြို့နေအရပ်တွင်ကား အတော်အတန် တွေ့ရခဲ၏။ ယခု ညံ့ပင်ပြေလွင်တွင်ကား ပယ်လယ်အရပ်ဒေသ နယ်ခံတို့၏ ရိုးသားသည့် ဓလေ့စရိုက်ကို တစွန်းတစ လစ်ဟပြထားသည်။ ပကာသနမရှိတဲ့ ဇာတ်ကွက်အသွင်ပင် ဖြစ်သည်။
ဆရာမ မိချမ်းဝေ၏ ‘ညံ့သက်ပြေလွင် လှိုင်းကလေး …သင်” သည် အဓိက ဇာတ်ကောင် ဆွဲခန့်ဆရာမလေးတို့၏ အချစ်၊ အမုန်း၊ လူမှုဘဝနှင့် ပင်လယ်နယ်၏ သဘောသဘာဝ ဓလေ့စရိုက်တို့ကို ရစ်ပတ်နွယ်ယှက်၍ ထုဆစ်ချယ်မှုန်းထားသည့်အတွက် `ညံ့သက်ပြေ လွင် လှိုင်းကလေး … သင်’ သည် အမှန်တကယ်ပင် လှိုင်းနုပြေပြေ အေးအေး ကလေးများကြား ရုတ်ချည်းရောက်နေသကဲ့သို့ပင် ဖြစ်အောင် ဆွဲဆောင်မှု ရှိလှပါသည်။
.. … …
ညီပုလေး ….
ညီပုလေးဟု ဆိုလိုက်သည်နှင့်ပင် ‘လမင်း၏ ချိုသာသည့်လက်ခုပ်သံ’၊ ‘တစ်ကြောင်းဆွဲ ကလေးပန်းချီနှင့် အခြားဝတ္တုတိုများ’ ကို ပြန်လည် မြင်ယောင်မိသည့်အတွက် မစိမ်းလှဟု ဆိုနိုင်သည်။ ထို့အပြင် မြေးသူကြီး နှင့် ငြိမ်သက် တမိနစ်နှင့် အခြားဝတ္တုတိုများ နှင့် ရင်နှီးသူများအဖို့ ဆရာ ညီပုလေးကား အထူးမိတ်ဆက်ပေးစရာ မလိုသည့်သူ ဖြစ်သည်။ လူထု ဦးလှနှင့် လူထု ဒေါ်အမာတို့၏ ပဉ္စမမြောက် (အငယ်ဆုံး) သား ဖြစ်သည်။
ယခု အညာပင်လယ်တွင် …
အညာငွေ့ အညာရိပ်သန်းနေသည့် ‘ကမ္ဘာမြေမဟီတောင် ကွဲလောက်ပါရဲ့” ဟူသော ဝတ္တုတွင် အညာသား ဆရာညီပုလေး၏ ကလောင်စွမ်းသည် ထက်လှသည်ဟုပင် ဆိုချင်ပါသည်။ အညာ၏ ဇာတ်ကွက်ကျယ်ကြီးအတွင်း ဟိုတစု သည်တစ ရှိနေသည့် အရပ်ဒေသတို့ကို လိုသလို ဆွဲဆန့်ရင်းနှင့်ပင် တဖန် ပြန့်ကျဲမသွားရလေအောင် စုစည်းရင်း အညာ၏ ဓလေ့စရိုက်နှင့် လူသဘော ဘဘာဝဖြစ်တတ်သည့် ဒေါသ၊ မာန်မာနများ တမူထူးခြားသည့် ရေးဟန်ဖြင့် လှလှပပ ချိတ်ဆက်ပြလိုက်သည့်အခါ ကမ္ဘာမြေမဟီတောင် ကွဲလောက်ပါရဲ့ သည် စာဖတ်သူစိတ်ထဲသို့တိုင် ကြိတ်မနိုင် ခဲမရ စိတ်ကလေးများ ဝင်လာ၍ တဖက်ကျော့ ဘုရားပွဲအား ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲချင်လောက်ပင် ‘ကမ္ဘာမြေမဟီတောင် ကွဲလောက်ပါရဲ့”အသက်ဝင်လှသည်ဟု ဆိုရမည်ပင် ဖြစ်ပေသည်။
‘ကမ္ဘာမြေမဟီတောင် ကွဲလောက်ပါရဲ့’ ရဲ့ အဓိကဇာတ်ကောင်ကား အောင်ကျော်တင့်ဟု ခေါ်သည့် အသံချဲ့စက်ဆရာ လူငယ်ကလေးဖြစ်သည်။ အညာဒေသရဲ့ ရွာစဉ်စုတွေမှာ လှည့်လည်လို့ အသံချဲ့စက် ဖွင့်ရတဲ့အလုပ်နဲ့ ရွာစဉ်ရိုးကိုးပေါက် လျှောက်သွားနေရသူတယောက် …။ မိဘ ညီအကိုမောင်ဘွားတွေနဲ့ ကိုယ်ပိုင်အိမ်လေး ပိုင်ဆိုင်လို့ သိုက်သိုက်ဝန်းဝန်း နေလိုတဲ့ ဆန္ဒရှိသူ တယောက်အဖြစ် ဖွဲ့နွဲ့ထားပါတယ်။
အညာရဲ့ဓလေ့ တောသူတောင်သားတို့သဘာဝ …
တနှစ်ပတ်လုံး အညာနေပူ ကျဲကျဲအောက် ယာထဲကိုင်းထဲမှာ ပင်ပန်းနွမ်းခဲ့ရသမျှ ကိုင်းယာအပြီး အနားယူတဲ့ အချိန်မှာ လက်ကလေးထဲ ငွေရွှင်လို့ အလှူအတန်းပေးချိန်မှာတော့ အောင်ကျော်တင့်တို့လို အသံချဲ့ စက်သမားတွေအဖို့ ဟိုရွာကူး သည်ရွာကူးနဲ့ အလုပ်အများဆုံး အချိန်ကာလလို့တောင် ဆိုနိုင်ပါတယ်။ ဒီကြားထဲ စက်သမားအချင်းချင်း ပဋိပက္ခလေးတွေကိုလည်း ဆရာညီပုလေးရဲ့ ‘ကမ္ဘာမြေမဟီတောင် ကွဲလောက်ရဲ့’ မှာ တစွန်းတစ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာပဲ ….နေသွေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသော လူငယ်တို့ရဲ့ စရိုက်ဘာသာဘာဝကိုလည်း လှစ်ကနဲ လှပ်ကနဲ လှစ်ဟပြထားပါတယ်။
…. ….. ….
‘ပူစိကာ ..’
‘ဘာတုံး … ကိုဖိုးကြာ …’
‘အဖေက ပြောပြီးသားဆို’
‘ဟုတ်ကဲ့ … ပြောပြီးသားပါ’
‘ပြောပြီးသားဆိုရင် …. ဟဲ ဟ ဟဲ … ကိုင်း’
‘မယားအလိမ္မာ ပူစိကာ’ ဇာတ်ထုပ်ထဲက ကိုဖိုးကြာနဲ့ ပူစိကာတို့ရဲ့ စကားပြောခန်းကြောင့် ကမ္ဘာမြေမဟီတောင် ကွဲနိုင်လောက်ပါရဲ့ ဝတ္တုထဲက ဇာတ်ကောင်တွေတင် သဘောကျ ပြုံးစေနိုင်လောက်အောင်တင်မကဘဲ၊ တကယ့်အပြင်မှာ ဖတ်ကြည့်နေတဲ့ စာဖတ်ပရိသတ်ကိုလည်း ပြုံးမိစေလောက်အောင်ပဲ ဆရာညီပုလေးရဲ့ အဖွဲ့အနွဲ့က ထိမိစေပါတယ်။
သမားရိုးကျမဆန်တဲ့ ဝတ္တုရဲ့ အထွဋ်အထိပ်လို့ခေါ်ရမယ့် တဘက်ကျော့ ဘုရားပွဲရဲ့ ဇာတ်ကွက်ကတော့ ဖတ်မိသူတိုင်းရဲ့ ရင်ကို အမှန်တကယ့်ကိုပဲ ကမ္ဘာမြေမဟီ ကွဲလောက်အောင်ကိုပဲ ထိမိလွန်းလှပါတယ်။ တရွာနှင့် တရွာ စက်အပြိုင်ငှားလို့ လူ့သဘော လူ့သဘာဝအရ အတ္တစွဲလေးတွေ၊ အပြိုင်အဆိုင်လေးတွေနှင့် တဘက်ကျော့ဘုရားပွဲသည်ကား မြိုင်မြိုင်ဆိုင်ဆိုင်နှင့် စာဖတ်သူ မျက်လုံးထဲတွင် ကွင်းကွင်းကွက်ကွက် မြင်နိုင်လောက်အောင် ဆရာညီပုလေးရဲ့ ကလောင်းစွမ်းက ထက်လှသည်။
အညာဘုရားပွဲ ဖြစ်သည်နှင့်အညီ ရပ်စုံရွာစုံမှ လူပေါင်းစုံလာရောက်ကြသလို ရွာတဘက်ကျော့ ဘုရားပွဲ အသံချဲ့စက်ပေါင်းစုံက အသံများသည်ကား … တလုံးနှင့် တလုံး အပြိုင်အဆိုင် စကြ … နောက်ကြ … ကျီစယ်ကြပုံက ….
… ဘဂျမ်း … ဘ …ဂျမ်း … ဟေ့ကောင် ဘဂျမ်း၊ မင်းပြေးစရာ မြေမရှိတော့ပါဘူးကွာ။ မင်းအတွက် နေဝင်ချိန်ရောက်နေပြီ။ ခွေးသေဝက်သေ မသေချင်ဘူးဆိုရင် ငါနဲ့ ရင်ဆိုင်လိုက်စမ်းပါ။ မင်းအခုလို ထွက်ပြေးနေတာ အရှက်မရှိလို့ပဲဟေ့ …။ မင်းလိုအကောင် တယောက်အတွက်နဲ့ ကျန်တဲ့ ယောက်ျားတွေ သိက္ခာကျတယ်ကွ။ အဲဒီတော့ ဘဂျမ်း .. ယောက်ျားကောင်းမှန်ရင်လေ သတ္တိရှိရှိနဲ့ ရင်ဆိုင်လိုက်စမ်းပါ ..။ ကြားလား ……
ဟေ့ကောင် ကောင်းမြတ် …. မင်းပါးစပ်ကို အချိန်မီ ပိတ်ထားလိုက်စမ်း … ပိတ်ထားလိုက်စမ်း …..
ဟေ့ …. ဒီမယ် ဘဂျမ်း …. ဟန်ကိုယ့်ဖို့ဆိုတဲ့ စကားလုံးတွေ သုံးနေတာဟာ အခုချိန်မှာတော့ အချည်းအနှီးပဲဟေ့ ကိုယ့်လူ။ မင်းကိုယ်မင်း မြွေးပွေးမကလို့ နဂါးနဲ့ပဲ နှိုင်းယှဉ်ပြပေမယ့် ငါ့လို အလမ္ပာယ်ဆရာက ဖျားပြီး ဖြုံထွက်သွားမယ် မင်းထင်နေသလား။ မဖျားပါဘူး။ မဖြုံပါဘူးကွ ….။ ငါ့အတွက်တော့ မင်းဟာ သားကောင်ပဲဟေ့ …. မင်းလို ထွက်ပြေးနေတဲ့ သားကောင်ကို ဘယ်တော့မှ နောက်ကလိုက်ပြီး ငါမပစ်ပါဘူး။ ပုန်းနေရင်လည်း ချောင်းမပစ်တတ်ဘူးဟေ့ …. ရှေ့တည့်တည့်က တချက်တကောင် ပစ်ချင်လို့ မင်းကို ခေါ်ဖိတ်နေတာ … ဒီဘက်ကို လှည့်စမ်းပါ … ဘဂျမ်း လှည့်စမ်းပါ … ဒီဘက်ကို လှည့်စမ်းပါ … ရင်ဆိုင်လိုက်စမ်းပါ ……
(အတော်ခက်တဲ့ကောင်ပဲ) ၂ ရှေ့နောက်လည်း မင်းဘာမှ အမြော်အမြင်မရှိဘူး … မင်း ငါ့ကို အံတုလို့ ရမယ်ထင်သလားဟင် … အံတုလို့ရမယ် မင်းထင်သလား …. ဖားတုလို့ ခရုခုန် … အိုင်ပျက်ရုံပဲရှိမယ် … ခက်တဲ့ကောင်တွေပဲကွာ…. လောကကြီးမှာ အလုပ်လုပ်စားရတာ တယ်ကျပ်ပါလားဟင် …. ရှေ့နောက် အမြော်အမြင်ရှိတဲ့ လူတယောက်ကနေပြီးတော့ လမ်းပြတာကို …. မင်းတို့က မလိုက်နာချင်ဘူး …. ပုန်ကန်ချင်တဲ့ စိတ်ကလေး မင်းတို့မှာ ဝင်ဝင်လာတယ် … တွေ့ကြသေးတာပေါ့ … တွေ့ကြသေးတာပေါ့ ….
…..မင်းသေနတ်က ကျည်ဆံမထွက်ပါလားဟင် … ကျည်ဆန်ထွက်တဲ့ သေနတ်က ဒီမှာကွ …. ဒါပေမဲ့ မင်းကို ငါက အနိုင်မယူလိုပါဘူးကွာ ….
….. ခွေးလှေးခုန်လို့ ဖုန်ထမတဲ့လားကွ … မင်းလိုခွေးဝင်စားက ယောက်ျားစကားပြောနေ သေးတယ် …ထွီ ….
…. ကျုပ်က ငယ်ငယ်ကတည်းက အသည်းလည်းငယ်တယ် …. စိတ်လည်းနုတယ် …. ကြောက်လည်း ကြောက်တတ်ပါတယ်… ခက်တာက ကျုပ်လက်သီးကျတော့ ….
…. ခွပ် ….ဟား …. ဟား…. ဟား…. ဟာ…. ဟား … ဟေ့ ဒီမှာမှတ်ထားစမ်း …. ဗိုလ်လုပ်ချင်တဲ့အကောင်က အဲဒီလို အထိုးအကြိတ်မှာလည်း ကျွမ်းကျင်ရတယ်ကွ … ဟား …ဟား …. ဟား …. ဟား …. ဒါမှလည်း သူများအပေါ် ဗိုလ်လုပ်လို့ ရမှာပေါ့ကွ …..
တချို့ အသံချဲ့စက်တွေကလည်း ခေါင်းညိတ် ခေါင်းမခါတတ်ပါ ဇာတ်လမ်းထဲက ဘီအီးဒီ အောင်သိုက်ရဲ့ …
.. လုပ်ပါဦး …. အပြန်အလှန်လေး ဆွေးနွေးစမ်းပါဦး …. ဇာတ်ခုံပေါ်မှာတော့ မင်းတို့က သိပ်အပြောကောင်းတယ် … ဟင် အခုတော့ ကြက်ကြီး လည်လိမ်ထားသလိုပါပဲလား …
တချို့စက်များဆီကလည်း .. ဗုဒ္ဓဝင်ဖွားတော်မူခန်းထဲက သုဒ္ဓေါဓနနဲ့ သုဘဗုဒ္ဓတို့ရဲ့ ….
… အမတော်ဘုရားကိုကို ဒီလမ်းနဲ့ ဒီခရီးကို မတော်ပါဘူး။ မသွားသင့်ပါဘူးလို့ မတားမြစ် ဘူးလား ဘုရား ….
… ပြောလို့မရဘူးဟေ့ … မင်းအမ ငါ့မယားက ..
ဟူသည့် အချီချ ပြောဆိုသံတွေနဲ့ ….။
ဤအရာတွေနှင့်မှ ကမ္ဘာမြေမဟီ မကွဲလောက်ရင် အဘယ်အရာတွေက ကွဲအောင် စွမ်းဆောင်နိုင်မည်နည်းဟုပင် ဆိုလိုက်ချင်ပါသည် ….။ တဘက်ကျော့ ဘုရားပွဲမြင်ကွင်းဟာ ဖတ်မိသူရင်ထဲ တကယ့်ကိုပဲ ကမ္ဘာမြေမဟီ ကွဲလောက်အောင်ပင်ဖြစ်သည်။
… … …
အညာပင်လယ်သည်ကား လက်ပစ်ကူးခတ်ရသည်မှာ ရင်ထဲတွင် ဖိန်းတိန်းရှိန်းတိန်းနှင့် အမျိုးအမည် မသိသော လှိုင်းလေးတစင်း ရိုက်ခတ်သွားသကဲ့သို့ပင် ခံစားမိသည်။ ကျနော့်အနေဖြင့် ဆရာ ညီပုလေးနှင့် ဆရာမ မိချမ်းဝေတို့၏ ၂ ပုဒ်ထဲသော ဝတ္တုလတ်ဖြင့် ဖွဲ့စည်းထားသည့် အညာပင်လယ်အား အခြား အခြားသော စာဖတ်သူတွေ စိတ်ဝင်စားဖွယ်အဖြစ် ပြီးပြည့်စုံအောင် ချယ်သနိုင်စွမ်းမရှိသော်ငြားလည်း ရသစာပေ မြတ်နိုးသူတို့အတွက် ဖတ်ကြည့်သင့်သည့် စာအုပ်ကောင်းတလက်ဖြစ်ကြောင်း တိုက်တွန်းအကြံပြုလိုရင်း … အညာပင်လယ်ပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လက်ပစ်ကူးကြစေလိုပါကြောင်း ညွှန်းဆိုအပ်ပါသည်။
စာရေးသူ မှတ်ချက်။ ။ ဇွန်လ ၀၇ ရက် ၂၀၁၀ ခုနှစ်က ပြည်ပ မဇ္ဈိမ အွန်လိုင်းမဂ္ဂဇင်းသို့လည်း ပေးပို့ထားခဲ့ပြီး ဖြစ်ပါသည်။