ကံထွန်းသစ် စာအုပ်စင်

မိုးမခဆောင်းပါးရှင် အရှင်စန္ဒိမာ(မွန်စိန်တောရ)၏ စာအုပ် မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မိုးမခဆောင်းပါးရှင် အရှင်စန္ဒိမာ(မွန်စိန်တောရ)၏ စာအုပ်  မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ
မိုးမခစာအုပ်စင်၊ ကံထွန်းသစ်၊ အရှင်စန္ဒိမာ(မွန်စိန်တောရ)၊ သြဂုတ် ၇၊ ၂၀၁၄

အရှင်စန္ဒိမာ (မွန်စိန်တောရ) ၏   မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ

စာမျက်နှာ ၁၂၉၊

ထုတ်ဝေနှစ် ဇူလိုင် ၂၀၁၄

ထုတ်ဝေသူ ပါရမီစာပေ

ဆောင်းပါးများသည် 7 day Daily, Moemaka website, Irrawaddy.org websiteများတွင် ရွေးချယ်ဖော်ပြခြင်းခံရပြီးဆောင်းပါများ ဖြစ်ကြသည်။ စစ်အာဏာရှင်စနစ်၊ မျိုးစောင့်ဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ၊ ရဟန်းသံဃာနှင့် နိုင်ငံရေး အစရှိသည်တို့ကို ဆောင်းပါး (၁၇) ပုဒ်ခွဲ၍ ဝေဖန်သုံးသပ်ရေးသားထားသည်။ စာရေးဆရာ ကံထွန်းသစ်က အမှာစာ ချီးမြှင့်ရေးသားပေးထားရာ၌ “ .. ခေတ်ကာလအတွက် လိုအပ်၍ ပေါက်ဖွားလာသော၊ သို့မဟုတ် လက်ရှိအမိမြန်မာပြည်ကို မှောင်ခေတ်မှ လွတ်မြောက်ရန် ဘ၀ အသက်သွေးတို့ဖြင့် ရင်း၍ တွန်းရွှေ့နေကြသော သမိုင်းဝန်ဆောင်ပုဂ္ဂိုလ်များနှင့်အတူ မျှဆောင်ရန် ပေါ်ထွက်လာသော ကလောင်တစ်ချောင်းဖြစ်သည်” ဟု ညွှန်းဆိုထားသည်။

(ညွှန်း – http://www.myanmarbookshop.com/MyanmarBooks/BookDetails/32382 )

စာရေးသူ၏ ကျေးဇူးစကား
*********

ဤစာအုပ်သည် မိမိ၏ စာဖတ်ဝါသနာမှ မြစ်ဖျားခံခဲ့သည်ဟု ပြောလျှင် မှားမည်မထင်ပါ။ စာဖတ်တတ်စအရွယ်မှ စပြီး လက်လှမ်းမှီသမျှ စာအုပ် သတင်းစာ မဂ္ဂဇင်း ဂျာနယ်များကို ဖတ်ခဲ့ပါသည်။ အင်တာနက်ပေါ်လာသောအခါ ဝက်ဘ်ဆိုက်များကို ဖတ်ဖြစ်လာသည်။ ဝက်ဘ်ဆိုက်များမှ သတင်းများနှင့် ဆောင်းပါးများကို ဖတ်ပြီး comment မှတ်ချက်များကို ရံဖန်ရံခါ ရေးဖြစ်လာသည်။ နောက်ပိုင်း၌ မိမိ၏ Facebook စာမျက်နှာပေါ်တွင် နိုင်ငံရေး လူမှုရေး တရားဓမ္မဆိုင်ရာ မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို Facebook မိတ်ဆွေများနှင့် အတူ မျှဝေခံစား အမြင်ချင်း ဖလှယ်ဖြစ်လာသည်။

ထိုမှတစ်ဆင့် မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို ဆောင်းပါးအဖြစ် ရေးသားပြီး ဝက်ဘ်ဆိုက်တချို့သို့ ပို့ဖြစ်ခဲ့သည်။ ဝက်ဘ်ဆိုက်ပေါ်သို့ ရောက်လာသော မိမိ၏ ဆောင်းပါးတချို့ကို ပါရမီစာပေမှ ဒကာကြီး ဦးကျော်ဦးက တွေ့ရှိခဲ့ပြီး ဆောင်းပါးများကို စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေလိုပါကြောင်း မိမိကို တင်ပြလျှောက်ထားလာပါသည်။

စာအုပ်အဖြစ် ထုတ်ဝေပါက အင်တာနက်ကို အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်ကြသေးသော ပြည်တွင်းမှ စာဖတ်ပရိသတ်များအတွက် သွားလေရာ ဆောင်ယူကာ အချိန်မရွေး ဖတ်ရှုနိုင်မည့်အပြင် စာအုပ်အဖြစ် တစုတစည်းတည်း သိမ်းဆည်းထားရာရောက်သောကြောင့် ဝမ်းမြောက်ဝမ်းသာ သဘောတူ ခွင့်ပြုခဲ့ပါသည်။

ထို့ကြောင့် ဤစာအုပ် ဖြစ်ပေါ်လာအောင် ပထမဦးစွာ တင်ပြကမ်းလှမ်းလာသော ပါရမီစာပေမှ ဒကာကြီး ဦကျော်ဦးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါသည်။

ထို့အပြင် မိမိရေးသားခဲ့သော ဆောင်းပါးများအတွက် အားပေးတိုက်တွန်းစကားများနှင့် တန်ဖိုးရှိသော အကြံဥာဏ်ကောင်းများ ပေးခဲ့ကြသော ဤစာအုပ်တွင် အမှာစာ ရေးသားချီးမြှင့်ပေးခဲ့သော ဆရာတော် အရှင်ဇာဂရ (စာရေးဆရာ ကံထွန်းသစ်) နှင့် ဆရာတော် အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) တို့အား အထူးကျေးဇူးတင် ရှိခိုးဦးခိုက်လိုက်ပါသည်။

မိမိ၏ဆောင်းပါးများကို ဖေါ်ပြပေးခဲ့ကြသော ဧရာဝတီ၊ 7Day Daily နှင့် မိုးမခ မီဒီယာတို့မှ အယ်ဒီတာများ၊ သတင်းထောက်များနှင့် ဝိုင်းတော်သားများအားလုံးကိုလည်း  ကျေးဇူးတင်စကား ပြောလိုပါသည်။

ဤဆောင်းပါးများကို ရေးသားရန် အစပျိုးစေခဲ့သော မိမိ၏ ရေးသားမှုများကို အားပေးဖတ်ရှု ဝေဖန်အကြံပြုချက်များ ပေးခဲ့ကြသော Facebook မှ မိတ်ဆွေများအားလုံးကိုလည်း အစဉ်အမြဲ ကျေးဇူးတင်လျက် ရှိနေပါကြောင်းကို ဖေါ်ပြလိုပါသည်။

ဤစာအုပ်ဖြစ်ပေါ်လာအောင် အချိန်တိုအတွင်း ကြိုးစားရိုက်နှိပ်ပေးခဲ့ကြသော ပါရမီစာပေဝိုင်းတော်သားများကိုလည်း ကျေးဇူးတင်ရှိပါသည်။

အထူးအားဖြင့် မိမိ၏ ကျေးဇူးရှင် မိဘနှစ်ပါးနှင့်တကွ မူလတန်းကျောင်းသားဘဝမှ တက္ကသိုလ်ကျောင်းသားဘဝတိုင်အောင် မိမိအား သင်ကြားပြသဆိုဆုံးမပေးခဲ့ကြသော ကျေးဇူးရှင် ဆရာ ဆရာမများ၏ ကျေးဇူးဂုဏ်ကိုလည်း အစဉ်ထာဝရ အမှတ်ရလျှက် ရှိနေပါကြောင်း ဖေါ်ပြလိုပါသည်။

နောက်ဆုံးမှ ဖေါ်ပြရသော်လည်း အလေးအမြတ်ထားလျှက် ဖေါ်ပြအပ်သည်မှာ ပရိယတ္တိဓမ္မနှင့် ပဋိပတ္တိဓမ္မများကို သင်ကြားပြသပေးခဲ့ကြသော မိမိ၏ ရဟန်းဘဝတလျှောက်လုံးမှ ကျေးဇူးရှင် ဆရာတော်ဘုရားများ၏ ကျေးဇူးဂုဏ်ပင် ဖြစ်ပါသည်။ ထိုဆရာတော်ဘုရားများ၏ ကျေးဇူးဂုဏ်ကို ရည်မှန်း၍ ဤနေရာမှ ရိုသေစွာ ဦးခိုက်ကန်တော့လိုက်ပါသည်။

အရှင်စန္ဒိမာ (မွန်စိန်တောရ)

ဇွန်လ ၁၄ ရက်၊ ၂၀၁၄ ခုနှစ်

Mon Buddhist Temple

6505 Decatur Road,

Fort Wayne, Indiana 46816,

United States of America

Phone: 1(414)702-2782
ကံထွန်းသစ်၏ အမှာစာ

Online ၌ တစ်ပုဒ်စ နှစ်ပုဒ်စ ဖတ်ရစဉ် ”အင်း….. အရေးအသား ပြေပျစ်ပြီး တင်ပြပုံတွေ ကြောင်းကျိုး ကျသား”

သုံး၊ လေး၊ ငါးပုဒ် ဖတ်အပြီးတွင် “ယုံကြည်ချက် ချင်းညီပြီး ရပ်တည်ချက်ချင်း မျှသည့် ကလောင်ကောင်း ပေပဲ”

သူ့ဆောင်းပါးများကို ပါရမီစာပေမှ ပေါင်းစုထုတ်ဝေမည်ဖြစ်၍ ‘အမှာစာ’ ရေးသားပေးရန် ဆိုလာမှ လက်လှမ်းမှီသမျှ (သူပေးပို့သမျှ)ကို ခြုံငုံဖတ်ဖြစ်သော အခါတွင်မူ အရေးအသားကောင်း၍ နှစ်သက်ပြီး၊ ယုံကြည်ချက်ညီ၍ နှစ်ထောင်းရယုံမျှ မကတော့၊ ခေတ်ကာလ လိုအပ်ချက်အရ ထွက်ပေါ်လာသော သမိုင်းကောင်းဝန်ကို အများနှင့်မျှဆောင်ရန်  မွေးဖွားလာသော ကလောင်တစ်ချောင်းဟုပင် ဆိုလိုက်ချင်ပါသည်။

ထို အဆိုများကို ခိုင်စေရလျှင် ရေးဟန်နှင့်ပြောဟန် စာပေပုံသဏ္ဍန်နှစ်မျိုးရှိရာတွင် ဤစာစုကို ရေးသူသည် ပြောဟန်ဖြင့် ရေးသားခဲ့သည်။ သို့ငြား ၀စနာ လင်္ကာရ ကြွယ်ဝသောသူတို့၏ စကားပြောမှုသည် နားမညောင်း ရှိရသကဲ့သို့၊ အတွေးတတ်သူတို့၏ အရေးညက်မှုသည်လည်း ဖတ်မညည်း ရှိရသည်ပင်။

‘‘အောက်ခြေရဲဘော်များအနေနဲ့ “ငတေမာ” လက်တဆုတ်စာ….တွေရဲ့ လူမိုက်အပြုံးကို မြင်စေချင်ပါတယ်…..။ (အသုံးချခံဘဝမှ လွတ်မြောက်ဖို့ ဆိုရင် ဆောင်းပါး) စသည်ကဲ့သို့ ကျစ်လျစ်ထင်ရှားလွယ်သော အနှုန်းအဖွဲ့လေးများကို စာဖတ်သူ တွေ့နိုင်သည်။ သူ့ဘက်ကိုယ့်ဘက် အကဲဆတ်သော အကြောင်းအရာမျိုးကိုပင် ဖတ်သူစိတ်နားသို့ လျောကနဲ ၀င်အောင် ရေးနိုင်သူပင်။ သို့တစေ နှစ်သက်ရသောအကြောင်းတို့သည် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲနိုင်သော်ငြား အတွေးရှင်း၍ အရေးရှင်းသူဖြစ်ကြောင်းကိုမူ သဘောညီကြမည်ထင်။

အကြိုက်ညီ၍ ဟုဆိုရာတွင်လည်း ဆန္ဒဂတိဖြစ် ဆိုခဲ့သည်ကား မဟုတ်ပါ။

သုက္ကနှင့်ကဏှ၊ အဖြူနှင့်အမည်း၊ ဓမ္မနှင့်အဓမ္မ၊ တရားနှင့် မတရားခြင်း၊ အစွန်းရောက်မှုနှင့် တရားမျှမှု လူအခွင့်အရေးနှင့်ဖိနှိပ်မှု၊ ဒီမိုကရေစီနှင့်အာဏာရှင်စနစ်၊ မျဉ်းသား၍ အုပ်စုခွဲလိုက် လျှင် လူ့တန်ဖိုးကိုမြတ်နိုးသော လူ့အခွင့်အရေးကို တန်ဖိုးထားသူတိုင်း သုက္ကဘက်၊ အဖြူ ဘက်၊ ဓမ္မဘက်၊ တရားမျှတမှုဘက်၊ လူ့အခွင့်အရေးဘက်၊ ဒီမိုကရေစီဘက်ကို ရပ်တည်မိ လျက်သားရှိမည်မှာ ဧကန်ပင်။

ဤစာအုပ်ရေးသားသော (အရှင်စန္ဒိမာ-မွန်စိန်တောရ) ၏ ရပ်တည်ရာကိုလည်း သူ့ဆောင်းပါး များက အတိအကျ ညွန်းပြနေပါသည်။ ထိုသို့သော သူ၏ စာတို့သည် ဘယ်မှာမကောင်းရှိအံ့နည်း၊ စိတ်ကောင်းမွေးသူတို့သည် စာကောင်းရေးနိုင်သည်ဟု စာပေပညာရှင်ကြီး ဆရာဇော်ဂျီ ဆိုခဲ့ပြီ မဟုတ်ပါလော။

တစ်ဖန် ဘာသာရေးစာပေရေးသားသူများသည်  “အိုးစရည်းထဲကရေကို အိုးငယ်ခွက်ငယ်တွေ ထဲ ကဲ့ယူ ထည့်နေသည်နှင့် တူသည်”ဟု ပညာရှင်တို့ဝေဖန်ခဲ့သည်။ ကိုယ်ပိုင်ဖန်တီးမှု အတွေးအမြင်မပါ၊ ပိဋကပ်တော်လာတို့ကို ကူးယူကာ ကိုယ့်စာအဖြစ် စာအုပ် ငယ် များထုတ်ဝေသည်ကို ထောက်ပြခြင်းဖြစ်သည်။

အရှင်စန္ဒိမာကမူ ထိုသို့မဟုတ်၊ မြတ်စွာဘုရား၏ အဆုံးအမတို့ကို စံအဖြစ်အသုံးပြုကာ မျက် မှောက် ရေးရာများကို ဝေဖန်ဆန်းစစ်ထောက်ပြသည်၊ ဗီဇနှင့်ပါတ်ဝန်းကျင်တွင် ဗီဇသဘောကို ပဌာန်း “အာသေ၀န’’ ပစ္စည်းနှင့်ယှဉ်ကာ စွဲလာသော အထုံအဖြစ် ရေးပြပုံမှာ နှစ်လိုဖွယ် ရှိလှသည်။

ထိုအပြင် ကမ္ဘာသုတ စသည်တို့ဖြင့်လည်း မြန်မာ့”အထွေး’’ တို့ကို ဖြည်ရန် ထောက်ပြခဲ့ပုံမှာ မှန်ကင်းဘ၀မှ ထင်းဖြစ်ရလျှင်လည်း သိမ်ငယ်မနေဘဲ လောင်စာအဖြစ်ဖြင့် လောက လူအ ကျိုးကို ဆောင်နိုင်ကြောင်း၊ အမေရိကန်သမ္မတဟောင်းများဖြစ်ကြသည့် ဂျင်မီကာတာ ကလင်တန် စသူတို့သည် သမ္မတဘ၀မှာ တာဝန်ကို အကျေပွန်ဆုံး ထမ်းရွက်ခဲ့ကြသကဲ့သို့ သာမာန်ဘ၀ရောက်သောအခါတွင်လည်း လှည့်လည်ကာ လူထုအကျိုးပြုလုပ်ငန်းများကို သယ်ပိုးကြကြောင်း ဥပမာဆောင်ပြသည်။

ဒါတွင်မက တပ်မတော်အတွက်လည်း အိမ်နီးချင်း ဗုဒ္ဓဘာသာ တိုင်းပြည်တို့မှ စစ်တပ်များသည် ပြည်သူတွေနှင့် နွေးထွေးချစ်ကြည်စွာ ဆက်ဆံမှုရသကဲ့သို့ ဖြစ်စေရန် အကြံပြချက်လေးကလည်း စေတနာပါလှသည်၊ ကျေးလက်ဖွား ရိုးသားလှသည့် လူငယ်လေးတစ်ယောက် ပင်ကိုယ်ဗီဇပျောက်ကာ “အမိန်နာခံတတ်သည်မှလွဲ၍” စရိုက်ကြမ်းတမ်းရိုင်းစိုင်းသွားမှုနှင့် စပ်လျဉ်း၍ ပြုပြင်နိုင်ရန် ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့တွင် စစ်သည်များကို ဘာသာရေးအသိအမြင် လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားတို့ကို သင်ကြားပေးရသော (malitary chaplain) အဖွဲ့မျိုးရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှိစေချင်ကြောင်း၊ ပြည်သူက လေးစားချစ်ခင် ယုံကြည် အားကိုးထိုက်သော တပ်မတော်အဖြစ် အသွင်ပြောင်းလိုသူတိုင်း စဉ်းစားနိုင်ရန် တင်ပြထား သည်မှာလည်း ကြောင်းကျိုးဆီလျော်လှပါဘိ။

သို့နှယ် အစစ နောက်ကျန်နေသော အမိမြေကို စွမ်းသလောက် ဖြည့်ပေးစွက်ပေးလိုသော သူ့စေတနာသည် ဆောင်းပါးတိုင်းမှာလိုလို ထင်ဟပ်နေတော့သည်။ နောင်လည်း မြန်မာအရှိကို ကမ္ဘာ့အသိနှင့်ယှဉ်၍ ကမ္ဘာ့အရှိကိုလည်း မြန်မာအသိနှင့် တွဲလျက် အကျိုးပြုစာပေများ ဆက်လက်ရေးသားနိုင်ပါစေဟု ဆန္ဒပြုမိသည်။

စာဖတ်သူသည် သည်စာအုပ်ကို စေ့ငုမှုသေချာ ဖတ်ပြီးပြီဆိုလျှင်တော့ အထက်တွင်ဆိုခဲ့သော “ခေတ်ကာလအတွက် လိုအပ်၍ ပေါက်ဖွားလာသော၊ သို့မဟုတ် လက်ရှိအမိမြန်မာပြည်ကို အမှောင်ခေတ်မှ လွန်မြောက်ရန် ဘ၀အသက်အသွေးတို့ဖြင့် ရင်း၍ တွန်းရွှေ့နေကြသော သမိုင်းဝန်ဆောင် ပုဂ္ဂိုလ်များနှင့်အတူ မျှဆောင်ရန် ပေါ်ထွက်လာသော ကလောင်တစ်ချောင်း ဖြစ်သည်” ဟူသော အဆိုအတွက် သာဓကတို့ လုံလောက်ပြီဟု ယုံကြည်မိပါသည်။

ထိုကြောင့် သည်စာအုပ်ကို ဖတ်ဖြစ်ဖို့ အချိန်ပေးရန် ဆန္ဒပြုပါသည်၊ သင်ပေးလိုက်ရ၍ ကုန်သွားသောအချိန်သည် သင်၏ ယုံမှားခြင်း ရွံ့ရှားခြင်း စသည်တို့ကို ယူဆောင်သွားကာ အမြင်သန်ခြင်း၊ ယုံကြည်ချက်ခိုင်မာခြင်း၊ ၀ံ့စားခြင်း စသည့် အတွေးအမြင်တို့ကို ခင်းကျင်းပေး ခဲ့မည်မှာ ဧကန်ဟု ဆိုလိုက်ရင်း အမှာစာကို နိဂုံးသတ်ပါရစေ။

ကံထွန်းသစ်

Milwaukee မြို့

Wissonsin ပြည်နယ်

U.S.A


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “မိုးမခဆောင်းပါးရှင် အရှင်စန္ဒိမာ(မွန်စိန်တောရ)၏ စာအုပ် မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ
  1. I am not sure if u nu was allowed to be the head of the gov in 1988 and be reconized as the new gov, may be the fate of the country might have been different? now we are worse than ever before. i am not sure if daw su will be a competent leader. she lacks the experience , now she seems to forget about the people and the imp issues. she seems to be more focused on getting the power. i am sure she had sacrificed her life and time etc but one needs experience to lead a country. I think people worship her personally too much that they cannot see other things/factors.

  2. I do not get what Nilar wants to specifically say. If’d be great if she,a Burmese, could express her opinion in Burmese text.

  3. What I am trying to say is if u nu s gov was recognized as the legal gov back in 88 and Burma became a democratic country, things can be different. But people were not united back then.

Comments are closed.