မောင်စွမ်းရည် – “ဆူရှီမျိုးဟေ့ ဒို့ဗမာ”
ဇူလိုင် ၃၁၊ ၂၀၁၄
အမေရိကန်ပြည်တလျှောက်
အရှေ့အနောက်၊ တောင်မြောက်ဝဲယာ
ရောက်လေရာရာ၊ မြို့တွေမှာ
ဗမာကို ရှာရင်-
ဆူရှီဆိုင်ကို ရှာပါ။
ဗမာမှန်ရင်၊ ဂျပန်တို့ထံ
ကျွန်ကံဝဋ်ကြွေး၊ မကုန်သေးလို့လားမဆိုနိုင်
ဆူရှီဆိုင်မှာကြည့်၊ ကုပ်ချိနှုံချာ မူအရာနဲ့
သူဟာ
ဗမာပါပဲ လို့သိ။
ဆူရှီဆိုင် တဆိုင်ရှေ့မှာ
“ဆူရှီမျိုးဟေ့ ဒို့ဗမာ …” လို့
တခါ နှစ်ခါအော်ကြည့်။
အော်မိလို့ မကြာခင်
ဝတ်ဖြူ စင်ကြယ်နဲ့
မယ်ဗမာ၊ မောင်ဗမာ
မျက်နှာဖုံးတွေ ခွါပြီ
“ဗမာ လာသလား”
“လာပါခင်မျာ”
“ဆာပါ သလား”
“ဆရာ ပါကလား”
“ဆာမှ စားပါ” လို့
ဗမာဖြစ်ရင်သူ ကြည်နူးပြီး
ဆူရှီဘူးတဘူး
အထူးလက်ဆောင် ပေးလိမ့်မယ်။
ဆူရှီဘူးမှာ
ဘူးထောင့်က “ဝါဆာဘီ”ကို
သာတကြည်ဖယ်ရှား
ငရုတ်သီးထောင်းနဲ့ စားရင်လဲ
အလားတူကောင်းပါသတဲ့။
စပျစ်သီးစိမ်းကို
မရမ်းသီးစိမ်းလို
ငရုပ်သီးစိမ်းနဲ့ထောင်း
ငပိထောင်းနဲ့ ငပိသုပ်
ထမင်းတလုတ်၊ ဟင်းတရှုပ်နဲ့
အလုပ်ဖြစ်လှတယ်။
သခွားသီးက
ဈေးကြီးသလား
ထောပတ်သီးနဲ့ ပါးပါးလှီး
သခွားသီးလုပ်၊ ငပိရည်နဲ့မြှုပ်
တို့စရာလုပ်သတဲ့
ကျုပ်တို့ ဗမာက။
အမေရိကန်တို့၊ ခြံစည်းရိုးမှာ
ပိုးစာပင်တွေ၊ နွေဝင်တိုင်းသီး
ပိုးစာသီးဟာ၊ စားတော်ပဲသီးလို
ချိုတာပဲ။
ချိုပေမဲ့ သူ့ကိုမခူး
တို့တတွေခူးပြီး ဦးအောင်စားပါတယ်။
မသီးတဲ့ပိုးစာပင်
နွေဝင်တိုင်း သူ့အရွက်
ပဲဝါလေးနဲ့ ဟင်းချိုချက်
အရွက်နုလေ ချိုလေ
အိုကေပါသတဲ့။
လမ်းအတတ် ကုန်းစောင်း
ဘုန်းကြီးကျောင်းဘက်အဝင်
ပေါင်းပင်တွေ ထူထူကြား
ဖြူဖြူစင်စင်နဲ့၊ မြူပင်တွေ ထွားမှထွား
လမ်းကြားနဲ့ ဝေးသမို့ …
ခွေးသေးလဲ မပန်း၊ လူသေးလဲမပန်းဘူး
လန်းလန်းဆတ်ဆတ်
ဖြတ်သွားဖြတ်လာ၊ တခါတလေခူး
ခူးအောင်ပြုတ်။
ပဲမှုန့်နဲ့သုတ်၊ ဆီချက်လေးအုပ်
အသုပ်တခွက်၊ သက်သက်လွတ်ကမယ်
မဝယ်ရတဲ့ဟင်း၊ ဦးဇင်းကိုကပ်ရင်
တနပ်တော့ပြုံးပြီး၊ ဘုဉ်းပေးမှာအမှန်။
ဘုန်းဘုန်းဘုရား….
ကြက်သား ဝက်သား အမဲ၊ သားငါး
သက်သက်တွေများရင်
တရက်ခြား၊ နှစ်ရက်ခြား
အသားလွတ်၊ မြူရွက်သုပ်ရယ်၊
ပိုးစာရွက်ဟင်းချိုလုပ်
စပျစ်သီးငပိသုပ်ရယ်
ဥပုသ်နေ့ကျော်ရင်
တပည့်တော်ဆက်ဆက်
ဟင်းသုံးခွက်နဲ့လာပါမယ် ဘုရား။
တခါသုံးပန်းကန်ကို
နှစ်ခါသုံး၊ သုံးခါသုံး
လေးငါးခါ သုံးတော့လဲ
သုံးတိုင်း ဘာမှမဖြစ်လို့
ဘာမှမဖြစ်၊ နှစ်ပေါက်သုံးမယ့်
တနှစ်သုံး ပန်းကန်နဲ့
ဘောင်းလန်အောင် သက်လွတ်ဟင်းတွေကို
အားတင်းပြီး ကုသိုလ်ယူ
တပည့်တော်လှူပါအံ့။
လှူဝယ်ဝတ်ထု၊ အစုစုမှာ
“ဝတ်ထု”မပါ၊ “ကဗျာပဲပါတာကို
ကဗျာဆရာရဲ့၊ သဒ္ဒါအမှုရယ်လို့
အသာရှု့ ပြီး၊ သာဓုခေါ်ကြပါလေကုန်။
မောင်စွမ်းရည်
၂၀၁၄ ဇူလိုင် ၁၀
(ဓာတ်ပုံဆရာ – (ဒို့ဗမာ) မောင်ရစ်)