မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ မောင်ရင်ငတေ

မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ

မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ
ဇူလိုင် ၂၀၊ ၂၀၁၄
 

● ပြင်သစ်ယူရို ၂၀၁၆ နဲ့ ပတ်သက်ရာပတ်သက်ကြောင်း
 

FIFA WORLD CUP BRASIL 2014 (ဓါတ်ပုံ မရငတ)

လေးနှစ်တကြိမ် ကန်ကြတဲ့ (ဘရာဇီး ၂၀၁၄) ကမ္ဘာ့ဖလားပွဲကြီး ပြီးသွားခဲ့ပါပြီ။ စောစောရှုံးခဲ့ရသူတွေလည်း စောစောအိမ်ကို ပြန်နားခဲ့ကြ ရပြီး နိုင်သူတွေလည်း ပျော်တပြုံးပြုံးနဲ့ ဆက်လက်ချီတက်ခဲ့ကြရာမှာ နောက်ဆုံးတော့ ဖလားပိုက်သွားသူက ဂျာမဏီအသင်းပါ။ ဒီတပွဲမှာ ခွက်ခွက်လန်အောင် ကွဲသွားကြသူတွေကတော့ ချန်ပီယံအသင်း စပိန်နဲ့ အိမ်ရှင်ဖြစ်တဲ့ ဘရာဇီးအသင်းတွေပါ။ ချန်ပီယံအသင်းက နယ် သာလန်ကို အုပ်စုပွဲအစမှာတင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာကနေ ပြိုင်ပွဲကထွက်ခဲ့ရဖြစ်ပြီး အိမ်ရှင်အသင်းကတော့ ဂျာမဏီအသင်းကို ဆီမီးဖိုင် နယ်မှာ သမိုင်းစံချိန်တင် မရှုမလှ ဂိုးပြတ်ရှုံးခဲ့ရပြီး ထွက်ခဲ့ရတာပါ။ အိမ်ရှင်တွေ ချန်ပီယံတွေရဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ မှတ်တမ်းသစ် တင်ခဲ့ ရတာတွေပေါ့။ ထို့အတူ ဒီတကြိမ်မှာ မောင်ရင်ငတေတို့ရဲ့ အာရှချန်ပီယံကြီးတွေလည်း အုပ်စုတိုင်းမှာ အောက်ဆုံး ဘိတ်ဆုံး နေရာတွေသာ ချိတ် တိုးတိုးတိတ်တိတ် အိမ်ပြန်သွားကြရပါတယ်။ သက်ဆိုင်ရာ နိုင်ငံသားတွေနဲ့အတူ ကိုယ်နှစ်သက်ရာ ကိုယ်ရောက်ရှိ နေထိုင်နေရာ နိုင်ငံများရဲ့အသင်းတွေကို အားပေးခဲ့ကြသူများလည်း အော်ကြ ဟစ်ကြ ငြင်းကြ ခုန်ကြနဲ့ အိပ်ရေးတွေပျက်ကြနဲ့ တော်တော်လေးကို မောခဲ့ကြမှာပါ။ တချို့တွေလည်း ကိုယ်ကြိုက်ရာ သန်ရာ သန်ရာ အားပေးကြရင်း ကတောက်ကဆဖြစ်ကြ မခေါ်နိုင် မပြောနိုင် ဖြစ်ကြသူတွေ လည်း ရှိကြပါတယ်။ ဒီကြားထဲမှာမှ မဟာရွှေပြည်တော်ကြီးက ရွှေမန်းသူ ရွှေမန်းသားတွေကတော့ တရာလေးဆယ့်လေးဆိုတာကြီးနဲ့ သွားတိုးကြတော့ အိမ်တွေထဲမှာသာ ငြိမ်းငြိမ်းချမ်းချမ်း ကြည့်လိုက်ကြရပါသတဲ့ဗျာ။ ထူးထူးခြားခြားပေါ့။ အဲဒီလိုနဲ့ နောက်ထပ် လေးနှစ် အကြာ ၂၀၁၈ ခုနှစ် ရုရှားမြေမှာပြုလုပ်မယ့် ၂၁ ကြိမ်မြောက်ပွဲ ကမ္ဘာ့ဖလားပွဲကြီးကို စောင့်မျှော်ကြရအုံးမှာပေါ့။ ဥရောပတိုက်အတွက်ကတော့ နောက်နှစ်နှစ်အကြာမှာ တကမ္ဘာလုံးက ဘောလုံးချစ်သူတွေ စောင့်ကြည့်ကြရအုံးမယ့် ယူရို ၂၀၁၆ ပွဲကြီးက ကြားခံရှိပါသေးတယ်။

 EURO 2016 FRANCE (Championnat d’Europe de football 2016) (Photo Google)

ကမ္ဘာ့ဖလားပွဲကြီးမှာ တောင်အမေရိကတိုက်က အသင်းတွေ ဘယ်လောက်ပင်ကောင်းကောင်း သူတို့ အမေရိကအသင်းတွေသာကန်ကြတဲ့ တောင်အမေရိကဖလားပွဲတွေကိုတော့ ယူရိုပွဲလောက် ကမ္ဘာ့ဘောလုံးပရိသတ်ကြီးက သိပ်စိတ်မဝင်စားကြပါဘူး။ ဥရောပရဲ့ ယူရို ၂၀၁၆ အုပ်စုလိုက်ခြေစစ်ပွဲတွေကို လာမယ့်စက်တင်ဘာလထဲမှာ စတင်ပြီး သူ့မြေ ကိုယ့်မြေ အပြန်အလှန် တနှစ်ကျော်ကြာ အချိန်ယူ ကန်ကြ တော့မှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ အကုန်မှာ ခြေစစ်ပွဲတွေ ပြီးဆုံးပြီးရင်တော့ အဲဒီ ၁၅ ကြိမ်မြောက် ဥရောပဖလားပွဲ ယူရို ၂၀၁၆ ဆိုတာကို အိမ်ရှင်အဖြစ် ပြုလုပ်ခွင့်ရခဲ့တာ မောင်ရင်ငတေတို့နေထိုင်နေတဲ့ ပြင်သစ်နိုင်ငံပါ။ ကန်မယ့်အချိန် ကန်မယ့်နေ့ ကန်မယ့်လတွေ ကတော့ ဥရောပရဲ့ ခြေခင်းလက်ခင်းသာယာတဲ့ နွေရာသီ အားလပ်ရက်ရှည်ဖြစ်တဲ့ ဂျွန်လနဲ့ ဂျူလိုင်လထဲမှာသာ ကန်ကြမှာပါ။ ကန်မယ့်အချိန်ကတော့ ပြီးစီးသွားတဲ့ ဘရာဇီးပွဲရဲ့ ကန်တဲ့အချိန်ကို သိကြမှာပါ။ ဥရောပစံတော်ချိန် ညနေ ခြောက်နာရီနဲ့ ညကိုးနာရီကို အချိန်ကိုက်ပြီး ကန်ကြတာမျိုးပါ။ ရုပ်မြင်သံကြား စပွန်ဆာ ကြော်ငြာရှင်တွေရဲ့ ဆန္ဒက အဓိကကျမယ် ထင်ပါတယ်။ ဒီ ဥရောပဖလားပွဲတွေကို အိမ်ရှင်အဖြစ် တနိုင်ငံချင်း သို့မဟုတ် နှစ်နိုင်ငံတွဲပြီး ကျင်းပတာကတော့ အဲဒီ လာမယ့် ယူရို ၂၀၁၆ ပြင်သစ်ပွဲက နောက်ဆုံးဖြစ်လာနိုင်ချေ ရှိပါတယ်။ ၁၉၆၀ ခုနှစ်က စတင်ခဲ့တဲ့ ဒီပွဲကို ၂၀၂၀ ခုနှစ်မှာကျင့်ပမယ့် ၁၆ ကြိမ်မြောက်ပွဲကစပြီး ဥရောပနိုင်ငံပေါင်းစုံက မြို့ကြီးတွေမှာ စုပေါင်းပြီးကန်ကြဖို့ စီစဉ်ရေးဆွဲနေကြောင်း သိရပါတယ်။ သေချာ မသေချာကတော့ ဘယ်လိုမှ ပြောလို့မရသေးပါဘူး။ မောင်ရင်ငတေ အမြင်အရတော့ ဘောလုံးစီးပွားရေးရဲ့ ရှည်လျှားလှတဲ့ လက်တံမည်းမည်းကြီးတွေပေါ်မှာသာ မူတည်နေကြောင်းပါ။ ပြိုင်ပွဲကျင့်ပတဲ့ပုံစံတွေ စည်းမျဉ်းစည်းကမ်းတွေလည်း ပြောင်းသွားကောင်း ပြောင်းသွားနိုင်ပါတယ်၊။ စည်းမျဉ်းစည်းကမ်းတွေ ပြင်လွန်းပြီး ဖင်မချွန်းသွားစေဖို့ကိုတော့ မောင်ရင်ငတေတို့လို ဝါသနာရှင် ပွဲကြည့်ပရိသတ်တွေက ဆုတောင်းရုံ မှတပါး အခြားမရှိပါဘူး၊ ပြင်သစ်အကြောင်း ပြန်ဆက်ပါမယ်၊ပထမဆုံးအကြိမ်မြောက် ယူရို ၁၉၆၀ ပွဲနဲ့ ယူရို ၁၉၈၄ ပွဲတွေမှာ ပြင်သစ်ပြည်က အိမ်ရှင်အဖြစ် လက်ခံကျင့်ပခဲ့ပြီး ၂၀၁၆ ယူရိုပွဲကတော့ တတိယအကြိမ်မြောက် အိမ်ရှင်ဖြစ်လာမှာပါ၊ အဲဒီ ပြင်သစ်အိမ်ရှင် ယူရိုပွဲတွေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင့်ပပြီး အောင်ပွဲခံခဲ့တဲ့ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပွဲတုန်းကတော့ မောင်ရင်ငတေ ပါရီမြို့ကို မရောက်ရှိသေးလို့ ကိုယ်နဲ့သိပ်မဆိုင်လို့ ပြင်သစ်အသင်းကို အခုလောက် စိတ်မဝင်စားဘူးလို့ ပြောရင်ရပါတယ်၊ အခုတော့ ယူရို ၂၀၁၆ ပွဲကြီးကို မောင်ရင်ငတေ နေထိုင်နေရာ ပါရီမြို့တော်က ဘောလုံးကွင်းနှစ်ခု အပါအဝင် ပြင်သစ်ရဲ့တခြားသော မြို့ကြီးရှစ်မြို့ဖြစ်တဲ့ Bordeaux, Lens, Lille, Lyon, Marseille,Nice, St-Etienne နဲ့ Toulouse မြို့တွေမှာ ကန်ကြမှာ ဆိုတော့ကာ အခုနှစ် ၂၀၁၄ ကမ္ဘာ့ဖလားပွဲလက်ကျန် အရှိန်လေး မကုန်သေးခင်မှာ ကြိုတင်အမြည်းအဖြစ် တင်ပြလိုက်ရပါတယ် ခင်ဗျာ၊

 အုပ်စု ကိုးစု ခြေစစ်ပွဲများ (Photo Google)


ယူရို ၂၀၁၆ ပြင်သစ်ပွဲရဲ့ အဓိက ထူးခြားချက်ကတော့ အရင်က ပုံမှန် ၁၆ သင်း ကန်နေကြရာကဒီအကြိမ်မှာ စတင်ပြီး ၂၄ သင်းထိ တိုးချဲ့ ဝင်ပြိုင်ခွင့် ရကြမှာ ဖြစ်ပါတယ်၊ခြေစစ်ပွဲတွေကိုလည်း ဥရောပတိုက်က နယ်မြေ နိုင်ငံ အားလုံးလိုလို (၅၄ သင်း) ပါဝင်ကြမှာဖြစ်ပြီး အုပ်စု (ကိုး) စု ခွဲထားပါတယ်၊ အိမ်ရှင်ပြင်သစ်အသင်းက ခြေစစ်ပွဲကစားစရာ မလိုအပ်ပါဘဲ အလိုအလျောက် ခြေစစ်ပွဲ အောင်တယ်လို့ သတ်မှတ်ခံထားရတာပါ၊ ဒါပေမယ့်လို့ အိမ်ရှင်အသင်းက အုပ်စုပွဲတွေကို နောက်ဆုံးအုပ်စု အုပ်စု (ဈ) (Group I) မှာ အိမ်ဖြည့်အသင်း အနေနဲ့တော့ ဝင်ကစားမှာပါ၊ အဲဒီအုပ်စုမှာ ပြင်သစ်အသင်းက ဘိတ်ဆုံးပိတ် ဖြစ်ခဲ့ရင်တောင်မှ ခြေစစ်ပွဲအောင်ပြီးသားမို့ အဲဒီအုပ်စုက သုံးသင်း ခြေစစ်ပွဲအောင်တဲ့ သဘောပါ၊အဲဒါကြောင့် အိမ်ရှင် ပြင်သစ်ရယ် အုပ်စု ကိုးခုက ပထမနဲ့ ဒုတိယရတဲ့ နှစ်သင်းစီ ၁၈ သင်းရယ် အကောင်းဆုံး တတိယ အသင်းတသင်းရယ်နဲ့ ကျန်တဲ့ အုပ်စုတတိယ အသင်းရှစ်သင်းက ရှုံးထွက်ပွဲတွေ ကန်ပြီးတော့ နိုင်တဲ့အသင်း လေးသင်းတို့နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၂၄ သင်း ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်၊ ခြေစစ်ပွဲတွေ ပြီးဆုံးမှာကတော့ ၂၀၁၅ ဒီဇင်ဘာလမှပါ၊
ယူရိုပွဲရဲ့ အုပ်စုလိုက် ခြေစစ်ပွဲတွေမှာ အဓိက ပြဿနာကတော့ (မောင်ရင်ငတေ တွေးမိတာပါ)ခြေစစ်ပွဲဝင် နိုင်ငံကိုယ်စားပြု အသင်းတွေရဲ့ ခြေစွမ်းတွေ ကွာခြားမှုပါ၊ခြေစွမ်းတွေက တကယ့်ကို ကွာခြားတာပါ၊ တချို့သော နိုင်ငံသေးသေး အသင်းသေးသေးလေး ပြိုင်ပွဲခပ်သေးသေးတခုမှာ ချန်ပီယံ ဖြစ်ဖူးဖို့ မပြောပါနဲ့၊ သာမန် ချစ်ကြည်ရေးပွဲမျိုးမှာ လုံးဝနိုင်ပွဲ မရှိသေးတဲ့ အသင်းမျိုးတွေ ပါရှိနေတာပါ၊
ခြေစစ်ပွဲဝင်အသင်းတွေမှာ ပူပူနွေးနွေး ၂၀၁၄ ကမ္ဘာ့ချန်ပီယံ ဂျာမဏီအသင်း အပါအဝင်  ဥရောပရဲ့ အောက်ဆုံးအဆင့်က အသင်းများ ဖြစ်ကြတဲ့ ပထမဆုံးဝင်ပြိုင်မယ့် ဖီဖာအဖွဲ့ဝင် မဟုတ်သေးတဲ့ မြေထဲပင်လယ်ဝက အင်္ဂလိပ်ပိုင်နိုင်ငံ Gibraltar အီတလီပြည်ထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကုန်းပိတ်နိုင်ငံလေး San Marinoကုန်းပိတ်နိုင်ငံ ဆွစ်ဇာလန်နဲ့ သြစတြီးယား ကြားထဲက နှစ်ထပ်ကုန်းပိတ်နိုင်ငံလေး Liechtensteinပီရေနေးတောင်တန်းများပေါ်က ကုန်းပိတ်နိုင်ငံ Andorra ဆိုဗီယက်ခွဲထွက် ကုန်းပိတ်နိုင်ငံလေး Moldova မြေထဲပင်လယ်ထဲက ကျွန်းနိုင်ငံလေးများ ဖြစ်ကြတဲ့ Cyprus နဲ့ Maltaမြောက်ပိုင်းအတ္တလန်တစ်သမုဒ္ဒရာက ဒိန်းမတ်ပိုင်ကျွန်းလေး Faroe Islands တို့ပါ၊နိုင်ငံလေးတွေကလည်း ကမ္ဘာမှာ လူသိနည်းပါးလှပြီး အကျယ်အဝန်းကလည်း တနိုင်ငံလုံးကမှ တချို့ဆို မြို့ကြီးတမြို့စာလောက်သာရှိပြီး တကယ့်ကို နိုင်ငံပိစိသေးသေးလေးတွေပါ၊အဲဒီ နိုင်ငံလေးတွေဟာ ဥရောပဘောလုံးလောကမှာ အောက်ဆုံးအဆင့် ဖြစ်နေရုံမျှမက သူတို့ရဲ့ ဘောလုံးကွင်းတွေကလည်း ပြိုင်ပွဲကြီးတွေ အိမ်ကွင်းလုပ် လက်ခံကျင့်ပနိုင်တဲ့ အဆင့်မရှိလို့
တခြားကွင်းကောင်းတွေကို အငှားအိမ်ကွင်း လုပ်နေရတာတောင်ရှိပါတယ်၊အဲဒီလို အနေအထားနဲ့ ဥရောပတိုက်ရဲ့ ယူရိုဘောလုံးပွဲကို ဝင်ပြိုင်နေကြတဲ့ နိုင်ငံလေးတွေက ဘောလုံးကွင်းများ အကြောင်းကို နောက်ထပ် အကျယ်ချဲ့ပြီးတော့ ရေးပါအုံးမယ်၊အဲဒီ ၅၄ သင်းမှာ ထူးခြားတဲ့ တသင်းကတော့ အစ္စရေးအသင်းပါ၊ အစ္စရေးဟာ ၁၉၇၄ ခုနှစ်ထိ အာရှတိုက်က အသင်း ဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံရေး စစ်ရေး ပြဿနာများကြောင့် သမုဒ္ဒရာပိုင်းဇုန်မှာသာ ပါဝင်ယှဉ်ပြိုင်ခဲ့ရပါတယ်၊ ၁၉၉၄ ခု နောက်မှာတော့ ဥရောပတိုက်အသင်း
ဖြစ်လာခဲ့ပါတယ်၊ အဲဒါကြောင့် အစ္စရေးအသင်းဟာ ဘောလုံးအဖွဲ့ကြီး (AFC,OFC,UEFA) သုံးဖွဲ့ရဲ့ ပွဲတွေမှာ ပါဝင်ကန်ခဲ့ဖူးတဲ့ တသင်းတည်းသော ဘောလုံးအသင်း ဖြစ်ပါတယ်၊အစ္စရေးအသင်းဟာ တချိန်တုန်းက မောင်ရင်ငတေတို့ ဗမာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ ပြိုင်ဘက်ဟောင်းလည်း ဖြစ်ခဲ့ဖူးပါတယ်၊ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ငါးနှစ်ကျော် ၁၉၆၈ ခုနှစ်က အီရန်နိုင်ငံ Tehran မြို့ Amjadieh Stadium ကစားကွင်းမှာ ဗမာအသင်းက ၁၉၆၄ အာရှချန်ပီယံအစ္စရေးအသင်းကို တဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့ဖူးပါတယ်၊ AFC အာရှဖလားပွဲမှာပါ၊ 


လွမ်းနေရဆဲ အောင်ဆန်းကွင်းရဲ့ ပွဲကြည့်စင်များ (Photo Google)

အဲဒီ အီရန် အာရှဖလားပွဲအတွက် ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အုပ်စုခြေစစ်ပွဲမှာတော့ ၁၉၆၆ အာရှ အိုလံပစ် ချန်ပီယံ ဗမာအသင်းက အိန္ဒိယ ပါကစ္စတန်နဲ့ ကမ္ဘောဒီးယား သုံးသင်းစလုံးကို အနိုင် ရခဲ့ပြီး အုပ်စုဗိုလ်စွဲ တက်လာခဲ့တာပါ၊ ဖလားလုပွဲမှာတော့ နှစ်ပွဲနိုင် (အစ္စရေးနဲ့ ဟောင်ကောင်) တရုတ်တိုင်ပေအသင်းကို သရေကန် အိမ်ရှင် အီရန်အသင်းကိုတော့ ရှုံးခဲ့ရပြီး ပြိုင်ပွဲမှာ ဒုတိယ ချိတ်ခဲ့ပါတယ်၊အခုထိတိုင် အာစီယံအသင်းတွေ တသင်းမှ ဒုတိယ မချိတ်ဖူးသေးပါဘူး၊ဗမာ့လက်ရွေးစင်အသင်းရဲ့ ရွှေခေတ် ဘောလုံးသမိုင်းမှာ အဆင့်မြင့်ဆုံး ရခဲ့ဖူးတဲ့ အောင်ပွဲပါ၊အာရှအိုလံပစ် ခေါ် အာရှအားကစားပွဲမှာတော့ ဘန်ကောက် ၁၉၆၆ ပွဲမှာ အီရန်ကို နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့သလို ၁၉၇၀ ပွဲမှာလည်း ဖိုင်နယ်မှာ တောင်ကိုရီးယားအသင်းနဲ့တွေ့ပြီး ပူးတွဲ ဗိုလ်ဆွဲခဲ့လို့ နှစ်ကြိမ် ဆက်တိုက် ချန်ပီယံ စာရင်းဝင်ခဲ့တာပါ၊မောင်ရင်ငတေ ကြည့်ဖူးခဲ့တာတခု ရှိပါတယ်၊ (ရုပ်ရှင်ရုံမှာ ရုပ်ရှင်မပြမီ နမူနာပြတာကို ကြည့်ခဲ့ဖူးတာ ထင်ပါတယ်) အာရှ ဇုံ (၂) ခြေစစ်ပွဲ ဆိုတာပါ၊ မြူးနစ် ၁၉၇၂ နွေရာသီအိုလံပစ် ခြေစစ်ပွဲ အောင်ဆန်းကွင်းမှာ ကန်ကြတာတွေကို ရုပ်ရှင်ရိုက်ထားတယ် ထင်ပါတယ်၊အဖြူအမည်း တုန်မှုန်ဝါး ဘောလုံးပွဲကို ရုပ်ရှင်ရုံ ပိတ်ကားထက်မှာ ကြည့်ခဲ့ဖူးတာပါ၊ အဲဒီ အချိန်တုန်းကတော့ ရှားရှားပါးပါး ကြည့်ခဲ့ရဖူးတဲ့ ဗမာ့လက်ရွေးစင်အသင်းရဲ့ ဘောလုံးပွဲပါ၊ အဲဒီ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ခြေစစ်ပွဲမှာ အုပ်စုပထမရပြီး အနောက်ဂျာမဏီ မြူးနစ်ပွဲကို ဝင်ကန်ခွင့် ရခဲ့တဲ့ ဗမာ့လက်ရွေးစင် အသင်းကို ဦးစီးဦးဆောင်ခဲ့သူများကတော့ ဗမာ ဂန္ထဝင်နည်းပြ ဦးစိန်လှိုင် ရယ် အင်္ဂလန် မန်ချက်စတာစီးတီး အသင်းမှာ ၁၉၄၉ ကနေ ၁၉၆၄ ခုနှစ်အထိ ၁၅ နှစ် ကျော် ဂိုးသမားအဖြစ် ပွဲပေါင်း ငါးရာကျော် ကစားခဲ့ဖူးသူ ဂျာမန်လူမျိုး နည်းပြဆရာ Bert Trautmann တို့ ဖြစ်ကြပါတယ်၊ 
 

 Olympiastadion München 2011 (ဓါတ်ပုံ မရငတ)


မြူးနစ် ၁၉၇၂ ပွဲ အုပ်စု (ခ) မှာ သုံးပွဲကန်ခဲ့ရပြီး လာမယ့် ကမ္ဘာ့ဖလား ၂၀၁၈ ရဲ့ အိမ်ရှင် အသင်း ဖြစ်တဲ့ ရုရှား (အဲဒီတုန်းကတော့ ပထမအကြိမ် ၁၉၆၀ ပြင်သစ်ဥရောပဖလားပွဲရဲ့ ချန်ပီယံ ဆိုဗီယက် ယူနီယံအသင်း) နဲ့ ပြီးခဲ့တဲ့ ဘရာဇီး ၂၀၁၄ ပွဲမှာ ခြေစွမ်းပြသွားတဲ့ မက္ကစီကိုအသင်း တို့ကို တဂိုး ဂိုးမရှိနဲ့သာ ရှုံးနိမ့်ခဲ့ပြီး အာဖရိက ဆူဒန်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်၊ အုပ်စုက မတက်ပေမယ့် အသန့်ရှင်းဆုံးဆု Fair Play Award ကို ရယူနိုင်ခဲ့တာပါ၊
အဲဒီလို  ၁၉၆၆ ဘန်ကောက်အာရှအားကစားပွဲ (အာရှအိုလံပစ်) အီရန်ကိုနိုင်ပြီး ချန်ပီယံ၊ ၁၉၆၈ အာရှဖလားမှာ ဒုတိယ၊ ၁၉၇၀ ဘန်ကောက်အာရှအားကစားပွဲ တောင်ကိုရီးယားနဲ့ ပူးတွဲချန်ပီယံ၊ ၁၉၇၂ မြူးနစ် နွေရာသီအိုလံပစ်မှာ အသန့်ရှင်းဆုံးဆုများ ရရှိခဲ့ပြီး ရွှေရောင်တောက်ပတဲ့ခေတ် ဖြစ်ခဲ့ပါတယ်၊ မောင်ရင်ငတေတို့ ဗမာနိုင်ပြီ သီချင်းကို အလွတ်ရခဲ့တာ အဲဒါကြောင့်ပါ၊ အဲဒီ မြူးနစ်ပွဲမှာ ကန်ခဲ့တဲ့ ဘောလုံးသမား အဟောင်းကြီးတွေ  တချို့ အသက်ထင်ရှား ရှိနေပါ သေးတယ်၊ ဒါပေမယ့် သူတို့ရဲ့ မှတ်တမ်းများကတော့ ရှားပါးလွန်းလှပါတယ်၊ အဲဒီလို ရုရှားနဲ့ အစ္စရေးအသင်းတို့ဟာ ဗမာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ တရားဝင် ကန်ခဲ့ဖူးတဲ့ ဥရောပ အသင်းနှစ်သင်းအဖြစ် စာရင်းဝင်ခဲ့တဲ့ သမိုင်းမှတ်တမ်းက ဒီကနေ့ အနှစ်လေးဆယ်ကျော် ကြာခဲ့သည်အထိ ဒီအတိုင်းကနေ ထူးခြား မလာခဲ့တော့ပါဘူး၊ အခုအခါမှာတော့ အစ္စရေးအသင်းဟာ ဥရောပမှာ အလယ်အလတ်အဆင့်ရှိတဲ့ အသင်းတသင်း ဖြစ်နေပါပြီ၊ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်အသင်းကြီးကတော့ ကမ္ဘာကိုလွှမ်းမိုးဖို့ ကြိမ်းဝါးနေဆဲပေါ့၊

၁၉၆၀ ခုနှစ် ပထမဆုံး ဥရောပချန်ပီယံ ဆိုဗီယက်ယူနီယံ (Photo Google)


ပထမဆုံးအကြိမ်မြောက် ယူရိုပွဲမှာတော့ ဥရောပရဲ့ နာမည်ကျော် အကောင်းဆုံးအသင်းများ ဖြစ်ကြတဲ့ အင်္ဂလန်တို့ အီတလီတို့ အနောက် ဂျာမဏီ တို့လို အသင်းကြီးများ ဝင်ရောက်ပြိုင်ကြခြင်း မရှိခဲ့ကြပါဘူး၊ အဲဒါကြောင့် နောက်ဆုံးလေးသင်းအဆင့် ဆီမီးဖိုင်နယ်မှာ အဲဒီအချိန်က ဆိုရှယ်လစ် နိုင်ငံကြီးများ ဖြစ်ကြတဲ့ ဆိုဗီယက်ယူနီယံရယ် ယူရိုစလာဗီးယားရယ် ချက်ကိုစလိုဗာကီးယားနဲ့ ပြိုင်ပွဲကို ကမကထလုပ်သူ အိမ်ရှင် ပြင်သစ်အသင်းတို့ ရောက်ရှိခဲ့ကြပြီး နာမည်ကျော် ဂိုးသမား Lev Yashin လက်ဗ်ယာရှင် (၁၉၂၉-၁၉၉၀) ဦးဆောင်ပါဝင်ခဲ့တဲ့ ဆိုဗီယက်ယူနီယံအသင်းက ပထမဆုံး ဥရောပချန်ပီယံအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တာပါ၊ယူရိုပွဲ သမိုင်းတလျှောက်မှာ အအောင်မြင်ဆုံး အသင်းများကတော့ သုံးကြိမ်စီ ရခဲ့ဖူးတဲ့ ဂျာမဏီ (၁၉၇၂-၁၉၈၀-၁၉၉၆) နဲ့ စပိန် (၁၉၆၄-၂၀၀၈-၂၀၁၂) တို့ဖြစ်ပါတယ်၊
နှစ်ကြိမ်ရခဲ့ဖူးတာကတော့ ပြင်သစ် (၁၉၈၄-၂၀၀၀) ဖြစ်ပါတယ်၊ဆိုဗီယက်ယူနီယံ (၁၉၆၀) အီတလီ (၁၉၆၈) နယ်သာလန် (၁၉၈၈) ဒိန်းမတ် (၁၉၉၂) ဂရိ (၂၀၀၄) နဲ့ ချက်ကိုစလိုဗာကီးယား (၁၉၇၆) တို့က တကြိမ်စီ ချန်ပီယံ ဖြစ်ခဲ့ဖူးတာပါ၊လက်ရှိ ချန်ပီယံကတော့ အခုနှစ် ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ ခွက်ခွက်လန်အောင် ရှုံးသွားခဲ့တဲ့ Tiqui-taca စပိန်အသင်း ဖြစ်ပါတယ်၊ စပိန်တို့ရဲ့ Tiqui-taca စနစ်ကတော့ လာမယ့်ပြင်သစ်မြေမှာ ဘယ်လို အခြေအနေ ရှိလာမယ်ဆိုတာကိုတော့ စောင့်မျှော် ကြည့်ရအုံးမှာပါ၊


 Michel François Platini (Photo MN Google)

ကျင့်ပပြီးစီးခဲ့တဲ့ ယူရိုပွဲ ၁၄ ကြိမ်မှာ ပြင်သစ်အသင်းက နှစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးပါတယ်၊အခုလက်ရှိ UEFA ခေါ် ဥရောပဘောလုံးအဖွဲ့ချုပ်ကြီးရဲ့ ခေါင်းဆောင်ကြီး ဖြစ်နေသူ ပြင်သစ်အသင်း (၁၉၈၈-၁၉၉၂) ရဲ့ နည်းပြဆရာဟောင်း Ballon d’Or ရွှေဘောလုံးဆုရှင် (၁၉၈၄-၁၉၈၅-၁၉၈၆) သုံးကြိမ် ဆက်တိုက်ရဖူးသူ အီတလီ ဂျူဗန်တုစ် ကလပ်အသင်းရဲ့ အလယ်တန်း ကစားသမား ပြင်သစ်ပြည် အရှေ့မြောက်ပိုင်း လူဇမ်ဘူးနယ်စပ်အနီးက တောမြို့လေး တမြို့ဖြစ်တဲ့ Jœuf မြို့မှာ မွေးဖွားခဲ့တဲ့ အီတလီနွယ်ဖွား ပြင်သစ်နိုင်ငံသား Michel François Platini မီရှယ် ဖရန်ဆွာ ပလာတီနီ (၁၉၅၅-….) ပါ၊ မီရှယ် ပလာတီနီရဲ့ အဖိုးဖြစ်သူက အီတလီပြည် Novara မြို့သား အီတလီလူမျိုးတဦးပါတဲ့၊
သူ့ခေတ် သူ့အခါက ဂိုးသွင်းဘုရင်ကြီးဟု အခေါ်ခံခဲ့ရသူ ဖြစ်ခဲ့သလို ကျင့်ပပြီးစီးခဲ့တဲ့ ယူရိုပွဲ ၁၄ ကြိမ်မှာ သွင်းဂိုး အများဆုံး စံချိန် တင်ထားသူ ယူရို ၁၉၈၄ မှာ  ငါးပွဲကစားပြီး ကိုးဂိုး သွင်းခဲ့သူ ပလာတီနီ ကပ္ပိတိန်အဖြစ် ဦးဆောင်ပါဝင် ကစားခဲ့တဲ့ ၁၉၈၄ ခုနှစ်မှာ အိမ်ရှင် ပြင်သစ်တို့ ပထမဆုံးအကြိမ် ဗိုလ်စွဲ အနိုင်ရခဲ့ဖူးတာပါ၊


 Didier Deschamps (ဓါတ်ပုံ မရငတ)

ဒုတိယအကြိမ် ဗိုလ်စွဲခဲ့တာကတော့ “ဒက်ချမ့်” လို့ ရွှေပြည်တော်သားတွေ အသိများတဲ့ ၂၀၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ လက်ရှိ နည်းပြဆရာဖြစ်သူ Didier Deschamps ဒိဒီယေ ဒေရှောင့် (၁၉၆၈-….) ကပ္ပိတိန်လုပ်ခဲ့တဲ့ ယူရို ၂၀၀၀ ပွဲမှာပါ၊
သူနည်းပြလုပ်ခဲ့တဲ့ ပြင်သစ်အသင်းဟာ ဘရာဇီး ၂၀၁၄ ပွဲမှာ အခြေအနေ မဆိုးခဲ့တော့ စာချုပ်အရ ဆက်လက်ပြီးတော့ ပြင်သစ်အသင်းနဲ့အတူ ယူရို ၂၀၁၆ ပွဲအထိ ရှိနေဖို့ များပါတယ်၊ဒေရှောင့်က ပြင်သစ်တောင်ပိုင်း စပိန်နယ်စပ်နားက Euskal Herria ခေါ် Pays Basque (Basque Country) ဒေသရဲ့မြို့တော် Bayonne သားတဦးပါ၊ ဘာယွန်မြို့က ထွက်ခွာသွားတာကြာပြီဖြစ်လို့ သူကတော့ ဘာယွန်မြို့ အကြောင်းကို ခပ်မေ့မေ့ ဖြစ်နေပါပြီတဲ့၊ပြင်သစ်ပရိသတ်က အတိုကောက် အနေနဲ့ “ဒေဒေ” လို့ခေါ်ကြတဲ့ ဒိဒီယေဒေရှောင့်ဟာ ပြင်သစ်ရဲ့ အိုလံပစ်မားဆေးလ် အီတလီရဲ့ ဂျူဗန်တုစ် အင်္ဂလန်ရဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကွင်းလယ်ခံစစ် ကစားသမားတဦး အဖြစ်က စား ခဲ့တာပါ၊  


 ဇီဒန်းရဲ့ နာမည်ကျော် နှုတ်ဆက်ခေါင်းတိုက်ချက် (ဓါတ်ပုံ မရငတ)


ပြင်သစ်အသင်းခေါင်းဆောင် ဒေရှောင့်နဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို၂၀၀၀ ပြိုင်ပွဲများမှာအထူးနာမည်ကြီးခဲ့ပြီး ဒီကနေ့ထိ လူသိများသူကတော့ Zinédine Zidane ဇီဒန်း (၁၉၇၂-….)  ခေါ် နာမည်ကျော် ခေါင်းတိုက်ဝိဇ္ဖာ Zizou ပါ၊ ဇီဇူးကို ပြင်သစ်တောင်ပိုင်းမြို့တော် Marseille မြို့မှာ ပြောင်းရွှေ့အခြေစိုက်နေထိုင်တဲ့ အယ်ဂျီးရီးယန်း မိဘနှစ်ပါးမှ မွေးဖွားခဲ့ပြီး ပြင်သစ် အယ်ဂျီးရီးယား နှစ်နိုင်ငံသား ဖြစ်ပါတယ်၊ ဘောလုံးကန်တော့ ပြင်သစ်နိုင်ငံသားအဖြစ် ကန်ခဲ့ပါတယ်၊သူတို့နှစ်ဦးနဲ့အတူ ပြင်သစ်အသင်းဟာ ကမ္ဘာချန်ပီယံ ဥရောပချန်ပီယံ ဖြစ်ခဲ့ပြီး နာမည်ကျော်ခဲ့တာအခုဆိုရင် နှစ်ပေါင်း ဆယ့်လေးငါးနှစ် ရှိခဲ့ပါပြီ၊ မောင်ရင်ငတေတို့ ရောက်ပြီးကတည်းက ဆိုပါစို့၊အခုတကြိမ်မှာတော့ အိမ်ရှင်ဖြစ်သူ ချန်ပီယံဖြစ်သူ အသင်းတွေအတွက် အကြောပေးစဉ်းစားခံရတဲ့ အခွင့်အရေးက ဘရာဇီးအသင်းနဲ့ စပိန်အသင်းတို့နဲ့အတူ မှေးမှိန်လျော့ကျသွားခဲ့ရပါပြီ၊အိမ်ရှင်ဖြစ်တဲ့ ပြင်သစ်၊ ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံ ဂျာမဏီ၊ နှစ်ထပ်ကွမ်း ဥရောပချန်ပီယံ (ဘရာဇီး ချန်ပီယံပြုတ်) စပိန်တို့ အတွက်လည်း သိပ်ချောင်တော့မှာ မဟုတ်တဲ့ပွဲပါ၊
 

 ယူရို ၂၀၁၆ မြို့များ (Photo Google)

သက်ဆိုင်ရာနိုင်ငံတွေမှာ အုပ်စုခြေစစ်ပွဲတွေကို ကစားဖို့ ပြင်ဆင်နေကြသလို ယူရို ၂၀၁၆ ပွဲကြီးကိုလက်ခံကျင့်ပကြမယ့် ပြင်သစ်ကွင်းကြီးတွေကိုလည်း ပြင်ဆင်နေကြပါပြီ၊ မောင်ရင်ငတေတို့ရဲ့ ပါရီမှာတော့ ကွင်းဟောင်းတွေဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲ့ နံပတ်တစ်ကွင်းဖြစ်တဲ့ Stade de France နဲ့ Paris Saint-Germain F.C. (PSG) အသင်းရဲ့ အိမ်ကွင်း Parc des Princes မှာသာ ကန်ကြမှာပါ၊ Stade de France ကွင်းက ပါရီမြို့မြောက်ဘက် Charles de Gaulle (CDG) ရှားလ်ဒဂိုလ်းလေဆိပ် အနီးမှာ တည်ရှိပြီး PSG အသင်းရဲ့ အိမ်ကွင်းကတော့ ပါရီမြို့ အနောက် တောင်ဘက်က သူဋ္ဌေးရပ်ကွက် (၁၆ ရပ်ကွက်) အစွန်းမှာ တည်ရှိပါတယ်၊ ၁၉၉၈ ကမ္ဘာ့ဖလားပွဲမှာ စဖွင့်ခဲ့တဲ့ Stade de France ကွင်းက ပရိသတ် ရှစ်သောင်းကျော်ဆန့်ပြီး ပါရီမြို့ရဲ့ သက်တမ်းရှည် PSG ကွင်းကတော့ ၁၈၉၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ပွဲကြည့်သူ လေးသောင်းခွဲ ဆန့်ပါတယ်၊ ဖွင့်ပွဲနဲ့ ဖိုင်နယ်ပွဲကိုတော့ Stade de France ကွင်းမှာ ပြုလုပ်မှာပါ၊ ဘောပွဲတပွဲကြည့်ရဖို့က လက်မှတ်ဈေးနှုန်းအရရော တပွဲတလေသာ ကြည့်ဖို့ လက်မှတ်က ဝယ်ရဖို့ မလွယ်ကူတာကြောင့် ကွင်းထဲသွားကြည့်ဖို့ စပွန်စာကိုတော့ မောင်ရင်ငတေ ရအောင်ရှာရအုံးမှာပါ၊

 ယူရို ၂၀၁၆ မှာ ကန်မယ့် ဘောလုံး (Photo Google)

ကြော်ငြာလုပ်ငန်းကြီးတွေနဲ့ မီဒီယာကြီးတွေကလည်း ခပ်မြတ်မြတ်လေး ရနိုင်ဖို့ အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြပါပြီ၊ အဲဒီပွဲမှာ ကန်ကြမယ့် ဘောလုံးကတော့ ထုံးစံအတိုင်း Adidas တံဆိပ် ခပ်နှိပ် ထားတဲ့ ဘောလုံးဖြစ်ဖို့ များပါတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် မောင်ရင်ငတေတို့လို ပရိသတ်တွေကလည်း ကိုယ်အားသန်ရာ အသင်းတွေကို အားပေးကြရအုံးမှာ ဖြစ်သလို ကန်ကြမယ့် သူတွေကလည်း အနိုင်ရရှိဖို့ ပြင်ဆင်နေကြပါပြီ၊

အဲဒါကြောင့် စက်တင်ဘာလလယ်ကနေ စတင်ကန်ကြတော့မယ့် တနှစ်ကျော်ကြာ ခြေစစ်ပွဲတွေကို ကြည့်ရှုကြရင်းနဲ့ ယူရို ၂၀၁၆ ပွဲကြီးရဲ့ Le Rendez-Vous ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ၂၀၁၆ ခုနှစ် ဇွန်လမှာ တွေ့ဆုံကြပါစို့လို့ ပြောကြားရင်း ……….၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

3 thoughts on “မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ
  1. မောင်ရင်ငတေ စက်ဖတ်ပရိတ်သတ်ပါ။ ဘောလုံးလဲ ဝါသနာနဲ့ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ နေထိုင်နေတဲ့ ပြင်သစ်နိုင်ငံ Euro 2016 မှာ ပွဲများစွာကြည့်နိုင်ပါစေ..။

  2. ကျေးဇူး အထူး တင်ပါတယ် ကိုမောင်ဇော် ခင်ဗျား ….
    နောက်ဆက်တွဲတွေ ဆက်ရေးဖို့ ကြိုးစားပါအုံးမယ် ……

Comments are closed.